လှုပ်ရှားမှု ပုံရိပ်များ
ပိဋကတ်သုံးပုံ တို့နှင့်ပတ်သက်၍ “အဟောင်းစု အသစ်ပြု” ဟူသော ရည်ရွယ်ချက်အတိုင်း ရှေးဟောင်းကျမ်းစာတွေ ပြန်လည်ဖော်ထုတ်
ပညာဘူမိတက္ကသိုလ်၏ ရည်ရွယ်ချက် (၅)ရပ်ထဲမှ ပိဋကတ်သုံးပုံ စာပေကျမ်းဂန်တို့နှင့်ပတ်သက်၍ “အဟောင်းစု အသစ်ပြု” ဟူသောရည်ရွယ်ချက်အတိုင်း ရှေးဟောင်းကျမ်းစာတွေပြန်လည်ဖော်ထုတ်ရန် ပါမောက္ခချုပ်ဆရာတော်ကြီး၏ဆန္ဒကို ပါဝင်အားဖြည့်ကူညီကြရန် စာချ ဆရာတော်များမှ ပါဝင်ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။
တိမ်မြုပ်ပျောက်ကွယ်နေသော တိမ်မြုပ် ပျောက်လုနီးပါးဖြစ်နေသော မြန်မာနိုင်ငံဖြစ် ပါဠိကျမ်းစာများ မြန်မာနိုင်ငံရောက်ရှိပြီး ပါဠိကျမ်းစာများ, မူရင်း သက္ကတဘာသာမှ ပါဠိပြန်ဆိုသော ကျမ်းစာသစ်များပေါ်ထွက်စေရန် ရည်သန်၍ ပြုလုပ်သည့် အစီအစဉ်များထဲမှ ဆောင်ရွက်မှုတစ်ခုအဖြစ် ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် စာချဆရာတော်တို့တွေ့ဆုံ၍ ကျမ်းများ ပြုစုလျှက်ရှိသည်။
အဆိုပါ ဆောင်ရွက်ကြိုးပမ်းမှုတို့ကို ဆရာတော် အရှင်ဂန္ဓသာရ မှတ်တမ်းပြု ရေးသားပူဇော်ထားသည်ကို ဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
၁၀/၀၄/၂၀၂၂
ပါချုပ်ဆရာတော်နှင့် ဒီပါအေးဆရာတော်တို့သည်စစ်ကိုင်းမှာ သီတင်းသုံး နေထိုင်စဥ်ကတည်းက သိကျွမ်းရင်းနှီးတော်မူခဲ့ကြသည်။
ပါချုပ်ဆရာတော်၏ နောင်တော်ကြီးနှစ်ပတ်လည်ပွဲမှာ စစ်ကိုင်းရောက်ရှိနေခိုက် ပါချုပ်ဆရာတော်မှ ဒီပါအေးဆရာတော်နှင့် မဟာမင်းထင်-စာချဆရာတော်တို့ကို ခေါ်ယူတွေ့ဆုံတော်မူခဲ့ပါသည်။
ပါချုပ်ဆရာတော် တည်ထောင်ဖွင့်လှစ်တော်မူမည့်
“ပညာဘူမိတက္ကသိုလ်”နှင့် တက္ကသိုလ်ရည်ရွယ်ချက်
(၅)ရပ်ထဲမှ ပိဋကတ်သုံးပုံစာပေကျမ်းဂန်တို့နှင့်ပတ်သက်၍ ” အဟောင်းစု အသစ်ပြု” ဟူသောရည်ရွယ်ချက်အတိုင်း ရှေးဟောင်းကျမ်းစာတွေ ပြန်လည်ဖော်ထုတ်ချင်သည့် ပါချုပ်ဆရာတော်ကြီး၏ဆန္ဒကို ပါဝင်အားဖြည့်ကူညီကြရန် (၂ )နာရီကြာမျှ တွေ့ဆုံမိန့်ကြားတော်မူခဲ့သည်။
ပညာဘူမိတက္ကသိုလ်
လွန်ခဲ့သောနှစ်ပေါင်း လေးငါးရာကျော်က တည်ထောင်ခဲ့ကြတဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိနှင့် သူတို့ရေးသားခဲ့ကြသည့် စာအုပ်တွေ တစ်နေရာထဲမှာ လေ့လာဖတ်ရှုနိုင်အောင် ကမ္ဘာကျော် စာကြည့်တိုက်ကြီးတွေ တည်ထောင် ဖန်တီးခဲ့ကြတယ်။ မြန်မာနိုင်ငံအဝှမ်းမှာ ပါဠိသဒ္ဒါကျမ်းများ ဂဏ္ဌိကျမ်းများဋီကာကျမ်းများ ရေးသားပြုစုတော်မူခဲ့ကြပြီး လူသိနည်းပါးသည့် ကျမ်းပြုအကျော်ဆရာတော်ကြီးများ ပေါ်ထွန်းခဲ့ကြသည်။
ဆရာတော်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် သူတို့ရေးသားထားခဲ့သည့် ရှေးဟောင်းကျမ်းစာအုပ်များ ပြန်လည်ဖော်ထုတ်၍ “ပညာဘူမိတက်ကသိုလ်၌ကမ္ဘာ့အဆင့်မှီ စာကြည့်တိုက်အဖြစ် ပုံဖော်ထားရှိဖို့ပါချုပ်ဆရာတော်မှ စိတ်ဆန္ဒပြင်းပြတော်မူလျက်ရှိသည်။
နိုင်ငံအဝှမ်း တည်ထောင်ဖွင့်လှစ်ထားသည့် တက္ကသိုလ် (၃၀)ကျော်ထဲမှ ပါချုပ်ဆရာတော်၏ ပညာဘူမိတက္ကသိုလ်နှင့် “အဟောင်းစု အသစ်ပြု” မည့်ရည်ရွယ်ချက်သည် အများနှင့်မတူ တမူထူးခြားသည့် ရည်ရွယ်ချက်တစ်ခုဖြစ်သည်။
ပါချုပ်ဆရာတော်၏ ပညာဘူမိတက္ကသိုလ် သာသနာပြုစီမံကိန်း ရည်ရွယ်ချက်ကို အကောင်ထည်ဖော်ရန် ဒီပါအေးဆရာတော် ဦးဆောင်သောစာချဆရာတော် (၅)ပါးမှ ကျမ်းတစ်ကျမ်းစီ အသီးသီးတာဝန်ယူလျက် ဝိုင်းဝန်းကူညီ၍ အားဖြည့်ခဲ့ကြသည်။
၁။ ဒီပါအေးဆရာတော်
ပါချုပ်ဆရာတော် တာဝန်ပေးအပ်သည့် လယ်တီဆရာတော်၏ “ပရမတ္ထဝိသောဓနီဋီကာ”ကျမ်းစာအုပ်ရှာမတွေ့နိုင်တော့သည်ဖြစ်၍ “သီမာလင်္ကါရဋီကာ”ကို ပေမူမှ တည်းဖြတ်ပြင်ဆင် သုတ်သင်၍ စာအုပ်အဖြစ် ပုံဖော်ဖန်တီးရန်
၂။ မဟာမင်းထင်-စာချဆရာတော်
နျာသသဒ္ဒါကျမ်းများ၏ အဖွင့်ဖြစ်သော “နိရုတ်တိသာရမဉ်ဇုသာဋီကာ” (နြာသဋီကာ)ကိုသုတ်သင် တည်းဖြတ်ရန်
၃။ ချမ်းသာကြီးဆရာတော်
ရခိုင်ဆရာတော်တစ်ပါး ရေးသားတေယ်မူခဲ့သည့်”ဆန်းအဖွင့်ကျမ်း “ကဝိသာရဋီကာ”ကို ချမ်းသာကြီးဇမ္ဗူထိန်လင်းဆရာတော်မှ တည်းဖြတ်ပြင်ဆင်ရန်
(ဤကျမ်းကို ဒီပါအေးဆရာတော်၏ လမ်းညွှန်မှုဖြင့်ရန်ကုန်တက္ကသိုလ် ပေစာဌာနသို့သွားပြီး ပေမူမှလက်ရေးမူ ကူးယူခဲ့သည်)
၄။ ဒေါက်တာသိရိန္ဒ(ရှိုမ္မကား)
ပရမတ္ထဝိသောဓနီ-ကျမ်းကို တည်းဖြတ်သုတ်သင်ပြင်ဆင်ရန်
၅။ စစ်ကိုင်း မဟာဂန္ဓာရုံဆရာတော်
ယောမင်းကြီးရေးသားသည့် သဒ္ဒသင်္ဂဟ-ကျမ်းကိုတည်းဖြတ်သုတ်သင်ပြင်ဆင်ရန်
ဤကဲ့သို့ စာချဆရာတော် (၅)ပါးမှ ပါချုပ်ဆရာတော် တည်ထောင်ဖွင့်လှစ်တော်မူမည့် ပညာဘူမိတက္ကသိုလ်၏ “အဟောင်းစု အသစ်ပြု” မည့်သာသနာပြု လမ်းစဥ်အတွက် ဝိုင်းဝန်းကူညီ အားဖြည့်ကြ၍ ပေးအပ်လာသည့်တာဝန်ကို အသီးသီးထမ်းဆောင်လျက်ရှိကြသည်။
®အရှင်ဂန္ဓသာရ မှတ်တမ်းပြုရေးသားပူဇော်သည်။
https://www.facebook.com/www.upyinnyarnanda
ဖြည့်စွက်ချက်။ ။ စိန်ရတနာဆရာတော် ဦးသာသနဝရ ဂန္ထာဘရဏ စာကိုယ် ဋီကာကျမ်းများကို သုတ်သင်တည်းဖြတ်လျက်ရှိသည်။
(ဖြည့်စွက်ဖေါ်ပြချက်)
ဓမ္မသဘင်အဖွဲ့
၁၀/၀၄/၂၀၂၂