ဆောင်းပါးများ
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဟော ကြား
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဟော ကြား ဆုံးမသည့်
🔹အလှူအတန်းပြုလုပ်ရာမှာ လှူသူနဲ့ အလှူခံ ပုဂ္ဂိုလ် ဘယ်သူ အရေးပိုကြီးသလဲ?
🔹ဒါနကုသိုလ်ဆိုတာဘာလဲ?
🔹တိုက် နဲ့ အိမ်နဲ့ ချမ်းသာတဲ့ အိမ်မှာ လူဖြစ်သူနဲ့ ဆင်းရဲတဲ့ တဲပုတ် မှာ လူဖြစ်သူကို ဘယ်သူကရွေးချယ်ပေးတာလဲ? 🔹ဘုရားသခင်က ဖန်ဆင်းတယ် ဆိုရင် ဘာကြောင့် ကမ္ဘာမှာ ဆင်းရဲတဲ့သူတွေ များနေတာလဲ?
🔹သီလမရှိတဲ့ပုဂ္ဂိုလ်ကို မလှူရဘူးဆိုတာ ဟုတ်သလား?
🔹ဗုဒ္ဓဘာသာ ဝင်ဖြစ်လို့ အများစု ဆင်းရဲကြသလား?
🔹ဘာသာ ပြောင်းရုံနဲ့ စီးပွါးဖြစ် ချမ်းသာသွားမလား ?
🔹ဗေဒင်မေး ယတြာချေရုံ ဆုတောင်းရုံနဲ့ စီးပွါးတက်မလား?
🔹မြတ်စွာဘုရား ဟောကြားတဲ့ စီးပွါးတိုးတက် အောင်လုပ်နည်း အစရှိတဲ့ မေးခွန်းများကို ၁၄/၀၄/၂၀၂၂ သင်္ကြန်တွင်းကာလ အတွင်း ပြင်ဦးလွင် ဓမ္မသဟာယသာသနစင်တာအတွင်း ဆရာတော်ဘုရားကြီးထံသို့ လာရောက်ဖူးမျော်ကြသည့် တရားနာ ဧည့်ပရိတ်သတ် အား ဆရာတော်ကြီး က ဟောကြားဆုံးမ ထားရှိသည့်အဆုံးအမဩဝါဒအား ဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
၂၄/၀၇/၂၀၂၂
⭐️⭐️🔹🔹⭐️⭐️🔶
အပြစ်ကင်းတဲ့အလုပ်ဆိုတာ သူ့ကြောင့် တစ်စုံတစ်ခု ဖြစ်ပေါ်လာမယ်၊ အဆိုးတရားမရှိဘူး၊ အကောင်းတရားပဲရှိမယ်။ လောကမှာ အပြစ်ကင်းတဲ့အလုပ်နဲ့ အပြစ် မကင်းတဲ့အလုပ်ရှိတယ်။ အပြစ်မကင်းတဲ့အလုပ် လုပ်မိလို့ရှိရင် အဲဒီအလုပ်ကအကျိုးသက်ရောက်လာတဲ့အခါမှာ ဆိုးကျိုးကိုပေးတတ်တာ ဒါသဘာဝပဲ ဖြစ်တယ်၊ အဲတော့ကိုယ်လုပ်တဲ့ အလုပ်သည် အပြစ်ကင်းတဲ့အလုပ်ဖြစ်ရဲ့လား၊ အပြစ်ကင်းတဲ့အလုပ်ဆိုကတည်းက ဆိုးကျိုးပေးဖို့မရှိဘူးလို့ ဆိုလိုတယ်ပေါ့။
ဉပမာ – အစားစားတစ်ခုဟာ အင်အားဖြစ်စေတတ်ရုံကလွဲပြီး ဘာမှဆိုးကျိုးကိုမဖြစ်စေတတ်တဲ့ အစားအစာကိုစားလို့ရှိရင် လူ့ရဲ့ ကျန်းမာရေးနေထိုင်ကောင်းမှုဆိုတဲ့ ကောင်းကျိုးကို ဒီအစားစာကဖေါ်ဆောင်ပေးမှာ ဖြစ်တယ်။ မတည့်ဘူးဆိုတဲ့ အပြစ်မကင်းတဲ့အစားအစာမျိုးကိုစားမိရင်တော့ နေထိုင်မကောင်းဖြစ်တာပေါ့ အဲဒီလိုပဲ… အလုပ်တစ်ခု ဟာ အပြစ်ကင်းတဲ့အလုပ်ဆိုရင် ဒီအလုပ်ကြောင့်ဒုက္ခ ရောက်တဲ့ သူမရှိဘူး…
ဒါလည်းလူဘဝရောက်လာလို့ရှိရင်အခြေခံအားဖြင့်ဆင်ခြင်သုံးသပ်ရမယ်….. အပြစ်ကင်းတဲ့အလုပ်လား အပြစ်မကင်းတဲ့အလုပ်လားစဉ်းစားရတော့မှာ…..ဖြစ်တယ်..
အဲတော့ ကုသိုလ်ဆိုတာ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်……
ကုသိုလ်လို့ခေါ်တဲ့အဓိပ္ပါယ်ကအပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာတွေပေးနိုင်တဲ့အလုပ်ကိုဆိုလိုတယ်….အပြစ်ကင်းရုံတင်မဟုတ်ဘူး အကျိုးတရားသက်ရောက်တယ်လို့ဆိုလိုတာ ၊ အကျိုးဆိုတာ ကောင်းကျိုးကို ပေးတယ်…..လို့ဆိုလိုတယ်၊
ဒါနဆိုတာ ဘာကိုခေါ်တာလဲဆိုတော့ – ကိုယ့်ရင်ထဲက လှူချင်တန်းချင်တဲ့စိတ်စွမ်းအားတစ်ခု (စေတနာကို) ဒါနလို့ခေါ် တာပဲ…..
ဒီ…ဘုန်းကြီးတွေ လှူမှ ဒါနမဟုတ်ပါဘူး၊ ကိုယ့်အမေကို ကြည့်ရှူတာ လှူတာပဲဖြစ်စေ၊ ကိုယ့်မိတ်ဆွေတွေကိုပေးတာကမ်းတာပဲဖြစ်စေ၊ ကိုယ့်အချင်းချင်းပေးကြကမ်းကြတာပဲဖြစ်စေ ဒါလဲ ဒါနပါပဲ၊
နောက်ဆုံးမှာ တိရစ္ဆာန်တစ်ကောင်ကိုကျွေးတာ…..ပင်ဖြစ်စေ အခြားစိတ်ရည်ရွယ်ချက်မပါပဲ သနားလို့ စားပါစေဆိုတဲ့ စိတ်နဲ့ကျွေးတာမှန်သမျှဟာလည်း မွန်မြတ် တဲ့ဒါနတွေချည်းပဲ…. ဒါနဆိုတာကတော့ ရင်ထဲ နှလုံးထဲမှာဖြစ်ပေါ်လာတဲ့ သူတစ်ပါကို ပေးကမ်းချင်စိတ်စွမ်းအားကိုပြောတာဖြစ်တယ်
ကွဲပြားခြားနားမှု ဘာကွာလဲဆိုတော့ – ကိုယ်ကျင့်သီလ ကောင်းတဲ့ပုဂ္ဂိုလ်ကိုလှူတယ်၊၊ ကိုယ်ကျင့်သီလ မကောင်းတဲ့ပုဂ္ဂိုလ်ကိုလှူတယ်……ဘယ်သူ့လှူလှူ ဒါနဖြစ်တယ် ကုသိုလ်ရတယ်…..
ဘာနဲ့ဉပမာတူလဲဆိုရင် – မြေညံ့ ပေါ်မှာ၊ မကောင်းတဲ့ မြေပေါ်မှာ စိုက်တဲ့ သစ်ပင်ဟာ အပင်ပေါက်မှာပဲ….
ကောင်းတဲ့ မြေပေါ်မှာစိုက်လဲသစ်ပင်ဟာ ပေါက်မှာပဲ ၊ ဘယ်နေရာကျတော့ကွာလဲဆိုတော့အသီးသီးတဲ့အချိန် မှာ တော့ (သို့မဟုတ်) အပင်ဖွံ့ထွားမှုနဲ့ပတ်သက်လို့ကျတော့ မကောင်းတဲ့မြေ၊မြေညံ့တယ်ဆိုရင် သစ်ပင်ဟာ လှီမယ် ၊ အသီးလဲ နည်းနည်း ပါးပါ ပဲသီးမယ်၊ အပွင့်လဲ နည်းနည်းပဲပွင့်မယ် အဲ့မှာပဲကွာမယ် ၊အပင်ရတာချင်းတော့ ကတော့..တူတူပဲ –
အဲတော့သီလမရှိတဲ့ပုဂ္ဂိုလ် ကို- ကိုယ်ဟာ လှူတယ် တန်းတယ်ဆိုရင်လဲ ၊ ဒါနကောင်းမှုဖြစ်တာပဲ၊
သီလရှိတဲ့ပုဂ္ဂိုလ် – လှူတဲ့အခါကြတော့ မြေကောင်းပေါ်မှာစိုက်ရသလို၊ ကိုယ့်ရဲ့အသီးနှံဟာဖွံ့ဖြိုးတယ် တိုးတက်တယ် ၊ ပိုပြီးအသီးများတယ်ပေါ့ဗျာ။ မြေနဲ့ဉပမာပေးရရင်အဲ့ဒီလိုတော့ကွာခြားမှုရှိတယ်၊
သို့သော် မိမိရင်ထဲက ဒါနစွမ်းအား၊ စိတ်စေတနာ အလွန်ကြီးမားပြီဆိုရင် တော့ ရင်ထဲကသဒ္ဓါ ဟာ စွမ်းဆောင်မှုခြင်းကွာသွားတယ်…..
သာမာန်ပုဂ္ဂိုလ်ကို လှူုဒါန်းရတဲ့ ရင်ထဲကသဒ္ဓါနဲ့ ၊ ကိုယ်လှူချင်တဲ့ ပုဂ္ဂိုလ် ကို လှူရတဲ့ ရင်ထဲက သဒ္ဓါကမတူတတ်ဘူးလေ၊ အဲ့ဒီမတူကွဲပြားမှုကလဲ အကျိုးပေးတဲ့အခါမှာကွဲပြားသွား တာ…. ဘယ်သူကမှခွဲတာမဟုတ်ဘူး….
တစ်ချို့ကပြောတယ် သီလမရှိတဲ့ ပုဂ္ဂိုလ်ကိုမလှူရဘူးလို့ ၊ အဲ့လိုမဟုတ်ပါဘူးနော်၊ အကျိုးအနည်းအများကိုသာ သတ်မှတ် ထားတာ၊ ဘယ်သူမကောင်းဘူးလို့မပြောဘူး ၊ လှူတာဆိုတာ ဘယ်သူ့လှူလှူ လှူလို့ရတယ်၊
အဓိကထားရမှာ -ဒီလူက လူဆိုးလူကောင်း လား မသိတာအများကြီးလေ၊ ဉပမာ – မြေကြီးနဲ့လုပ်ထားတဲ့ နားတောင်း၊ အပေါ်က ရွှေလေးကွပ်ထားရင်ရွှေနားတောင်းလို့ထင်မှာပဲလေ၊ခွဲကြည့်လိုက်တဲ့အခါမှမြေကြီးတွေပါလာ၊ပေါ်ယံလေး ကောင်းပြီး အတွင်းမကောင်းတာတွေ လောကကြီးမှာ အများကြီးပဲ၊
အရေးကြီးဆုံးက စိတ်ထားတတ်ဖို့ပါ…..အားလုံးကိုစိတ်ထားတတ်ဖို့ပြောပြတာပါ၊ ဘယ်သူ့လှူလှူ၊ ဘယ်မှာလှူလှူ၊ ဒါနကောင်းမှုလုပ်တာဟာ အကျိုးရှိပါ တယ်၊
အဲ့ဒီပုဂ္ဂိုလ်ထက် ပိုပြီး အကျိုးညံ့သွားစေတာက ကိုယ့်ရင်ထဲက စိတ်စွမ်းအားပေါ်မှာမူတည်တယ်၊ ဒါနစေတနာ က ကိုယ့်ရင်ထဲ မှာ ဖြစ်တာ၊ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ဒါနစွမ်းအားအားကောင်းလား ၊ ပျော့ညံ့လား၊ အလယ်အလတ်ပဲရှိလား၊ အဲ့ပေါ်မူတည်ပြီး အကျိုးပေးတာ၊ အလှူခံပုဂ္ဂိုလ် နဲ့ မဆိုင်ဘူး။
ဉပမာတစ်ခု- ဝေဿန္တရာမင်းကြီးက သား/သမီးကိုလှူတယ်၊ လာအလှူခံတာကစူဇကာပုဏ္ဏား၊ ကိုယ်ကျင့် သီလမရှိတဲ့ ပုဂ္ဂိုလ် ၊မိန်းမက ခိုင်းလို့လာတာ ၊ အိမ်မှာခိုင်းစေဖို့ ကလေးနှစ်ယောက်လာတောင်းတာ၊
စူဇကာပုဏ္ဏားဆိုတာ ကိုယ်ကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး၊ ရဟန္တာမဟုတ်ဘူး၊ သူတော်ကောင်း မဟုတ်ဘူး၊ ဒါပေမယ့် ဝေဿန္တရာမင်းကြီးရဲ့ ရင်ထဲကစေတနာက ဘယ်သူပဲဖြစ်ဖြစ်ဆိုတဲ့လှူမယ်ဆိုတဲ့ စိတ်စွမ်းအားက အင်မတန် ကြီးမားတယ် ၊ ဒီကလေးနှစ်ယောက်လှူလိုက်တာ ငလျင်လှုပ်တယ်၊
အရေးကြီးဆုံးက လှူပြီဆိုရင် ကိုယ့်ရင်ထဲက သဒ္ဓါစိတ်ကို ပြင်ဆင်ပြီးတော့ စွမ်းအားကောင်းအောင် ပြင်ပြီးလှူရမယ်၊ အဲ့တာ အကျိုးကြီးနိုင်တယ်၊
တစ်ခါတစ်လေ ကိုယ့်ရင်ထဲကစေတနာဟာ အလှူခံပုဂ္ဂိုလ်ပေါ်အကြောင်းပြုပြီး ညံ့သွားတာရှိတယ်၊ ကောင်းလာ တာ ရှိတယ်၊
မြတ်စွာဘုရားက ဒါယကာတစ်ယောက်ကို အကြံပေးဆုံးမတယ်၊ မှတ်သားစရာသိပ်ကောင်းတယ်… အဲ့ ဒါယကာက သဒ္ဓါတရားသိပ်ကောင်းတယ်၊ ဘုရားကို လျှောက်တယ်၊
“တပည့်တော်ဘုရား ၊ နေ့တိုင်း အိမ်ကြွလာတဲ့ရဟန္တာတွေ အကုန်လှူရတယ်ဘုရားဆိုပြီးလျှောက်” ကြည်ညိုတဲ့စိတ်နဲ့ မြင်မြင်သမျှ အကုန် ရဟန္တာ လို့ထင်နေတာ….ဝါဝါမြင်တိုင်းရဟန္တာလို့ထင်နေတာ…..
အဲ့တော့မြတ်စွာဘုရားကသူ့ကိုဆုံးမတယ်“ရဟန္တာဟုတ်တယ် မဟုတ်ဘူးဆိုတာ မင်း မသိနိုင်ဘူး၊ ဒီလူကောင်းတယ် ဒီလူမကောင်းဘူး၊ ဟန်ဆောင်ပန်ဆောင်တွေကလဲ အများကြီးရှိတယ်လေ လောကကြီးဆိုတာ၊ အပေါ်ယံအခွံကို ကြည့် ပြီး ဆုံးဖြတ်လို့မရ၊ အတွင်းအနှစ် စိတ်ဆိုတာ ကိုယ်သိတာမှ မဟုတ်တာ၊
ငါလှူတာသံဃာအဖွဲ့အစည်းရဲ့ကိုယ်စား သံဃာကိုလှူတယ်ဆိုတဲ့စိတ်နဲ့လှူပါဆိုပြီး မြတ်စွာဘုရားက ဆုံးမတယ်၊ သံဃာဆိုတာတစ်ဦးထဲကိုခေါ်တာမဟုတ်၊အဖွဲ့အစည်းကိုခေါ်တာ၊ မြတ်စွာဘုရားရဲ့တပည့်သာဝက အစဉ်အဆက် အနေနဲ့လှူ၊ အဲ့လိုလှူရင် အလှူခံပုဂ္ဂိုလ်အနေနဲ့ ကိုယ့်အတွက်သဒ္ဒါပျက်စရာမရှိ၊ သူ့ကိုအကြောင်းပြုပြီးတော့ အတိုးအဆုတ်လုပ်စရာမရှိတော့ဘူး၊ သံဃာဆိုတာ အများကိုလှူ တာဖြစ်တော့၊သူဟာသုံးစွဲခွင့်ရှိသွားတာပေါ့နော် အဲတာ မှတ်ထားဖို့ရာတစ်ခုဖြစ်တယ်…..
ကိုယ့်ရင်ထဲက စေတနာစွမ်းအားကို ပြုပြင်ပြီးတော့ လှူတာရယ် နှစ်ဖက် အလှူခံပုဂ္ဂိုလ်ကို ကြည့်ပြီးလှူတာရယ် နှစ်ခုရှိတယ်၊လှူတဲ့ပုဂ္ဂိုလ်ရယ် အလှူခံပုဂ္ဂ်ုလ်ရယ် ဆိုပြီးတော့ ရှိတယ်၊
ဉပမာ မျိုးစေ့နဲ့ပြောမယ်ဆိုရင် ကိုယ်စိုက်တဲ့မျိုးစေ့က
သိပ်ကိုသန်မာတဲ့မျိုးစေ့လား၊ ပိုးထိုးလောက်ကိုက်မျိုးစေ့လားကြည့်၊ ပိုးထိုးလောက်ကိုက်မျိုးစေ့ဆိုရင် အပင်ပေါက်ရင်လည်း သေမှာပဲလေ၊
ကိုယ့်ရင်ထဲကကုသိုလ် စေတနာ က မျိုးစေ့၊ အလှူခံပုဂ္ဂိုလ် က မြေ၊ အလှူခံပုဂ္ဂိုလ်က ညံ့ရင်မြေညံ့၊ ကောင်းရင် မြေကောင်း၊ ကိုယ့်ရင်ထဲက သဒ္ဒါက ပိုးထိုးလောက်ကိုက်ဆိုရင် မြေကောင်းစိုက်လဲသေမှာပဲ၊ မြေညံ့စိုက်လဲ ပိုသေမှာပဲ။ ကိုယ့်ရင်ထဲက သဒ္ဒါ ကခိုင်မာတဲ့ စွမ်းအားရှိတဲ့သဒ္ဒါ ဆိုရင် ဘယ်မြေပဲစိုက်စိုက်ထွားထွားကျိုင်းကျိုင်းဖြစ်မှာပဲ
မြေက အဓိကလား၊ မျိုးစေ့က အဓိကလားဆိုတော့ မျိုးစေ့ကအဓိကဖြစ်သွား တယ်၊
မျိုးစေ့ကအဓိကမှာ ပြင်ဆင်ပေးမယ်ဆိုရင် အများကြီးတိုးတက်သွားမယ်၊ ဘာဆိုလိုတာလဲဆိုတော့ အလှူခံပုဂ္ဂိုလ် နဲ့ လှူတဲ့ပုဂ္ဂိုလ် နှစ်ဦးမှာ စိတ်ထားတတ်ဖို့က ဘယ်သူလဲဆိုရင် လှူတဲ့ပုဂ္ဂိုလ်သာလျှင်ဖြစ်တယ်…
ဘာကြောင့် လှူတဲ့ပုဂ္ဂိုလ်စိတ်ထားတတ်ဖို့လိုလဲဆိုတော့ ဒါနဆိုတဲ့စေတနာက သူ့ရင်ထဲမှာဖြစ်တာ၊ ဟိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တာမဟုတ်ဘူး၊ကိုယ့်ရင်ထဲမှာဖြစ်တဲ့ဟာကို ကိုယ်ထွားကျိုင်းအောင်ကိုယ်လုပ်ဖို့လိုတယ်၊ ကိုယ်တတ်တိုင် တာ ကိုယ်လုပ်။
အဲ့ဒီမှာ မြတ်စွာဘုရားက ဒဏ္ခိဏဝိဘင်ဂသုတ်မှာ ဟောထားတာရှိတယ်၊ လှူ သူ နဲ့ အလှူခံပုဂ္ဂိုလ် နှစ်ခုထားလိုက်၊
၁။ “လှူတဲ့ပုဂ္ဂိုလ်ကိုယ်ကျင့်သီလတရားမကောင်းဘူး ၊ အလှူခံပုဂ္ဂိုလ် ကလည်း ကိုယ်ကျင့်သီလမကောင်းဘူး”
၂။ “လှူတဲ့ပုဂ္ဂိုလ်က ကိုယ်ကျင့်သီလတရားကောင်းတယ်၊ အလှူခံပုဂ္ဂိုလ်က ကိုယ်ကျင့်သီလမကောင်းဘူး”
၃။ “လှူတဲ့ပုဂ္ဂိုလ်က ကိုယ်ကျင့်သီလတရားမကောင်းဘူး၊ အလှူခံပုဂ္ဂိုလ်က ကိုယ်ကျင့်တရားကောင်း”
၄။ “လှူတဲ့ပုဂ္ဂိုလ် ရော အလှူခံပုဂ္ဂိုလ်ရော နှစ်ဦးလုံးကိုယ်ကျင့်သီလရှိတယ် ကိုယ့်ကျင့်တရားကောင်းတယ်။
အဲဒီ (၄) မျိုးရှိရာမှာ လှူသူရော၊ အလှူခံပုဂ္ဂိုလ်ရော နှစ်ဦးလုံး ကိုယ်ကျင့်သီလ ရှိတဲ့ ဒါနကုသိုလ်က အကောင်းဆုံး ပဲလို့ပြောရမယ်။
လှူသူက သီလရှိတယ် အလှူခံပုဂ္ဂိုလ် က သီလမရှိရင် လှူသူဘက်က ကောင်းစားနိုင်တယ်၊ တစ်ခြမ်းပဲ့ဖြစ်တယ်..
လှူသူက သီလမရှိဘူး အလှူခံက သီလရှိတယ် ဆိုရင် လည်းတစ်ခြမ်းပဲ့ ပဲ…. ကောင်းတဲ့ဘက်ကိုအကြောင်းပြုပြီး အကျိုးတရားတော့ရမယ်၊ သီလရှိသူဘက်က အကျိုးပေးလိမ့်မယ်…သီလမရှိသူဘက်ကိုအသာထားလိုက်….
နှစ်ဘက်စလုံး သီလမရှိကိုယ်ကျင့်တရားမကောင်းရင်တော့ ညံ့သွားပြီ၊ ကောင်းဖို့သိပ်မရှိဘူး ၊ ဒါပေမယ့် အလကားတော့မဖြစ်ဘူး၊ အထိုက်အလျောက်တော့ ရှိတယ်၊
အလယ်နှစ်ခုကို ထပ်ရွေးကြည့်မည် – အဲ့နှစ်ခုမှာဆိုရင် လှူသူက သီလရှိဖို့ပိုအရေးကြီးသွားတယ်….
ဘာကြောင့်လဲဆိုရင် – ဒါန ဆိုတဲ့စေတနာသည် လှူသူရဲ့ သန္တာန်မှာဖြစ်တာ အလှူခံတဲ့ပုဂ္ဂိုလ်မှာဖြစ်တာမဟုတ်ဘူး၊
အဲတော့ ကိုယ့်ရင်ထဲဖြစ်တဲ့ဒါနဟာ ကောင်းစားချင်ရင် ကိုယ်သီလရှိဖို့ပဲ…….ကိုယ်သီလရှိဖို့ကြိုးစားရမယ်။
အဲတာကို ဘာနဲ့နှိုင်းယှဉ်ပြထားသလဲဆိုရင် အလှူရှင်ကမြတ်စွာဘုရား……အလှူခံက ရှင်သာရိပုတ္တရာ….
ဉပမာ _ ဘုရားနဲ့ရှင်သာရိပုတ္တရာ ဆိုရင် ဘုရားက မြတ်တယ် ၊ ရှင်သာရိပုတ္တရာ ကတစ်ဆင့်နိမ့်သွားတယ်။
၁။ အလှူခံက ရှင်သာရိပုတ္တရာဖြစ်ပြီး လှူတဲ့သူက မြတ်စွာဘုရား အဲဒီအလှူကတစ်ခု၊
၂။ အလှူခံက ဘုရား ၊ လှူတဲ့သူက ရှင်သာရိပုတ္တရာ အဲဒီအလှူကတစ်ခု၊
အဲဒီနှစ်ခုကိုသေချာမှတ်နော်…….
အဲ့နှစ်ခုမှာ _ အလှူခံတဲ့ သူက မြတ်တာ/သာတာ ရှိတယ် ၊ လှူတဲ့သူက မြတ်တာ/သာတာရှိတယ်
အဲဒီ အလှူနှစ်ခုမှာ ဘယ်ဟာက ပိုကောင်းလဲ…..ဆိုရင်
မြတ်စွာဘုရား လှူတာက ပိုကောင်းတယ်၊ ဘုရားလောက် အသိဉာဏ်ရှိတဲ့သူ ရှိမှမရှိတာ၊ လှူသူက ဘုရားဆိုရင် သူ့ထက် တစ်ဆင့်နိမ့်တဲ့ ရှင်သာရိပုတ္တရာကို လှူပေမယ့်လို့ ဘုရားရဲ့အလှူက ပိုမြတ်တယ်….ရှင်သာရိပုတ္တရာရဲ့ အလှူက သူထက် မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကို လှူသော်လည်း သူက တဆင့်နိမ့်နေသည့်အတွက် သူ့ အလှူက ဘုရား အလှူလောက်မမြတ်ဘူး။ ဒါစာပေကျမ်းဂန် မှာ နှိုင်းယှဉ်ပြထားတဲ့ ဟာပဲဖြစ်တယ်။
အဲတော့ ဘာကို ကောက်ချက်ချလို့ရသလဲဆိုရင် – လှူတိုင်းလှူတိုင်းမှာ လှူသူကအရေးကြီးတယ်၊ လှူတဲ့ရည်ရွယ်ချက်ကအရေးကြီးဆုံးပဲ၊ ကိုယ့်စိတ် ကိုယ် ဆောက်တည်ပြီးတော့လှူ၊ အဲ့တာဆိုရင် ဒါနကုသိုလ်ဟာ အကျိုး များခြင်းဆိုတာရလာနိုင်တယ်
မြတ်စွာဘုရားကဟောတယ်၊ “ဒါနသမ္ဘူတာနိ ဘောဂါနိ”လူတွေရလာတဲ့ အသုံးအဆောင်ပစ္စည်းဆိုတာဒါန ကုသိုလ်ကို အကြောင်းပြုရင်းနှီးပြီးရလာကြလာတာပါတယ်တဲ့ ၊ ဒါဟုတ်တယ်၊လက်ခံရမယ်။
ဘာကြောင့်လက်ခံရမလဲဆိုတော့ ဘုရားဟောလို့ဆိုတဲ့အကြောင်းပြကြောင့်မဟုတ်ဘူး… ယုတ္တိဗေဒနည်းနဲ့ ကြည့်ပြီးလက်ခံနိုင်တာဖြစ်တယ်ပေါ့….
လောကလူတွေကိုကြည့် -လောကလူတွေ လူ့ဘဝရောက်လာတာကြည့်…. လူ့ဘဝရောက်လာတာချင်းတူကြတယ်….ဒါပေမယ်လို့ တချို့က ချမ်းသာတဲ့အိမ်မှာသွားမွေးတယ် တချို့က ဆင်းရဲတဲ့အိမ်မှာသွားမွေးတယ်…. ဘယ်သူကစီမံတာလဲ၊ နော် စဉ်းစားကြည့်မယ်ဆိုရင် အဲဒီလူကပဲသူကိုယ်တိုင်ရွေးချယ်တာလား… ငါ တိုက်နဲ့ အိမ်နဲ့ နေရာမှာ မွေးမယ်လို့ရွေးချယ်လာတာလား….ငါ တဲအိမ်မှာမွေးမယ်လို့ ရွေးချယ်တာလား…..တကယ် သူတို့ကို ရွေးချယ်ခွင့်ရှိမယ်ဆိုရင် တိုက်ပေါ်ကိုပဲစုပြုတတ်ကြမှာလေ…. ရွေးချယ်ခွင့်ရှိမယ်ဆိုရင်လမ်းဘေး ဘယ်သူမှနေမှာမဟုတ်ဘူးလေ….. …
ဘယ်သူကရွေးချယ်ပေးလိုက်တာလဲဆိုရင် ကိုယ်ပြုလိုက်လုပ်တဲ့ ဒါနကောင်းမှု (ရှိမရှိ)ဆိုတဲ့ကုသိုလ်က ရွေးချယ် ပေး လိုက်တာဖြစ်တယ်။
အဲဒီလို မယူဘူးဆိုတဲ့သူတွေကျတော့ မယုံကြည်တဲ့ပုဂ္ဂိုလ်တွေကျတော့ ဘုရားသခင်က ရွေးချယ်ပေးတာလို့ပြောတဲ့ သူတွေလဲရှိမယ်၊ အဲဒီဘုရားသခင်လို့ပြောတာကျတော့ ဘယ်ဘုရားတုန်း တခါတလေကျတော့ ဘုရားသခင်ချင်း ရောထွေးကုန်ကြတယ်…..တန်ခိုးရှင်ကြီး ကောင်းကင်ဘုံက (God)လို့သူတို့ လို့ပြောမယ်၊ဟုတ်တယ်မလား၊ ကောင်းကင်ဘုံက နတ်ကို ဘုရားလို့ ရည်ညွှန်းကြတယ်၊သုတ္တံတစ်ခုရှိတယ်…….. ဘုရားဆိုတိုင်း ဂေါတမမြတ်စွာဘုရား ကို ရည်ညွှန်းတာမဟုတ်ဘူး၊။
ဘုရားသခင်ရဲ့ အလိုတော်ကျဆိုပြီးတော့ လက်ခံကြတယ်၊စဉ်းစားကြည့်လေ၊ အဲဒီ ဘုရားသခင်ကရွေးချယ်ပေးတာဆိုရင် ဒီလူကိုကျတော့တိုက် ပေါ်တင်ပေးပြီး ဟိုလူကို ကျတော့တဲထဲကို ပို့လိုက်တယ်ဆိုရင် ၊ အကြမ်းဖျင်း လေးပဲစဉ်းစားကြည့်၊ဆင်းရဲတဲ့အိမ်၊တဲပုတ်ထဲကို ရောက်တဲ့ သူကရော ကျေနပ်ပါ့မလား ၊ မကျေနပ်ဘူး……
ဒါဖြင့် တိုက်ပေါ်တက်ရတဲ့သူနဲ့ တဲပုတ်ထဲသွားရတဲ့သူ ဘယ်သူပိုများနေသလဲ…တစ်ကမ္ဘာလုံးခြုံကြည့်ရင် တဲပုတ်ထဲသွားတဲ့ သူက ပိုများမနေဘူးလား….
တိုက်ပေါ်ရောက်တဲ့သူထဲမှာလဲ ဘုရားသခင်ဆိုသူက ကြည်ညိုသူရှိမယ်၊ မကြည်ညိုသူရှိမယ်၊ အသိအမှတ်ပြုတဲ့သူလဲပါတယ် အသိအမှတ်မပြုတဲ့သူလဲပါတယ်၊
တဲပေါ်ရောက်တဲ့ သူက လဲ ဘုရားသခင်ဆိုသူက ကြည်ညိုသူရှိမယ်၊ မကြည်ညိုသူရှိမယ်၊ အသိအမှတ်ပြုတဲ့သူလဲပါတယ် အသိအမှတ်မပြုတဲ့သူလဲပါတယ်
ဘုရားသခင်က ဖန်ဆင်းတယ်ဆိုရင် သူကဘက်လိုက်တယ်…မဟုတ်ဘူးလား…စဉ်းစားဖို့ပြောပြတာပါ….၊ အကြင်နာတရားကင်းမဲ့တယ်လို့ ပြောစရာရှိလာတယ်၊ သူကိုကျတိုက်ပေါ်တင်၊သူ့ကိုကျ တဲထဲပို့ တယ်ဆိုရင်…….အဲလိုပြောစရာတွေရှိလာတယ်၊
အဲ့လိုကြတော့ ပြောကောင်းပြောလိမ့်မယ်၊ဒီလူက လူကောင်းမို့ တိုက်ပေါ်တင်ပေးတာလို့ ပြန်ပြောကောင်းပြောနိုင်တယ် ၊ အဲ့လိုကြတော့ အဲ့လူကောင်းခြင်းမကောင်းခြင်း က သူ (ဘုရားသခင်)နဲ့မဆိုင်ပြန်ဘူး၊ သူကောင်းလို့သူရတာဆိုရင် သူ့ကံနဲ့ သူပဲဆိုတဲ့ သဘောတရားပြန်မဖြစ်ဘူးလား၊ မကောင်းတာလုပ်ခဲ့လို့ တဲပုတ်ရောက်တာပါဆိုရင် သူ့ရဲ့ (ဘုရား သခင်) ဖန်ဆင်းမှုက အလကားပဲ၊
အဲ့တော့ ကံ၊ ကံ၏အကျိုးဆိုတာ ပိုပြီးထင်ရှားမလာဘူးလား၊ သူလုပ်ခဲ့တာသူရတဲ့ သဘောပဲ ပေါ့၊
ဂေါတမမြတ်စွာဘုရားကဟောတာ ကိုယ်လုပ်တာကိုယ်ရတယ် ဟောခဲ့တာ ၊ ဒါက ဘယ်သူမှအပြစ်တင်စရာမလိုဘူး၊
ဘာပဲဖြစ်နေကျိုးကြောင်းနဲ့ စဉ်းစားဆင်ခြင်ကြည့်ရတယ်၊ တရားဆိုတာ ဒီတိုင်းလက်ခံခိုင်းတာမဟုတ်ဘူး၊
အကယ်၍သာ ဒုက္ခရောက်တဲ့ လူတိုင်းဟာ ဘုရားသခင်ရဲ့ အလိုကြ ဒုက္ခရောက်ရတယ်ဆိုရင် အဲ့လူတွေအားလုံးက ဘုရားသခင် ကို ကျိန်ဆဲကြမယ့်သူတွေချည်းပဲ၊ ကောင်းကျိုးချမ်းသာရနေတဲ့ သူက လက်တစ်ဆုပ်ပဲရှိတာ၊ သူတို့ကပဲ ချီးမွမ်းချင် ချီးမွမ်းလိမ့်မယ်၊
အဲ့တော့ အဲ့ဘုရားသခင်ကို မဟာကရုဏာရှင်လို့ ဘယ်ပြောလို့ရတော့မလဲ ၊ အများစုကိုဒုက္ခရောက်အောင် လုပ်ထား တယ်၊ ဘာလို့ဆိုတော့ သူဖန်ဆင်းတာကိုး၊ ဘာလို့မကောင်းတာကို ဖန်ဆင်းရတာလဲ၊ ဖန်ဆင်းမှတော့ကောင်းတာပဲ ဖန် ဆင်းပေါ့၊ အဲ့တော့ သူဖန်ဆင်းတာ အလကားဖြစ်သွားပြီ၊
သူဟာ ကောင်းလို့ကောင်းတယ်၊ ဆိုးလို့ ဆိုးတယ် ဆိုရင် ကံ၊ ကံ၏ အကျိုးပဲ၊
မြတ်စွာဘုရားဟောသလို အတ္တဟိ အတ္တနောနာထော ကိုယ်သည်သာ ပဓာနဖြစ်သွားတယ်လေ၊ ကိုယ်ကောင်းမှကောင်းတာလေ ကိုယ်ကောင်းမှကောင်းတာဆိုရင် ဘုရားသခင်က အပိုပဲလေ…
ဗုဒ္ဓဘာသာတွေ ဘာလို့ ဗုဒ္ဓကို ကိုးကွယ်တာလဲ? ဆိုရင် စီးပွားဉစ္စာတိုးတက်ဖို့လား၊ ဘုရားသခင်က မတာကို ခံချင်လို့လား၊ မဟုတ်ဘူး၊
လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားနားလည်ပြီး၊ဘုရားဆီက အဆုံးမအကြံဉာဏ်တွေကို ရချင်လို့ ကိုးကွယ်တာဖြစ်တယ်၊ ဒီ့ထက်မပိုရဘူး ၊ လူတွေကတော့ ဘုရားကိုးကွယ်ရင်စီးပွားတက်တယ်ပြောတာ၊ မဟုတ်ဘူး စီးပွားတက်အောင်လုပ်မှစီးပွားတက်တာ၊ အကြောင်းတရားဆိုတာ သူ့လမ်းနဲ့သူရှိတယ်၊
စဉ်းစားကြည့်ပေါ့လေ ဘုရားသခင်ကို နေ့တိုင်းထိုင်ရှိခိုးပြီး ဘာမှအလုပ်မလုပ်ပဲနဲ့ စီးပွားတိုးတက်ပါစေ ပြောတော့ စီးပွားတက်မလား၊ မတက်ဘူး၊ စီးပွားတိုးတက်တာ သူ့လမ်းနဲ့သူသွားတာ ဘုရားကလဲ အဲ့အတိုင်းပဲဟောတာ၊
သို့သော် ဘာသာတရားကို ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေက တလွဲလုပ်ကြတယ်၊ စီးပွားဉစ္စာတိုးတက်ဖို့၊ ဗုဒ္ဓဘာသာ ကိုးကွယ် ပြီး ဆင်းရဲနေတဲ့သူတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာဖြစ်လို့ဆင်းရဲတယ် ၊ ချမ်းသာတဲ့သူတွေကိုကြည့်ပြီး ဘာသာခြားမို့ ချမ်းသာတယ်လိုမှတ်နေကြ၊ သူတို့လဲ ဆင်းရဲတဲ့သူရှိတာပဲ၊ သူတောင်းစားလဲရှိတာပဲ မရှိဘူးလား ရှိတာပဲလေ၊ ခုခေတ်မှာ အနောက်တိုင်းကလူတွေကချမ်းသာကြတယ် ဉရောပက သူတွေ အများစုကချမ်းသာကြတယ်…အဲတာကိုကြည့်ပြီးတော့ ပြောကြတယ်…သူတို့မှာလဲ ဆင်းရဲတဲ့သူရှိတာပဲ သူတောင်းစားလဲရှိတာပဲ…. သူတို့သူတောင်းစားက ယဉ်တယ် လမ်းဘေးမှာ ဂစ်တာလေးတီးပြီးတောင်းတာ။
ရှိခြင်း မရှိခြင်းက ကိုယ်နဲ့ပဲ သက်ဆိုင်တယ်၊ အများစုက ချမ်းသာနေကြတာဘာလို့ချမ်းသာလဲ၊ ဗုဒ္ဓဘာသာဖြစ်ပြီး တချို့ဆင်းရဲတာ ဘာလို့ဆင်းရဲလဲ၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ စီးပွားဖြစ်ခြင်း၊ စီးပွားမဖြစ်ခြင်း က ကိုယ့်အပေါ်မူတည်တယ်။
တစ်ချို့ က ဘာသာပြောင်းသွားကြသူတွေမှာ ဘာသာတရားကိုသွားစွပ်စွဲကြပြီးတော့ ဘာသာပြောင်းတဲ့သူတွေရှိတယ်၊ အဲလိုဘာသာပြောင်းသွားတဲ့သူတွေမရှိဘူးမဟုတ်ဘူးရှိတယ်၊ ဘုန်းဘုန်းတို့သိတယ်….ဘာသာပြောင်းတာကတော့ သူ့စိတ်သူပဲ ပြောင်းချင်ပြောင်းလို့ရပါတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာ ဖြစ်လို့ဆင်းရဲတယ်၊ တခြားဘာသာဝင်ဖြစ်တာနဲ့ ချမ်းသာမယ်ဆိုတဲ့ သူ့ရဲ့အကြောင်းပြချက်မမှန်ဘူး၊
မြန်မာပြည်က လူတွေက ဒီကနေ့ခေတ်မှာ ဆင်းရဲတဲ့သူတော့ များနေတယ်လို့ပြောချင်ပြောနိုင်တာပေါ့နော် ဘုန်းကြီးတို့ ငယ်ငယ်တုန်းက မြန်မာပြည်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့တယ်၊၊ ဘုန်းဘုန်းက အသက် (၈၂) နှစ်ဆိုတော့ ခေတ်အမျိုးမျိုး ဖြတ်လာခဲ့ပြီ၊ ၁၉၄၀ မှာမွေး တော့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာမွေးတာ၊၊ ၅နှစ်သားမှာ ဂျပန်ဝင်တာ ဂျပန်ပြန်ဆုတ်တာနဲ့ စစ်ပြေးဒုက္ခသည်ဘဝရောက်ခဲ့တယ်၊ အိမ်ကိုပစ်ပြီးပြေးရတာ၊၊ အသက်(၈)နှစ်ထိအောင်ညကောင်းကောင်းမအိပ်ရဘူး၊သူပုန်တွေကြောက်ဓါးပြကြောက်ရနဲ့ဘုန်းကြီး ကျောင်း နေရ နဲ့ ခေတ်ပျက်တဲ့ အချိန်မှာ နေခဲ့ရပါတယ် ၊
ခေတ်ပျက်တိုင်းဟာ ဒီအတိုင်းပဲဖြစ်ပါတယ်….အဲဒီကနေပြီးတော့ ငြိမ်းချမ်းရေးရလာပြီးတော့ ၁၅ နှစ်သားလောက်မှာတော့ မြန်မာပြည်ဟာ အာရှရဲ့အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့တယ်….
၁၉၄၈ ကနေ ၁၉၅၈ အထိ ထင်တယ် မြန်မာပြည်ဟာ အတိုးတက်ဆုံးပဲ၊
အာရှနိုင်ငံတွေဆိုတာ ကြည့်လိုက်မယ်ဆိုရင် ဂျပန် ဆိုရင် ပြာထဲက လူးထနေရတုန်းအချိန်၊ တောင်ကိုရီးယားဆို တောင်နဲ့မြောက်စစ်တိုက်နေရတုန်းရှိသေးတာ၊ ဗီယက်နန်ဆိုရင် မြှပ်နေတုန်းရှိသေးတာ၊ စင်္ကာပူဆိုတာ ခေါင်းမထောင်နိုင်သေးချိန် တံငါ ရွာ ကြီးပုံစံ၊ဘန်ကောက်ဆိုတာ တောရွာ ကြီးတစ်ခုလိုသာ ရှိနေသေးတယ် အဲဒီအချိန်ကိုပြောပြတာ အဲဒီအချိန်ကိုပြောပြတာပါ။ ဗမာပြည်က မင်္ဂလာဒုံဆိုတဲ့လေဆိပ်စပေါ်လာတ၊ အဲတာ၊ အရှေ့တောင်အာရှမှာ အကောင်းဆုံးလေဆိပ်၊ နောက်တခါ ရုပ်ရှင်ရုံထဲမှာ သမ္မတရုပါရှင်ရုံက ခေတ်အမှီဆုံး၊ ရန်ကုန်မှာ ရှိတဲ့ ရန်ကင်းအိမ်ယာက်ု စင်္ကာပူက လာကြည့်ရတာ သဘောကျပြီးစင်္ကာပူမှာ အဲလိုနေရာကွက်တွေ ချ ဖို့ တောင်ကြိုးစားကြတယ်၊ စင်္ကာပူ မလေးရှား လွပ်လပ်ရေး မရသေးဘူး၊
မလေးရှားစက်ာပူလွတ်လပ်ရေးရချိန်မှာ ဉီးသန့်ကကုလမှာအတွင်းရေးမှူးချုပ်ဖြစ်နေပြီ၊ စစ်ပြီးကာစ ကုလက တော်တော် ပါဝါရှိခဲ့တယ်….ဉီးသန့်ကျေးဇူးနဲ့လွတ်လပ် ရေး ရတာဆိုပြီး ဦးသန့်လမ်းလို့တောင် အမည်ပေးထားတဲ့လမ်း မလေးရှားမှာရှိတယ်၊ သူတို့က ဗမာပြည်ကို အားကျနေရတဲ့အချိန်ရှိခဲ့ဘူးတယ်၊
စီးပွားဥစ္စာတိုးတက်နည်း
မြတ်စွာဘုရားက ဟောထားတာရှိတယ် ၊ စီးပွားရေးတိုးတက်ဖို့ဆိုရင် စီးပွားရေးတိုးတက်တဲ့ အလုပ်ကို လုပ်ရမယ်၊ မြတ်စွာဘုရားက လူဖြစ်လာလို့ရှိရင် စီပွါးရှာရမယ်လို့ ဟောတယ်၊ စီးပွားရေးရှာတဲ့အခါ တရားသဖြင့် စီးပွားရှာ
စီးပွားရှာတဲ့မျက်စိကို ပညာမျက်စိတစ်လုံးအဖြစ်သတ်မှတ်တယ်၊ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတာကို မျက်စိ တစ်လုံးအဖြစ်သတ်မှတ်တယ်၊
မျက်စိ နှစ်လုံးရှိရမယ် ၊ တစ်လုံးက စီးပွားရှာတတ်ရမယ်၊ တစ်လုံးက ကိုယ်ကျင့်တရားထိန်းရမယ်၊ မတရားစီးပွားမရှာ နဲ့လို့ ဆိုလိုတယ်၊ ဒွိစက္ခူ မျက်စိနှစ်လုံး ရှိသူ Ideal Person ဆိုပြီးမြတ်စွာဘုရားကဟောကြားတာ၊
စီးပွားဉစ္စာတိုးတက်ဖို့ဆိုတာ ဘယ်လိုလုပ်ရမလဲဆိုတာ မြတ်စွားဘုရားဟောထားပြီးသား၊ ဘုန်းဘုန်းထွင်ပြောတာမ ဟုတ်ဘူး စီးပွါးတိုးတက်ဖို့ဆိုတာ
၁။ လုပ်ငန်းကျွမ်းကျင်ရမည်။လုပ်ငန်းကျွမ်းကျင်ရမယ်ဆိုရာမှာ
က)နည်းပညာရှိရမည်၊
ခ)ဇွဲကောင်းရမည်၊
ဂ)ကိုယ်တိုင်လုပ်တတ်ရမည်၊
ဃ)သူများကို စီမံခန့်ခွဲတတ်ရမည်၊
အဲလိုကြိုးစားရင် စီးပွါးတက်ပါတယ်တဲ့။
၂။အလေအလွင့်မရှိအောင်ထိန်းသိမ်းရမည်။
၃။ဝင်ငွေ/ထွက်ငွေမျှတအောင်လုပ်ရမည်။
၄။မိတ်ကောင်းဆွေကောင်းရှိရမည်။
အဲတာမလုပ်ဘဲနဲ ထိုင်ရှိခိုး ဆုတောင်းနေရုံနဲ့ ယတြာချေ ဟိုဗေဒင်မေး ဒီဗေဒင်မေးနဲ့ အဲလို အချိန်ဖြုန်းတဲ့သူက စီးပွါးမဖြစ်ဘူး။
တစ်ခုမေးကြည့်ပေါ့ ကမ္ဘာမှာရှိတဲ့ ဘီလျံနာကြီးတွေက ဒီလိုပဲ ယတြာချေသလားလို့၊ သူတို့ က ဗေဒင်ဆရာဟောတာ လုပ်သလားလို့ ဒီနတ်ကို ကိုးကွယ်သလား၊ သူတို့ဘာလို့ချမ်းသာနေလဲ? ဗမာပြည်ကျတော့ ဓာတ် တွေ နတ်တွေ အလွန်ပေါတယ်နော်….ပန်းသီးစားရင် ပင်ပန်းသတဲ့ ကြာပန်း ဘုရား လှူရင် ကြန့်ကြာသတဲ့….အဲတာမျိုးတွေဗမာပြည်မှာ လွှမ်းမိုးနေတာ မကောင်းဘူး၊ ဘုရားဟောတာတွေမဟုတ်ဘူး၊ ရွှေတိဂုံပေါ်မှာ ဘုရားဟော မဟုတ်ဘဲနဲ့ရောက်နေတာတွေ အများကြီးပဲ၊ သိကြလား၊ စနေသားက စနေထောင့်မှာ ရေလောင်းတယ၊ စနေထောင့်မှာမီးလှူရမယ် အဲဒီထဲက သူ့ရည်ရွယ်ချက်က ဟုတ်မှမဟုတ်တော့တာ၊ ဘုရားကြည်ညိုတာမှမဟုတ်တာ၊ စနေသွားကြည်ညိုနေတာ
ဟုတ်တယ်မဟုတ်လား၊
ဗုဒ္ဓဘာသာဖြစ်ပြီး ဆင်းရဲတာ၊ ဗုဒ္ဓဘာသာဖြစ်လို့ဆင်းရဲတာမဟုတ်၊ အယူအစွဲတွေများနေလို့ဆင်းရဲတာ ကြီးကိုးကြီးသွားပုတီးစိပ်သတဲ့ ပုတီးကြိုးပဲ ပြတ်တော့မပေါ့….သူကတော့ကြီးပွါးလာမှာမဟုတ်ဘူး…ကြီးပွါးဖို့က တော့ ဒါတွေနဲ့မဆိုင်ဘူးလို့ ထင်တယ်…..
ဘုန်းဘုန်းပြောချင်တာတော့ မြတ်စွာဘုရားတရားတွေကို နားလည်အောင်သင်ပါ၊ သင်ပြီးတော့ ဗုဒ္ဓဘာသာပီပီ ကိုယ့်ရင်ထဲနှလုံးထဲမှာ စိတ်ကောင်းနှလုံးကောင်းထားဖို့၊ မလုပ်သင့်တာတွေမလုပ်ဖို့၊ လုပ်သင့်တာလုပ်ဖို့၊
စိတ်ထဲမှာ – အားလုံးအပေါ်မှာမေတ္တာထားနိုင်အောင် ဒေါသအမျက်တွေလျော့ချပြီး ကိုယ့်ရင်ထဲနှလုံးထဲ အရင်အေး အောင်ကြိုးစားပါ၊ သူများကိုအေးအောင်လဲလုပ်ပါ၊ ကိုယ်ကမှမအေးပဲနဲ့ သူများကို အေးအောင်မလုပ်ပေးနိုင်ပါဘူး၊
ကိုယ်ကိုယ်တိုင်ကလောဘကြီး၊ဒေါသကြီး၊ မောဟကြီးနေရင် သူများကို လောဘဒေါသမောဟ ဘယ်လိုလုပ်လျော့ခိုင်း လို့ ရမလဲနော်။
ကိုယ်လုပ်ရမည့်အလုပ်တွေလုပ်ပြီး၊ စိတ်ကောင်းနှလုံးကောင်းတွေမွေးပြီး၊ စိတ်နှလုံးအေးချမ်းပြီးတော့လုပ်သင့်တဲ့ အလုပ်တွေလုပ်ပြီး ကြိုးစားအားထုတ်ကြမယ်ဆိုရင်စီးပွားတိုးတက်ကြမှာဖြစ်ပါတယ်။
ဒါကြောင့်မြတ်စွာဘုရားဟောကြားဆုံးမထားရှိတဲ့ အဆုံးအမဩဝါဒအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေ။
………………………………………………………………..
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
www.drnandamalabhivamsa.com.mm