လှုပ်ရှားမှု ပုံရိပ်များ
စာမေးပွဲကျင်းပ အားပေးသင့်ကြောင်း ပါမောက္ခချုပ်ဆရာတော်ကြီး မိန့်ကြားအပ်သော တိုက်တွန်းဆုံးမ ဩဝါဒစကားများ
3.11.2022 ကြာသပတေးနေ့ ဝိနယာလင်္ကာရစာအောင်ဆုနှင်းသဘင်ပွဲ ကျင်းပမည်။
စာအောင်သာမဏေ (၄၃)ပါး
စာမေးပွဲကျင်းပအားပေးသင့်ကြောင်း ပါမောက္ခချုပ်ဆရာတော်ကြီး မိန့်ကြားအပ်သော တိုက်တွန်းဆုံးမ ဩဝါဒစကားများကို မျှဝေ ပူဇော်လိုက်ပါသည်။
ဝိနယာလင်္ကာရစာမေးပွဲ ကမ္မကာရကသံဃာများနှင့်
ဥပတ္ထမ္ဘက ဒါယကာ ဒါယိကာမများအတွက်
ပါမောက္ခချုပ်ဆရာတော်ကြီးက မိန့်ကြားသော
အထူးဩဝါဒ အမှတ်တရစကား
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🔵 ဝိနယာလင်္ကာရစာမေးပွဲဟာ သာမန်အားဖြင့် အပေါ်ယံပဲ ပြောမယ်ဆိုရင် ကိုရင်ငယ်လေးတွေ ရဟန်းတွေ ရှင်သာမဏေလေးတွေ လိုက်နာရမယ့် ဝိနည်းစည်းကမ်းတွေကို ကလေးငယ်ဘဝ အခြေခံကစပြီး သိစေချင်လို့ လေ့ကျင့်ခိုင်းတယ်၊ သူတို့သိထားရမယ့်အချက်တွေ သိထားရအောင် အဓိကရည်ရွယ်ကြတာဖြစ်တယ်၊
🔹 အာပတ်သင့်တယ်ဆိုတာ အပြစ်သင့်ရောက်ခြင်းကို ဆိုလိုတယ်၊ ဘုန်းကြီးဝေါဟာရနဲ့ဆိုတော့ အာပတ်သင့်တယ် ပြောကြတယ်၊ အာပဇ္ဇနံ အာပတ္တိ- အပြစ်ဖြစ်ခြင်း အပြစ်သင့်ရောက်ခြင်းကို အာပတ်သင့်တယ်လို့ ခေါ်တယ်။
▪️ မလုပ်သင့်တာ လုပ်လို့လည်း အပြစ်ဖြစ်တယ်၊
▪️ လုပ်သင့်တာ မလုပ်လို့လည်း အပြစ်ဖြစ်တယ်၊
▪️ မပြောသင့်တာ ပြောလို့လည်း အပြစ်ဖြစ်တယ်၊
▪️ ပြောသင့်တာ မပြောလို့လည်း အပြစ်ဖြစ်တယ်။
🔹 လောကမှာ မလုပ်သင့်မလုပ်ထိုက်တာတွေလည်း အများကြီးရှိတယ်၊
လုပ်သင့်လုပ်ထိုက်တာတွေလည်း အများကြီး ရှိတယ်။
အဲတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ နှစ်ခုကိုသိပြီးတော့ လုပ်သင့်တာကို လုပ်ပြီး၊ မလုပ်သင့်တာကို ရှောင်ကြဉ်ပြီး ဒီနှစ်ခုကို နားလည်ဖို့အတွက် ကိုရင်ငယ် ကလေးဘဝကစပြီး သိထားရအောင် ဒီစာမေးပွဲကို ကျင်းပကြတာဖြစ်တယ်။
🔹 လောကမှာ မသိလို့ လုပ်ရတာပါဆိုပြီး လောကဥပဒေက ခွင့်မလွှတ်သလို ဝိနည်းအပြစ်ကလည်း မသိလို့လုပ်မိပေမယ့် အပြစ်သင့်ရောက်နိုင်တယ်။
အလဇ် အညာ ကုက္ကုစ္စာ မောသာ ဒွေသညိတ် (မရှက် မသိ ကုက္ကုစ္စိနှင့် သတိမမြဲ ထင်လွဲနှစ်ပါး ပေါင်းခြောက်ပါး ရှင်များ လိင်,ဒဏ်သင့်ကြောင်းတည်း) ဆိုတဲ့ အပြစ်သင့်ကြောင်း (၆)မျိုးထဲက အရှက်မရှိလို့ တမင်ကျူးလွန်ပြီး လုပ်တာလည်း ရှိတယ်၊ မသိလို့ လုပ်မိတာလည်း ရှိတယ်၊ အဲဒီ မသိလို့ လုပ်မိပါတယ်ဆိုတာ မရှိရအောင် မဖြစ်ရအောင် ဒီစာမေးပွဲကို လုပ်ပေးကြတာဖြစ်တယ်။
🔵 ဒီစာမေးပွဲမှာ ကမ္မကာရကအဖြစ် ဆောင်ရွက်ကြတဲ့ ခေါင်းဆောင် သံဃာပိုင်းကရော ဥပတ္ထမ္ဘကအဖြစ် ဆောင်ရွက်ကြတဲ့ ဒကာ ဒကာမတွေရော ဒီစာမေးပွဲရဲ့ အနှစ်သာရဟာ ဘာလဲဆိုတာ သိရှိထားရမယ်၊
သာသနာတော်ကို လက်ဆင့်ကမ်း ခံယူကြမည့် သာသနာ့မျိုးဆက် ကိုရင်လေးဘဝက စပြီးတော့ ရဟန်းသံဃာတွေ မလုပ်သင့်တာတွေ မလုပ်ဖြစ်အောင်၊ လုပ်သင့်တာ မလုပ်သင့်တာကို သိရှိနားလည်အောင်လို့ ဒီစာမေးပွဲကို ကျင်းပပေးကြခြင်းဖြစ်တယ်၊ အဲဒါဟာ အဓိက အနှစ်သာရပဲ ဖြစ်တယ်။
🔹 လောကမှာ အသိတရားဟာ အရေးကြီးဆုံးဖြစ်တယ်၊ ဒါကြောင့်မို့ စာမေးပွဲလေး သေးတယ်ဆိုပြီးတော့ အထင်မသေးကြနဲ့၊ အင်မတန်မှ အရေးကြီးတာတွေ အများကြီး ပါတယ်၊ အစကောင်းမှ အနှောင်းသေချာဆိုတာလိုပဲ၊ ငယ်စဉ်ထဲက ခေါင်းထဲမှာ အသိဉာဏ်တွေ ရရှိစေကြဖို့အတွက် လုပ်ပေးကြတယ်၊ စာမေးပွဲ နာမည်ကိုလည်း “ဝိနယာလင်္ကာရ” လို့ အမည်ပေးထားတယ်။
ဝိနယ-ဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမ၊ အဆုံးအမဆိုတာ ကိုယ်ကျင့်သီလပဲ၊ ကာယဝါစာနံ ဝိနေတီတိ ဝိနယော ဆိုတဲ့တိုင်း ကိုယ်မှုနှုတ်မှုနဲ့ ပတ်သက်တဲ့ အပြစ်ရောက်မှုတွေကို မဖြစ်ရအောင် သွန်သင်ပြသပြီး ရှင်းရှင်းလင်းလင်း ဟောပြထားတဲ့ ကျမ်းကို ဝိနည်းကျမ်းလို့ ခေါ်တာပဲ။
မြတ်စွာဘုရားရဲ့ ဝိနည်းက ကိုယ်လိုချင်သလို စွဲယူပြီး နှိပ်စက်တဲ့ ဝိနည်းမျိုး မဟုတ်ဘူး၊ လောကမှာ ဥပဒေဆိုတိုင်းက ကောင်းကြတာ မဟုတ်ဘူး၊ တမင် ကိုယ့်အတွက်ကြည့်ပြီး လူတွေကို ဒုက္ခပေးဖို့လုပ်ထားတဲ့ ဥပဒေလည်း ရှိတယ်၊ ဘုရားဥပဒေက အဲဒါမျိုး မဟုတ်ဘူး။
🔹 စဉ်းစားကြည့်၊ ဘုရားဥပဒေက လိုက်နာတဲ့ပုဂ္ဂိုလ်တွေကိုက ဒါဟာကောင်းတယ် ဒီဥပဒေရှိသင့်တယ်ဆိုတဲ့ သံဃသုဋ္ဌုတာ၊
ဒီဥပဒေရှိသည့်အတွက် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ကွဲပြားသွားလို့ နေရထိုင်ရတာအဆင်ပြေတယ် သံဃဖာသုတာ၊
ဒုမ္မင်္ကူနံ နိဂ္ဂဟာယ- စည်းပျက်ကမ်းပျက်တဲ့ ပုဂ္ဂိုလ်တွေကို နှိပ်ကွက်ပြီးသားဖြစ်တယ်၊
ပေသလာနံ ဖာသုဝိဟာရာယ- သီလကို ချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေ ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ချီးမြှောက်ပြီးသား ဖြစ်တယ်စသည်အားဖြင့် ဒီလိုအကျိုးပေါင်း ၁၀-မျိုးရှိတယ်။
ဒီအခြေခံ မူ၁၀-ချက်နဲ့ ပညတ်တာ၊ ကိုယ်မကြိုက်လို့ ဥပဒေရေးဆွဲပြီး လုပ်တာမျိုး မဟုတ်ဘူး၊ ကိုယ့်အကျိုးအတွက် ဥပဒေရေးဆွဲထားတာလည်း မဟုတ်ဘူး၊ အပြစ်ကင်းစင်ဖို့ ဥပဒေဆွဲထားတာ။ လောကဥပဒေကတော့ မပြောနဲ့တော့၊ ဒီလိုအခြေခံမဟုတ်ဘူး။
နောက်ဆုံးမယ် ရှင်းရှင်းပြောရရင် မြတ်စွာဘုရားက ဘယ်တော့မှ by force နဲ့ အတင်းအကြပ် ဥပဒေထုတ်ထားတာ မရှိဘူး၊ အင်မတန်မှ ယဉ်ကျေးတဲ့ နည်းစနစ်နဲ့ လုပ်ထားတာ။
🔹 ဆိုပါစို့-
အစာစားချိန်သုံးမျိုးရှိတယ်၊ မနက်ပိုင်းစားတာရယ် နေ့လည်ပိုင်း စားတာရယ် ညနေပိုင်း စားတာရယ် သုံးမျိုးရှိတယ်။
အဲထဲမယ် မနက်စာနဲ့ ညစာကို အဓိက စားကြတာပေါ့၊ မြတ်စွာဘုရားက ရဟန်းတွေကို ဘာပြောလဲဆိုရင် “အေး မင်းတို့ မနက်ပိုင်း တစ်ထပ်ပဲ စားကြ၊ မနက်ပိုင်းပဲစားတဲ့အကျိုးက ငါ့ကိုကြည့်၊ ကျန်းမာတယ် အင်အားရှိတယ် အထိုင်အထလည်း ပေါ့ပါးသွက်လက်တယ်၊ ဝဝဖြိုးဖြိုး ဟိုနားကအဆီတွေထွက် ဒီနားက အဆီတွေထွက် မရှိဘူး၊ လူတွေဟာ အပိုစာတွေ စားကြသည့်အတွက်ကြောင့် ဝတုတ်ကြီးတွေဖြစ် ဗိုက်ကြီးတွေဖောင်း ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်ကြတယ်၊ ငါ့မှာ အဲလိုမဖြစ်ဘူး၊ ဒါကြောင့် တစ်ထပ်ပဲစားကြ” လို့ ပြောတယ်။
တချို့ ရဟန်းတွေက “ငါတို့တော့မနေနိုင်ဘူး မနက်လည်း စားမှာပဲ နေ့လည်း စားမှာပဲ ညလည်း စားမှာပဲ” လို့ ဘုရားကို ပြန်ပြောကြတယ်၊ ဒါမျိုး မှတ်တမ်းထဲမှာ ရှိတယ်၊ ကီဋာဂီရိသုတ္တံဆိုတာ ရှိတယ်၊ ဖတ်ကြည့်ကြ။
အဲဒီလို တစ်ခုချင်း တစ်ခုချင်း အကျိုးအကြောင်းတွေကို ထုတ်ဖော်ပြီးတော့မှ ရဟန်းတွေကို သိမ်းသွင်းပြီးတော့ လိမ္မာယဉ်ကျေးအောင် ဆုံးမသွားတာ။
🔹 ဥဒါယီဆိုတဲ့ ကိုယ်တော်ကြီးက အရပ်ကလည်း ထောင်ထောင်မောင်းမောင်း၊ ဗိုက်ခေါင်းကလည်း ကျယ်တယ်၊ မနက်စားရုံနဲ့ မရဘူး၊ ညပါစားချင်တယ်၊ ညကို ဆွမ်းခံထွက်တယ်၊ ညဆွမ်းခံထွက်တော့ သူ ဒုက္ခမျိုးစုံ ကြုံတွေ့ရတယ်၊ တစ်ခါတုန်းက သူဘယ်လိုဒုက္ခတွေ့လဲဆိုရင်-
သူ ဆွမ်းရပ်နေတဲ့အချိန်မှာ ညသန်းခေါင်လည်းဖြစ် လျှပ်စစ်မီးကလည်း ရှိတာမဟုတ်တော့ မိုးကြီးကမှောင် လျှပ်စီးကလက်၊ အိမ်သူအိမ်သားတွေ ထမင်းစားပြီး ပန်းကန်တွေကို အိမ်အပြင်ထွက်ဆေးတော့ ယနေ့ခေတ်လို အထဲဆေးတာမဟုတ်ဘူး၊ အပြင်ထွက်ပြီး ဆေးနေတဲ့အချိန်မှာ ကိုယ်တော်ကြီးက အဲဒီနားသွားပြီး ဆွမ်းရပ်တယ်၊ လျှပ်စီးလက်လိုက်တဲ့အခါမှာ အိုးခွက်ဆေးနေတဲ့ အိမ်ရှင်အမျိုးသမီးက မြင်လိုက်တဲ့အခါကျတော့ “အဘုံ မေ ပိသာစော ဝတ” လို့ လန့်ပြီးအော်လိုက်တာ၊
အဘုံ မေ ဆိုတာ သေပါပြီတော့လို့ပြောတာ၊ ပိသာစော ဝတ- ဘီလူးကြီး ဆိုပြီး လန့်အော်လိုက်တာ။
သူ့နားသွားပြီး မဲမဲကြီး ရပ်နေတာကိုး။
အဲဒီလိုဖြစ်ရပ်ကို မြတ်စွာဘုရားကို ပြန်လျှောက်တယ် “အခု ညစာမစားတော့ အဲဒီဒုက္ခတွေ မရှိတော့ဘူးဘုရား”တဲ့။
ဘုရားကို ကျေးဇူးတင်တဲ့အကြောင်း ပြန်လျှောက်တယ်။
သူ ညစာစားတုန်းကဆို တစ်ခါတလေ သူခိုးတွေနဲ့ ဆုံမိတယ်၊ မကောင်းတဲ့သူတွေနဲ့ ဆုံတယ်၊ မြွေနဲ့လည်းတွေ့တယ် ခွေးဆိုးနဲ့လည်း တွေ့တယ်၊ မျိုးစုံ တွေ့ရတယ်ပေါ့၊ ခု ညစာမစားတော့ အဲဒီဒုက္ခတွေ မရှိတော့ပါဘူးဆိုပြီး လျှောက်တယ်။ ဒါလည်းပဲ ပိဋကတ်မှတ်တမ်းထဲမှာ ပါတယ်။
🔵 အဲတော့ ပြောချင်တာက အခုကျင်းပတဲ့ ဝိနယာလင်္ကာရစာမေးပွဲဆိုတာ
လုပ်သင့်တာတွေ မလုပ်သင့်တာတွေကို ကလေးဘဝထဲက ခေါင်းထဲရောက်သွားအောင် ဖော်ဆောင်ပေးတာ၊ ကျင့်တာ မကျင့်တာကတော့ သူ့စရိုက်နဲ့သူဆိုတာ ရှိတတ်ကြတာပဲ၊ ကိုယ်က သွင်းပေးတာ၊ ငယ်ငယ်ထဲက ဒီအသိရအောင် ဒီစာမေးပွဲကို ကျင်းပပေးတာဖြစ်လို့ အင်မတန်မှ ကောင်းတဲ့စာမေးပွဲ ဖြစ်တယ်။
ဝိနယာလင်္ကာရ- မြတ်စွာဘုရားရဲ့ ဝိနည်းတည်းဟူသော အဆင်တန်ဆာတွေနဲ့ ဆင်မြန်းပြီးတော့ ပေးလိုက်တယ်။
လူတွေမှာ ဝတ်ကောင်းစားလှ လက်ဝတ်ရတနာစတဲ့ အဆင်တန်ဆာမပါရင် လူတွေကြားထဲမှာ မတင့်တယ်ဘူး၊ တချို့ဆို ကိုယ့်မရှိလို့တောင် ဒါလေးမပါရင် မတော်ဘူးဆိုပြီး ငှားဝတ်ရတယ်ဆိုတာ ရှိသေးတယ်၊ ရဟန်းသံဃာ ရှင်သာမဏေတွေလည်း ကိုယ်ကျင့်သိက္ခာမပါရင် မတင့်တယ်ဘူး။
ဒါကြောင့်မို့ ဝိနည်းကျမ်းမှာလာတဲ့ ကိုယ်ကျင့်သီလတည်းဟူသော အဆင်တန်ဆာကို ဆင်မြန်းတတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝိနယာလင်္ကာရဆိုတဲ့အမည်နဲ့ စာမေးပွဲ ကျင်းပနေကြတာဖြစ်တယ်။
🔹 အဲတော့ အတိုချုပ် ပြောရမယ်ဆိုရင် ကောင်းတယ် လုပ်သင့်တယ်၊ ဦးစားပေးရမှာကတော့ –
▪️ ဒီကိုရင်လေးတွေရဲ့ ရင်ထဲမှာ လက်တွေ့ ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းကြီး သိသွားအောင် သင်ကြားပေးသင့်တယ်၊
▪️ မေးခွန်းတွေ ထုတ်သင့်တယ်၊
▪️ စာမေးပွဲ လုပ်သင့်တယ်၊
▪️ ခေါင်းထဲမှာ စွဲသွားအောင် သိသင့်သိထိုက်တာတွေ မလုပ်သင့် မလုပ်ထိုက်တာတွေ သိသွားအောင် လုပ်ပေးသင့်တယ်။
ဒါကြောင့် ဒီစာမေးပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်က အင်မတန်မှ ကောင်းမွန်တယ်၊ ဒီလို ကောင်းတဲ့အလုပ်ဆိုတာ တစ်ကြိမ်တစ်ခါ လုပ်ရုံနဲ့ မရဘူး၊ အကြိမ်ကြိမ်အထပ်ထပ် လုပ်ရမယ်။
အာသေဝိတ ဘာဝိတ ဗဟုလီကတဆိုတာလို အကြိမ်ပေါင်းများစွာ လုပ်ရမယ်၊ နှစ်ပေါင်းများစွာ လုပ်ရမယ်၊ ၁-နှစ် ၂-နှစ်လုပ်ရုံနဲ့ မရဘူး၊ လူကလည်း အသစ်အသစ်တွေ လာနေမှာလေ၊ ခေါင်းဆောင်လုပ်တဲ့ ပုဂ္ဂိုလ်တွေကလည်း အသစ်အသစ် ဖြစ်နေကြမှာ၊ ဒါကြောင့် ခိုင်မာတဲ့ စည်းမျဉ်းဥပဒေ ချမှတ်ထားပြီးတော့ ကိုယ့်ရဲ့ မူလရည်ရွယ်ထားတဲ့ ပန်းတိုင်မပျက်အောင် လုပ်ရမယ်။
🔹 အဓိကက ပညာရဖို့၊
ကိုယ်ကျင့်တရားကို အဆင်တန်ဆာ ဆင်တတ်ဖို့ အဲဒါအတွက် လုပ်တယ်လို့ အဆင့်မြင့်မြင့် အမြင်ကလေးတွေ ရှိပြီးတော့ စဉ်ဆက်မပြတ် တိုးသထက်တိုးလာအောင် ကြိုးစားအားထုတ်ကြပါ၊ ရေရှည်လုပ်ရမယ့် ကိစ္စဖြစ်တယ်၊ ကနေ့လုပ် နက်ဖန်ဖျက်ရမှာ မဟုတ်ဘူး။
ယာဝဇီဝံ- အသက်နဲ့ကိုယ် မြဲသည့်တိုင်အောင် ငါတို့ဟာ ဒီစာမေးပွဲကြီးကို အားပေးမယ်ဆိုပြီး ဆုံးဖြတ်ထားရမယ်၊ ဘာကြောင့်တုန်းဆို ရည်ရွယ်ချက် အင်မတန်မှ ကောင်းမွန်တဲ့ စာမေးပွဲဖြစ်သည့်အတွက်ကြောင့်-
▪️ ဒီစာမေးပွဲကို ဒို့ အားပေးရမှာဖြစ်တယ်၊
▪️ ဒီစာမေးပွဲကို အားပေးခြင်းအားဖြင့် ကိုယ်ကျင့်သီလကို အားပေးရာ ရောက်တယ်၊
▪️ ကိုယ်ကျင့်သီလကို အားပေးခြင်းအားဖြင့် သာသနာတော်ကို ချီးမြှောက်ရာရောက်တယ်၊ အဲဒီကုသိုလ်ကို ငါတို့တွေ ယူကြမယ် လို့ ဥပတ္ထမ္ဘက ဒကာဒကာမတွေရော
ကမ္မကာရကသံဃာတွေရော ခေါင်းထဲမှာ စွဲစွဲမြဲမြဲ မှတ်ပြီးတော့ အကျိုးရှိရာရှိကြောင်း ကြိုးစားအားတော်မူနိုင်ကြပါစေကုန်သတည်း။
ပါမောက္ခချုပ်ဆရာတော်
9-10-2022
၁၃၈၄-ခု သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
နာယူမှတ်သား ရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ
အတွင်းရေးမှူး
ဝိနယာလင်္ကာရအဖွဲ့
1-11-2022