လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကျောင်းတိုက်ခွဲများသို့ မိန့်ကြားသော ဩဝါဒအစီအစဉ် ၁၃၈၄-ခု နတ်တော်လပြည့်ကျော် (၇)ရက်
🔹 ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကျောင်းတိုက်ခွဲများသို့ မိန့်ကြားသော ဩဝါဒအစီအစဉ် 🔹
၁၃၈၄-ခု နတ်တော်လပြည့်ကျော် (၇)ရက်
1️⃣4️⃣▪️1️⃣2️⃣▪️2️⃣0️⃣2️⃣2️⃣
☸️ ခေါင်းရင်းမှာချိတ်ဆွဲပြီး အမြဲမှတ်သားလိုက်နာသင့်သော အဆုံးအမဩဝါဒများ ☸️
💠 ခါတိုင်းပြောနေကျလိုပဲ ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို ကိုယ့်ဘာသာ အချိန်လေး ထားပြီးတော့ ကိုယ့်ပညာတိုးတက်ဖို့ရာအတွက် ကြည့်သင့်တယ်၊ မြတ်စွာဘုရားဟောထားတဲ့ တရားထဲမှာ
အပ္ပမတ္တိကာ ဧသာ ဘိက္ခဝေ ဝုဒ္ဓိ ယဒိဒံ ဉာတိဝုဒ္ဓိ၊ ဘောဂဝုဒ္ဓိ ယသဝုဒ္ဓိ ဆိုတာ ရှိတယ်။
ဆိုပါစို့-
လောကမှာ ကြီးပွားတိုးတက်တယ်ဆိုတဲ့နေရာမှာ ဘုန်းကြီးတွေအနေနဲ့ ပြောမယ်ဆိုရင် ကျောင်းကန်တွေ တိုးတက်တယ်၊ လှူမယ့်ဒကာ ဒကာမတွေ တိုးတက်တယ်၊ ကိုယ့်ကျောင်းကို ကိုးကွယ်သူတွေ တိုးတက်တယ်၊ အဲဒီတိုးတက်မှုကို ကိုယ့်စိတ်ထဲမှာ အကောင်းဆုံးလို့ မထင်မှတ်ကြဖို့၊ အဲဒီအပေါ်မှာ ယစ်မူးသွားတာမျိုး မဖြစ်အောင် သတိထားကြဖို့ လိုအပ်တယ်။
တကယ်ကတော့ ဒကာဒကာမတွေ ကိုးကွယ်ဆည်းကပ်မည့်သူတွေ တိုးတက်တာဟာ ဘာမှပြောပလောက်တဲ့ တိုးတက်မှုမဟုတ်ဘူး၊ ကိုယ်လုပ်တဲ့ သာသနာပြုလုပ်ငန်းရဲ့ အကျိုးဆက်မျှသာဖြစ်တယ်လို့ စဉ်းစားဖို့ လိုတယ်ပေါ့။
အဲလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဘုန်းကြီးတယ်, ပြောတိုင်းဖြစ်တယ်ဆိုတဲ့ စိတ်ကူးယဉ်တာမျိုးတွေ ဖြစ်လာတတ်တယ်၊ မဖြစ်သင့်ဘူးပေါ့။
💠 လွန်တော်မူ နာယကဆရာတော်ဘုရားကြီးရဲ့ စိတ်ဓာတ်လို “ဒို့မှာ သပိတ်တစ်လုံးရှိရင် ရတယ်ကွာ၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံး ဆွမ်းခံစားရင် ရတယ်” ဆိုတဲ့ စိတ်ဓာတ်နဲ့ စစ်ကိုင်းသုဗောဓာရုံကျောင်းကို တည်လာတယ်ဆိုတာ အားလုံးလည်း သိနေကြတာပဲ။
ဆင်းရဲတုန်းကအနေထား တိုးတက်ကြီးပွားလာတဲ့အခါမှာ အနေထားတွေ ပြောင်းလဲမှုအပေါ် စိတ်ဓာတ်အနေထားတွေ ပြောင်းလဲမသွားသင့်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သတိထားရမယ့် ကိစ္စတွေဖြစ်တယ်။
💠 သုတ္တန်တွေထဲမှာ ဂေါလိယာနိသုတ္တံဆိုတာ ရှိတယ်၊ သူက တောရကျောင်းမှာ နေတာ၊ သူနဲ့ပတ်သက်ပြီးတော့ ရှင်သာရိပုတ္တရာဟောတဲ့ တရားရှိတယ်၊ အဲဒီတရားကို နာကြားပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်၊
🔸 ငါရော အဲဒီအတိုင်း လိုက်နာလား?၊
🔸 ငါ့ရဲ့ရင်ထဲမှာရော အဲဒီစိတ်မျိုးတွေ ဖြစ်နေလား? ဆိုတာ စဉ်းစားပြီး
မဖြစ်အောင် သတိထားပြီးနေရမယ်၊ ပုထုဇဉ်ဆိုတော့ ဖြစ်ချင်ဖြစ်မှာပဲ၊ သို့သော် မဖြစ်အောင် သတိထားရမယ်၊ အသိတရားနဲ့ သတိထားခြင်းဟာ အင်မတန်မှ ကောင်းတယ်။
💠 မြတ်စွာဘုရားရဲ့ အဆုံးမထဲမှာ
ဒက္ခံ ဂဟပတီ သာဓု ၊ သံဝိဘဇ္ဇဉ္စ ဘောဇနံ။
အဟာသော အတ္ထလာဘေသု ၊ အတ္ထဗျာပတ္တိ အဗျထော။
ဒီလို စာအဆိုအမိန့်တွေတွေ့ရင် ကိုယ့်ကိုယ်ကိုယ် လိုက်နာဖို့ စိတ်ထဲမှာ ထည့်ထား၊ ဒီအသိလေး ရလိုက်တာနဲ့ ကိုယ်လုပ်ရမယ် ကိစ္စတွေကို သတိထားပြီးဖြစ်တယ်။
အဲဒီမှာ ဒက္ခံ ဂဟပတီ ဆိုတာ အိမ်ရာတည်ထောင် လူ့ဘောင်မှာနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အလုပ်တွေကို ကျွမ်းကျင်တယ်၊ စီးပွားဥစ္စာ ရှာတတ်တယ် ဒီလိုဆိုလိုတာပေါ့။
အဲတော့ သာသနာတော်နဲ့ ကြည့်မယ်ဆိုရင် ကျောင်းတိုက်တစ်တိုက်ကို အုပ်ချုပ်နေပြီဆိုတဲ့ခါမှာ ကျွမ်းကျင်မှု ရှိရမယ်၊ အဆောက်အဦ စီမံတာ သစ်ပင်စိုက်တာတွေကစပြီးတော့ ဘယ်လိုလုပ်သင့်တယ်၊ လူတွေနဲ့ ဘယ်လိုဆက်ဆံသင့်တယ် ဘယ်လိုပြောရမယ်ဆိုတာ ကျွမ်းကျင်လိမ္မာရမယ်။ မြတ်စွာဘုရားရဲ့ တရားတွေထဲမှာ ဒါတွေ ပါ ပါတယ်။
သံဝိဘဇ္ဇဉ္စ ဘောဇနံ- ကိုယ်ရထားတဲ့ပစ္စည်းကို တပည့်ပရိသတ်တွေနဲ့ ခွဲဝေပြီးတော့ သင့်လျော်အောင် အသုံးချသင့်တယ်၊ ရှိသမျှ အကုန်ပေးပြစ်ရမယ်လို့ ပြောတာမဟုတ်ဘူး၊ စားသင့်တာ စားမယ်၊ ထားသင့်တာထားမယ်၊ သုံးသင့်တာ သုံးမယ်၊ အခါအားလျော်စွာ ဝေဖန်ဆုံးဖြတ်ရမယ်။
💠 ဝိသုဒ္ဓါရုံဆရာတော်ကြီး ဆုံးမထားတာလေး ရှိတယ်၊ ကြားဖူးကြတယ်မဟုတ်လား?
🔹 ဖိုချောင်ရံ န ပဝေသေယျ ၊
သံဃေ ဘာဇေ ရသမျှကို ။
ဖိုချောင်ရံ န ပဝေသေယျ ဆိုတာ မီးဖိုချောင် မဝင်နဲ့လို့ ပြောတာ။
ခုခေတ်တော့ မီးဖိုချောင် မဝင်လို့ မဖြစ်လောက်ဘူးနဲ့တူတယ် ကြည့်ရတာ၊
မီးဖိုချောင်ထဲ ဘာရှိတယ် မရှိဘူး သိပြီး စီမံခန့်ခွဲမှုတော့ ရှိရမယ်၊ ရှေးတုန်းကတော့ မလိုဘူးလေ။
သံဃေ ဘာဇေ ရသမျှကို ဆိုတာ ကိုယ်ရလာကို သံဃာနဲ့ ခွဲဝေသုံးဆောင်ရမယ်တဲ့၊ ဒါကလည်း သတိထားရမယ့် ကိစ္စတစ်ခုပဲ။
💠 ခုနပြောခဲ့တဲ့ ဂါထာထဲမှာ
အဟာသော အတ္ထလာဘေသု တဲ့၊
အတ္ထလာဘဆိုတာ ကောင်းကျိုးချမ်းသာတွေ ရလာတယ် ကြီးပွားလာတယ်၊ ကိုယ့်ကျောင်းမှာ ဆွမ်းကပ်သူတွေ ကြည်ညိုကိုးကွယ်တဲ့ ဒကာဒကာမတွေ ဒါတွေရလာတတ်တယ်၊ ဒါတွေက ကိုယ့်ကံကြောင့်လည်း ဖြစ်နိုင်တယ်၊ သံဃာတွေရဲ့ ဘုန်းကံကြောင့်လည်း ဖြစ်နိုင်တယ်၊ လူတွေရဲ့ သဒ္ဓါစိတ်ကြောင့်လည်း ဖြစ်နိုင်တယ်။
ဒီပစ္စည်းလာဘ်လာဘတွေ ရတာဟာ စာပေထဲမှာ ဆိုသလိုပဲ မြတ်စွာဘုရားကြောင့် ငါတို့ရတာ၊ သံဃာတွေကို လှူရမယ်ဆိုတဲ့ အဆုံးမကို လူတွေက လိုက်နာပြီးတော့ လှူကြတာ၊ အဲတော့ ငါ့ဘုန်း ငါ့ကံမဟုတ်ဘူးဆိုပြီး တွေးရမယ်။ ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ရတာ၊ ဒါကျတော့ ခရစ်ယာန်နဲ့ နဲနဲသွားတူတာတော့ ရှိတယ်။
💠 ပရိဘောဂနဲ့ ပတ်သက်ပြီး စာထဲမှာ ဖတ်ကြည့်ကြ၊
🔸 သာမိပရိဘောဂ တို့
🔸 ဒါယဇ္ဇပရိဘောဂတို့
🔸 ထေယျပရိဘောဂ တို့
🔸 ဣဏပရိဘောဂ တို့ဆိုတာ ရှိတယ်။
အဲဒီအဆိုတွေနားမှာ အဋ္ဌကထာဆရာက ဘာပြောတုန်းဆိုရင်-
ပစ္စည်းလေးပါးဟာ ဘုရားက ပေးတာသာဖြစ်တယ်၊ ဘုရားရဲ့ ပစ္စည်းသာဖြစ်တယ်တဲ့။
သံဃာတွေသုံးတဲ့ပစ္စည်းဟာ တကယ်ကတော့ ဘုရားကပေးတာပဲ၊ ဘယ်လိုပေးတာတုန်းဆို-
မြတ်စွာဘုရားက လှူသင့်လှူထိုက်တယ်လို့ ဟောခဲ့တာဖြစ်လို့ လူတွေက လှူကြတယ်၊ ဒါကြောင့် လာဘ်လာဘဟာ ဘုရားနဲ့ ပတ်သက်တယ်လို့ ဒီလိုဆိုလိုတယ်။
အဲဒီအတွေးခေါ်လေးကလည်း ကောင်းတယ် မှတ်သင့်တယ်၊ ခရစ်ယာန်နဲ့တော့ သွားတူတယ်။
သူတို့ကကျတော့ ဘဝမှာ ဘုရားရဲ့ကျေးဇူး၊ စားတာသောက်တာလည်း ဘုရားရဲ့ကျေးဇူး၊ နောက်ဆုံး သေတာတောင် ဘုရားသခင်ရဲ့ ကျေးဇူးကြောင့်ဆိုပြီး ဖြစ်တယ်။ အားလုံးဟာ ဘုရားရဲ့ကျေးဇူးဆိုပြီး ယူကြတယ်။
ဒီမှာက အဲလိုထိအောင် ဆိုလိုတာတော့ မဟုတ်ဘူး၊ ပစ္စည်းလေးပါး ရရှိတာဟာ တနည်းအားဖြင့် မြတ်စွာဘုရားနဲ့ ပတ်သက်တယ်တဲ့။ ဘုရားက သံဃာတွေကို ပစ္စည်းလေးပါး ခွင့်ပြုခဲ့သည့်အတွက်ကြောင့် ဒကာဒကာမတွေက လှူကြတာ၊ ဒီလို တနည်းတဖုံအားဖြင့် ဘုရားခွင့်ပြုလို့ လှူသည့်အတွက်ကြောင့် ဒါဟာ ဘုရားပစ္စည်း ဘုရားကပေးတာလို့ ဆိုလိုတယ်။
ဘုရားပေးတယ်လို့ သိထားရင် ငါ့ကံနဲ့ငါရတာဆိုတဲ့အတွေးလည်း ဖျောက်လို့ရသွားပြီ၊ လျှော့ချလို့ ရသွားပြီ၊ ဒီလိုမှ လျှော့မချဘူးဆိုရင် မာနဝင်လာတတ်တယ်။
💠 အဟာသော အတ္ထလာဘေသု
အတ္ထလာဘဆိုတာ အကျိုးစီးပွားတွေ ရလာတယ် ကောင်းကျိုးတွေ ရလာတယ် ကြီးပွားတိုးတက်လာတယ်၊ ကိုယ့်ကျောင်းထဲမှာ ကျောင်းဒကာ ဒကာမတွေ ပေါလာတယ်၊ ဆွမ်းကပ်တွေ ပေါလာတယ်ဆိုရင် အဲဒီအချိန်မှာ
‘ဟာသ’ ဆိုတာ ဝမ်းသာပီတိဖြစ်တာ၊ ဘဝင်မြင့်တာ၊ အဲဒီလို ဝမ်းသာပီတိဖြစ်လွန်းခြင်းပင် ဘဝင်မြင့်ခြင်းဆိုတာမျိုး မဖြစ်စေရဘူးလို့ ဒီလိုဆိုလိုတယ်။
ဒါ အင်မတန်ကောင်းတဲ့ အဆုံးမတစ်ခုပဲ၊ ကိုယ့်ကိုယ်ကို သတိထားဖို့ ဖြစ်တယ်။
💠 နောက်တစ်ခုက ဘာတုန်းဆိုရင်
အတ္ထဗျာပတ္တိ အဗျထော
ဗျာပတ္တိဆိုတာ ဗျာပဇ္ဇန-ပျက်စီးခြင်း
အတ္ထဗျာပတ္တိ- ရလာတဲ့ လာဘ်လာဘတွေ ပျက်စီးတယ်၊ ကိုးကွယ်ဆည်းကပ်တဲ့ ဒကာဒကာမတွေ မရှိဘူး၊ ဆွမ်းလောင်းမည့်သူ မရှိဘူး၊ ကျောင်းလာမည့်သူတောင် မရှိဘူးဆိုတာ ဘုန်းကြီးတွေနဲ့ ပတ်သက်လာရင် ဒါဟာ အတ္ထဗျာပတ္တိပဲဖြစ်တယ်။
အဲလိုဖြစ်ရင်
အဗျထော (ဗျထ-စလနေ)
ဗျထဆိုတဲ့ပုဒ်က တုန်လှုပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်၊
တုန်လှုပ်တယ်ဆိုတာ လောကဓံကြောင့် ယိမ်းယိုင် တုန်လှုပ်သွားတာကို ခေါ်တာ၊
ကိုယ့်အကျိုးစီးပွား ပျက်ပြားသွားတဲ့အခါမှာ လူတွေဟာ ယိမ်းယိုင်သွားတတ်တယ် တုန်လှုပ်သွားတတ်တယ်။
အဲဒီ တုန်လှုပ်မှုလည်း မဖြစ်ပါစေနဲ့၊ စိတ်ဓာတ်ကျမသွားဘဲ ကြံ့ကြံ့ခံနိုင်ရမယ်လို့ ပြောတာ။
💠 ဒါတွေဟာ ဘဝတစ်သက်တာလုံးအတွက် ကိုယ့်ခေါင်းရင်းမှာ ချိတ်ဆွဲထားပြီး လိုက်နာရမည့် ဆုံးမချက်တွေပဲ။ နှလုံးထဲမှာ မှတ်သားထားသင့်တဲ့ ဆုံးမချက်တွေပဲ။
🔸 ဒက္ခံ ဂဟပတီ- လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းကိစ္စတွေမှာ လိမ္မာကျွမ်းကျင်မှု
🔸 သံဝိဘဇ္ဇဉ္စ ဘောဇနံ- ရလာတဲ့အခါမှာ မျှဝေသုံးဆောင်မှု
🔸 အဟာသော အတ္ထလာဘေသု- အောင်မြင်ကြီးပွားလာတဲ့အခါမှာ မမော်မကြွား ဘဝင်မမြင့်မှု
🔸 အတ္ထဗျာပတ္တိ အဗျထော- ဆုံးရှုံးပျက်စီးမှုနဲ့ ကြုံတဲ့အခါ စိတ်နှလုံး မတုန်မလှုပ်မှု
ကျန်တဲ့ ကြီးပွားတိုးတက်မှုတွေဟာ မပြောပလောက်ပါဘူး၊ သံဃာတွေအနေနဲ့ စာသင်သားတွေရော စာချဘုန်းကြီးတွေရော နာယကတိုက်အုပ် တိုက်ကြပ်တွေရော အဓိကအာရုံစိုက်ရမှာကတော့ ကိုယ့်ကျောင်းတိုက်ရဲ့ ပညာရည်တိုးတက်မှုပဲ အာရုံစိုက်သင့်တယ်၊ ကျန်တာတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေရင်းနဲ့ သူ့ဟာသူ ဖြစ်လာမှာတွေပဲ။
💠 အဲတော့ ဘုန်းကြီးတွေအနေနဲ့ နှုတ်ကပြောပြီးတော့ ကျောင်း ဘာမရှိလို့ ဘာလှူကြပါဦးဆိုတာမျိုးတွေ မပြောသင့်ဘူး။
သူတို့ဘာသာ လှူရင်တော့ လက်ခံ၊ တောင်းခံတာတော့ မကောင်းဘူး။
မြတ်စွာဘုရား ကိုယ်တိုင်ကိုက ပယုတ္တဝါစာ- ပစ္စည်းလေးပါးနဲ့ ပတ်သက်လာတဲ့အခါမှာ ရိပ်ဖမ်းသံဖမ်းတောင် မပြောရဘူးတဲ့။
💠 ပရိကထောဘာသဝိညတ္တိ ၊
န လဗ္ဘာ ပစ္စယဒွယေ။
🔸 ပရိကထာ- သွယ်ဝိုက်ပြီးမပြောရဘူး၊
🔸 ဩဘာသ- အရိပ်အယောင်မပြရဘူး၊
🔸 ဝိညတ္တိ- ဘာလှူပါဦးဆိုပြီး နှုတ်ကနေ မြွတ်ပြီး မတောင်းရဘူး၊
ဒါတွေလည်း သတိထားရမယ့် အရာတွေပဲ၊
ကိုယ်ရှိတာနဲ့ ရောင့်ရဲဖို့ပဲ။
ဒါဟာ မြတ်စွာဘုရား သင်္ကန်းခွင့်ပြုတုန်းကမိန့်တဲ့ စကားလေးတစ်ခုပဲ၊ မှတ်ထားဖို့ကောင်းတယ်။
အရင်တုန်းက ပံသုကူသင်္ကန်းပဲ ဝတ်ကြတယ်၊ နောက်ပိုင်းကျတော့ ဆရာဇီဝကကြီးက လျှောက်ထားလို့ ဒကာဒကာမတွေလှုတဲ့ သင်္ကန်းကို ခွင့်ပြုလိုက်တယ်၊ အဲဒီခွင့်ပြုတဲ့အချိန်မှာ မြတ်စွာဘုရားဟောတဲ့ စကားလေး မှတ်သားသင့်တယ်။
ယော ဣစ္ဆတိ သော ပံသုကူလိကော ဟောတု
ပံသုကူသင်္ကန်း ဆက်ဝတ်ချင် ဝတ်ပါတဲ့။
ယော ဣစ္ဆတိ ဂဟပတိစီဝရံ သာဒိယတု
ဒကာဒကာမတွေလှူတဲ့သင်္ကန်းကို လက်ခံချင်လည်း လက်ခံပါတဲ့။
ဒီနှစ်ခုထဲက ကိုယ်ကြိုက်တာ လုပ်လို့ရတယ်ဆိုပြီးတော့ မြတ်စွာဘုရားက ဘာဆက်မိန့်တုန်းဆိုရင်-
အရေးကြီးဆုံးကတော့-
ဣတရီတရေန သန္တုဋ္ဌိံ ဝဏ္ဏေမိ
ပံသုကူသင်္ကန်းပဲ ရရ ဂဟပတိစီဝရပဲ ရရ၊ ရတာနဲ့ ကျေနပ်ရမယ်လို့ ငါမှာကြားချင်တယ်တဲ့။
ဒါဟာလည်း ရဟန်းသံဃာတွေအတွက် သတိထားရမယ့် ကိစ္စတွေပဲ၊ ဘာလို့လဲဆို ကိုယ်က ဘုရားသားတာ်လေ၊
မြတ်စွာဘုရားရဲ့ တရားတော်တွေအတိုင်း ကိုယ့်ရဲ့ ရည်ရွယ်ချက်ကိုက မှန်ကန်နေဖို့လိုအပ်တယ်။
ငါတို့ဟာ ဘုရားဟောတဲ့ တရားတွေကို မပျောက်ပျက်ရအောင် စောင့်ရှောက်နေတာဖြစ်တယ်ဆိုတဲ့ ခံယူချက်တစ်ခုဟာ ပြည့်ဝနေဖို့ လိုအပ်တယ်။
💠 စာသင်တိုက်ဖွင့်တယ် စာချတယ် ဘုရားဟောတရားတွေ မပျောက်ပျက်ရအောင် လက်ဆင့်ကမ်းနေတယ်၊ ကိုယ်လုပ်တဲ့အလုပ်ဟာ အလွန်မြင့်မြတ်တဲ့အလုပ် ဆိုပြီးတော့ စိတ်ထဲမှာ တန်ဖိုးထားတတ်ဖို့ လိုတယ်။
အလုပ်တစ်ခုဟာ မြင့်မြတ်တယ်လို့ တန်ဖိုးထားမှလည်းပဲ လုပ်ရတဲ့အလုပ်အပေါ်မှာ စိတ်ပျော်ရွှင်ခြင်းဖြစ်လာတယ်။
ပြီးတော့ မြတ်စွာဘုရား ဟောကြားထားတဲ့ထဲမယ် အင်္ဂုတ္တိုရ်အဋ္ဌကထာထဲက ဒုကနိပါတ်လို့ ထင်ပါတယ် အချက်နှစ်ချက်ရှိတယ်၊
🔸 ဒကာဒကာမက ပစ္စည်းချမ်းသာတယ်၊ ဒါပေမယ့် နည်းနည်းပဲ လှူချင်တယ်ဆိုရင် ရဟန်းက နည်းနည်းပဲ အလှူခံပါ။
🔸 ဒကာဒကာမက ပစ္စည်းချမ်းသာတယ်၊ များများလှူချင်တယ်ဆိုရင်လည်း ကိုယ့်အတိုင်းတာနဲ့ကိုယ် အလှူခံပါ၊ လိုသလောက်လေးပဲ လက်ခံပါတဲ့။
အဲဒီစည်းကမ်းချက်တွေကလည်း အလွန်ကောင်းတယ်။
အဲတော့ ဘာပဲဖြစ်ဖြစ် ပစ္စည်းရေးရာနဲ့ ပတ်သက်လာလို့ရှိရင်
🔸 ပရိကထာ တို့၊
🔸 ဩဘာသ တို့၊
🔸 ဝိညတ္တိ တို့
အထူးသဖြင့် ဝိညတ္တိကို လုံးဝ ရှောင်ကြဉ်သင့်တယ်။
လူဆိုတာ မလိုချင်တော့ဘူးဆိုတဲ့အခါမှာ လှူတဲ့သူတွေက ပြည့်နေတာ၊ ကိုယ့်စိတ်ကို အမြဲတမ်း လိုချင်တဲ့ဘက်မှာ မရောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ စာပေမှာ အပ္ပိစ္ဆဂုဏ် ဆိုတာ ရှိတယ်လေ။
အပ္ပိစ္ဆာ(အပ္ပါ+ဣစ္ဆာ) အလိုနည်းခြင်းလို့ ဘာသာပြန်ကြတယ်၊ ဒါပေမယ့် တခါတခါ အပ္ပသဒ္ဒါက မရှိခြင်းထိအောင် ယူတယ်။ အလိုနည်းတာကိုမဟုတ်ဘူး လောဘမရှိတာလို့ ဆိုလိုတယ်၊ အဲလိုထိအောင် အဓိပ္ပါယ်ယူကြတယ်။
အပ္ပိစ္ဆဂုဏ်ဆိုတာ ကိုယ့်ရှိတဲ့ဂုဏ်တောင်မှ ထုတ်မပြောချင်ဘူး ပြောရမှာရှက်တယ်၊ မကြွားဘူးလို့ ဆိုလိုတယ်၊ ဂုဏ်နဲ့ပတ်သက်ပြီး အပ္ပိစ္ဆာဖြစ်တာ။
ပရိယတ္တိအပ္ပိစ္ဆာဆိုတာ ပရိယတ္တိနဲ့ပတ်သက်ပြီး ကိုယ်သင်ထားတဲ့စာတွေကို ထုတ်ပြီးမပြောဘူး။
အဓိဂမအပ္ပိစ္ဆာဆိုတာ ကိုယ်ရထားတဲ့ တရားထူးတရားမြတ်ကို ထုတ်မပြောဘူး။
ဒီအပ္ပစ္ဆဂုဏ်ဟာ ရဟန်းတွေအတွက် အလွန်တန်ဖိုးရှိတဲ့ ဂုဏ်ဖြစ်တယ်၊ ရဟန်းတွေရဲ့ ဂုဏ်သိက္ခာတစ်ခုလည်းဖြစ်တယ်၊ ဒါလည်း သတိထားပြီး လိုက်နာသင့်တဲ့အရာဖြစ်တယ်။
💠 ခြုံငုံပြောရမယ်ဆိုရင် ကိုယ့်သန္တာန်မှာ သီလ သမာဓိ ပညာ တိုးတက်ဖို့ပဲ ကြိုးစားရမယ်၊ ကျန်တဲ့တိုးတက်မှုကတော့ သူ့ဆိုင်ရာ အကျိုးသက်ရောက်မှုအနေနဲ့ ရောက်လာမှာဖြစ်တယ်၊ ကျန်တာအတွက် အားစိုက်စရာမလိုဘူး၊ ရှိတာနဲ့ မျှဝေသုံးစွဲမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မွေးထားပြီးတော့ …
၂၁-ရာစုမှာ ထူးချွန်တဲ့ သာသနာပြုပုဂ္ဂိုလ်တွေ၊ မြတ်စွာဘုရား နှစ်သက်မြတ်နိုးတဲ့ သာသနာပြုပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း…။
နာယူမှတ်သား ရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာ
14-12-2022
ဓာတ်ပုံမှတ်တမ်း
အရှင်ဝရဉာဏ (ဓမ္မသဟာယ)