လှုပ်ရှားမှု ပုံရိပ်များ
၁၃၈၄-ခု တပို့တွဲလဆန်း(၁၄)ရက် သောကြာနေ့ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကျောင်းတိုက်ခွဲများသို့ မိန့်ကြားသော ဩဝါဒအစီအစဉ်
☸️ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကျောင်းတိုက်ခွဲများသို့ မိန့်ကြားသော ဩဝါဒအစီအစဉ် ☸️
3.2.2023
၁၃၈၄-ခု တပိုတွဲလဆန်း(၁၄)ရက် သောကြာနေ့
💠 ပြီးခဲ့တဲ့ သီတင်းပတ်တွေက တရားပွဲတွေ ရှိနေတာမို့ ဩဝါဒတွေ မပေးဖြစ်ဘူး၊ ခု ဒီတစ်ပတ်မှာ တရားပွဲရပ်နားထားလို့ ဩဝါဒပေးဖြစ်ပါတယ်။
🔹 ပိဋကတ်သုံးပုံထဲက ပါဠိတွေကို လေ့လာဖတ်ရှုတဲ့အခါမှာ နဲနဲ သတိထားပြီးတော့ ဖတ်ကြည့်ကြ၊
ဘယ်သုတ္တန်က မြတ်စွာဘုရားရဲ့ သက်တော် ဘယ်လောက်မှာ ဟောတာဖြစ်နိုင်တယ်ဆိုတာမျိုး၊ တစ်ချို့ဟာတွေက ခန့်မှန်းတွက်ကြည့်လို့ သိနိုင်တယ်ပေါ့နော်။
ဥပမာမယ်-
ဒေဝဒတ်က မြတ်စွာဘုရားဆီက သင်းခွဲသွားတာ မြတ်စွာဘုရားရဲ့ သက်တော် ဘယ်အရွယ်တုန်းဆိုတာ စာထဲမှာတော့ တိုက်ရိုက်ပါတာမျိုး မရှိပေမယ့်လို့ ခန့်မှန်း တွက်ချက်လို့ ရတယ်။
ဘယ်သုတ်ကို ကြည့်ရမတုန်းဆိုရင်-
အဇာတသတ်ဘုရင်က မြတ်စွာဘုရားရဲ့ သက်တော်(၇၂)နှစ်မှာ နန်းတက်တာ၊ အဲတော့ အဲဒီနောက်ပိုင်းမှ ဖြစ်တယ်လို့ ပြောနိုင်တယ်ပေါ့။
မြတ်စွာဘုရား သက်တော် (၇၂)နှစ်မှ အဇာတသတ်နန်းတက်တာကို တခြားအထောက်ထား ရှိသလားဆိုတော့-
စူဠသစ္စကသုတ်ကို ကြည့်လိုက်ရင် အထောက်ထားတစ်ခု ရနိုင်တယ်။
စူဠသစ္စကသုတ်မှာ မြတ်စွာဘုရားက သစ္စကကြီးကို ပြန်ပြီးတော့ မေးခွန်းထုတ်တယ်၊
“မင်း ရုပ်ကိုပိုင်တယ်ဆိုရင် ကိုယ့်ရုပ်ကို အမိန့်ပေးလို့ ရသလား?”
ဥပမာမယ်-
ကာသိကောသလတိုင်းကို အစိုးရတဲ့ ပသေနဒီ ကောသလမင်းကြီးဟာ သူ့တိုင်းမှာ ရှိတဲ့လူတွေကို သူကအမိန့်ပေးလို့ ရတယ်၊ ဖမ်းဆီးထိန်းချုပ်နိုင်တယ်၊ မင်း အဲသလို အမိန့်ပေးလို့ ရသလား?”
အဲဒီ ဥပမာပေးသလိုပဲ အဲဒီအချိန်မှာ ဗိမ္ဗိသာရမင်းကြီး မရှိတော့ဘူးဆိုတာ ထင်ရှားသွားပြီ၊
“မဂဓတိုင်းကို အစိုးရတဲ့ အဇာတသတ်မင်း- ရာဇာ မာဂဓော အဇာတသတ္တု” ဒီစကားလုံးကို ထောက်မယ်ဆိုရင်
မြတ်စွာဘုရားဟာ သစ္စကနဲ့ တွေ့တာလည်းပဲ သက်တော် (၇၂)နှစ်ကျော်မှ တွေ့တာ၊ ဒေဝဒတ်က သင်းခွဲတာလည်း (၇၂)ကျော်မှ ဖြစ်တာလို့ ဒီလိုသိနိုင်တယ်။
တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်ပြီးတော့ ကြည့်လို့ရတယ်။
🔹 နောက်တစ်ခါ ကောသလမင်းကြီးနဲ့ မြတ်စွာဘုရားနဲ့ ဘယ်သူက အသက်ကြီးသလဲဆို အသက်ရွယ် တူကြတယ်၊ မွေးနေ့တော့ တူချင်မှ တူမယ်ပေါ့။
သက်တူ ရွယ်တူဆိုတာကို ဘယ်သုတ်ကို ထောက်ကြည့်မတုန်းဆိုရင်-
မဇ္ဈိမနိကာယ်ထဲမှာ ဓမ္မစေတိယသုတ်ဆိုတာ ရှိတယ်။
မြတ်စွာဘုရားနဲ့ ကောသလမင်းကြီးနဲ့ နောက်ဆုံးတွေ့တဲ့ သုတ္တန်မှာတော့ ကောသလမင်းကြီးက မြတ်စွာဘုရားကို လျှောက်တဲ့စကားမှာ-
ဘဂဝါပိ ကောသလော၊ အဟမ္ပိ ကောသလော- မြတ်စွာဘုရားလည်း ကောသလတိုင်းသားပဲ တပည့်တော်လည်း ကောသလတိုင်းသားပဲ တဲ့။
ပြောမယ်ဆိုရင်- ကောသလမင်းကြီးရဲ့ ကောသိကောသလတိုင်းဆိုတာ ကပိလဝတ်တို့ သက္ကတိုင်းတို့ထိအောင် ပါတဲ့သဘောရှိတယ်၊ ကောသလတိုင်းထဲက တိုင်းအငယ်လေးတွေ မြို့အငယ်လေးတွေဟာ ကောသလမင်းကြီးရဲ့ အုပ်ချုပ်မှုအောက်လို့ ပြောလို့ရတယ်၊ ကောသလမင်းကြီးက ကာသိတိုင်း ကောသလတိုင်း နှစ်ခုကို အုပ်စိုးထားတာ၊ သက္ကတိုင်းတို့ဟာ ကောသလတိုင်းထဲမှာ ပါနေတယ်လို့ ဆိုလိုတယ်။
ဒါကြောင့်မို့ များသောအားဖြင့်တော့ သုဒ္ဓေါဓနမင်းတို့ ဘာတို့ဟာ သူတို့က ဧကရာဇ်ဘုရင်တွေ မဟုတ်ဘူး၊ ဂဏရာဇာဆိုပြီး စုပေါင်းအုပ်ချုပ်တာ၊ ကိုယ့်နေရာမှာတော့ ကိုယ့်မင်းပဲ၊ တစ်တိုင်းပြည်လုံးရဲ့ မင်းမဟုတ်ဘူး၊ အုပ်စုလိုက် နေကြတာ၊ သဘောမှာ ဝေသာလီနဲ့ သွားတူတယ်။
ဝေသာလီက လိစ္ဆဝီမင်းတွေ ၇၇၀၇-ယောက် ဆိုပါစို့၊ သာကီဝင်းမင်းတွေဟာလည်း ဂဏန်းတော့ မတွေ့ရပေမယ့် အဲဒီလို ဂဏရာဇာ စုပေါင်းပြီး အုပ်ချုပ်ကြတာ၊ ကောသလက သူ့စစ်တပ်နဲ့သူ နန်းတော်တစ်ခု၊ ဘဒ္ဒိယတို့ သာကီဝင်တွေဟာလည်း သူ့စစ်တပ်နဲ့သူ ဖြစ်ဖွယ်ရှိတယ်၊ အဲဒီ ဂဏရာဇာတွေ မှန်သမျှ သန္ထာဂါရဆိုတာ ရှိတယ်။
စာကြည့်တဲ့အခါမှာ အဲဒါမျိုးတွေကို စိတ်ဝင်တစား ကြည့်ရမယ်။
ဒါက သမိုင်းနဲ့ ပတ်သက်တာလေးတွေပေါ့။
တစ်ခုနဲ့တစ်ခု ထောက်ထားပြီးတော့ ဘယ်ခေတ်မှာ ဘယ်လိုဖြစ်တယ်ဆိုတာ မှန်းကြည့်နိုင်တယ်ပေါ့။
ပါဠိရဲ့အထောက်ထားတွေက အင်မတန်မှ ကောင်းမွန်တယ်၊ တစ်ခါတလေကျတော့ အဋ္ဌကထာထဲမှာ ရှိတတ်တယ်။
🔹 ဆိုပါစို့ ချောင်ကြိုချောင်ကြားက မှတ်သားစရာတစ်ခု ပြောရမယ်ဆိုရင်-
ရှင်သာရိပုတတရာနဲ့ ရှင်မောဂ္ဂလာန်မှာ ရှင်သာရိပုတ္တရာက အသားဖြူတယ်၊ ရှင်မောဂ္ဂလာန်က အသားမဲတယ်။
အဲဒါ ဘယ်မှာပါတုန်းဆို ဥဒါနအဋ္ဌထာထဲမှာ ပါတယ်၊ အဲလိုဟာလေးတွေပေါ့ နော်။
စာကြည့်ရင်း အထောက်ထားလေးတွေ မှတ်ထားမယ်ဆိုရင်တော့ အထွေထွေ ဗဟုဿုတတွေ အများကြီး ရလာနိုင်တယ်။
🔹 နောက်ပြီး မြတ်စွာဘုရားနဲ့ မဟာနာမ သာကီဝင်မင်း ဘယ်သူကကြီးလဲ ဘယ်လောက်ကြီးလဲဆိုတာမျိုး၊ အဲဒါကလည်း ပါစိတ်ပါဠိတော် ဘေသဇ္ဇပဝါရဏာ စာတုမာသပဝါရဏာဆိုတဲ့ မဟာနာမသိက္ခာပုဒ်ဆိုတာ ရှိတယ်၊ မြတ်စွာဘုရားထက် လပိုင်းလောက်ကြီးတယ်ဆိုတာ အဲဒီမှာပါတယ်။
မဟာနာမ်က အနာဂါမ်အဆင့်ထိရောက်တယ် မြတ်စွာဘုရားထက် လပိုင်းကြီးတယ်ဆိုတာ ပါတယ်။
အဲတော့ မြတ်စွာဘုရားထက် လပိုင်းကြီးတယ်ဆိုတော့ သူ့ထက်ငယ်တဲ့ ရှင်အနုရုဒ္ဓါက မြတ်စွာဘုရားထက် ငယ်တယ်ဆိုတဲ့ အဓိပ္ပါယ် ရတယ်။
🔹 တစ်ခါ-
ရှင်အာနန္ဒာနဲ့ ရှင်အနုရုဒ္ဓါမှာ ဘယ်သူကကြီးလဲဆိုပြန်တော့ ရှင်အာနန္ဒာနဲ့ ရှင်အနုရုဒ္ဓါဟာ သင်္ကန်း တူတူဝတ်လာကြတာပဲ၊ စာပေတော်တော်များများ ကြည့်လိုက်မယ်ဆိုရင် အသုံးအစွဲတွေမှာ တွေ့ရသလောက် ဆက်ဆံရေးနဲ့ ပတ်သက်လာရင် ရှင်အနုရုဒ္ဓါက ကြီးတဲ့ပုံစံမျိုးတွေ တွေ့ရတယ်။
ဒီလိုဆိုရင်-
ရှင်အာနန္ဒာက မြတ်စွာဘုရားနဲ့ ဖွားဖက်တော် ဆိုတာ ဟုတ်ပါ့မလား? စဉ်းစားစရာလေးတွေပေါ့။
တခြားအဋ္ဌကထာတွေကတော့ ဖွားဖက်တော်ဆိုပြီး ရေးတယ်၊ သို့သော် ဖွားဖက်တော် မဟုတ်ဘူးဆိုတာကျတော့ ဗုဒ္ဓဝံသအဋ္ဌကထာဖြစ်မယ် အဲဒီမှာ “အာ ဗော ကာ ယ ဆံ ရွှေ ကဏ်” အတိုကောက်လုပ်ထားတာ ရှိတယ်၊
အာ-ဆိုတာ အာနန္ဒာ
ဗော- က ဗောဓိပင်
ကာ- က ကာဠုဒါယီအမတ်
ယ- က ယသောဓရာ
ဆံ- က မောင်ဆံ ဆန္ဒအမတ်
ရွှေ- က ရွှေအိုးကြီးလေးလုံး
ကဏ်- က ကဏ္ဍကမြင်း
ဒ်ိထဲမှာ သက်မဲ့တွေလည်း ပါတယ်။
ဒီမှာ အာကို အာနန္ဒာယူသလို နောက်တစ်နည်းက အာရောဟဏိယဟတ္ထိဆိုပြီး စီးတော်ဆင်ယာဉ်ကို ယူတာလည်း ရှိတယ်။
ဒီလိုကွဲလွဲမှုလေးတွေလည်း ရှိတော့ ရှင်အာနန္ဒာက မြတ်စွာဘုရားနဲ့ ဖွားဖက်တော် ဟုတ်ပါ့မလားဆိုပြီးတော့ သံသယဖြစ်စရာတော့ ရှိတယ်၊ ခုနကအထောက်ထားတွေအရဆိုလည်း မြတ်စွာဘုရားထက် တော်တော်ငယ်တယ်။
နောက်တစ်ခုက မြတ်စွာဘုရားကလည်း အသက်(၈၀) ၊ ရှင်အာနန္ဒာကလည်း အသက်(၈၀)၊ စဉ်းစားကြည့်ရင် သက်တူရွယ်တူမှာ ပြုစုဖို့ဆိုတာ အဖိုးကြီးတစ်ယောက်ကို အဖိုးကြီးတစ်ယောက်ကို ပြုစုရတာမျိုးဟာ သဘာဝမကျဘူး၊ ငယ်တဲ့တစ်ယောက်က ပြုစုရတာမျိုးကသာ သဘာဝကျတယ်။
နောက် ရှင်အနုရုဒ္ဓါကို ဆက်ဆံတဲ့အခါမှာ ရှင်အာနန္ဒာက “ဘန္တေ အနုရုဒ္ဓ”ဆိုပြီး ဘန္တေနဲ့ သုံးတာများတယ်၊ ဒီတော့ မြတ်စွာဘုရားထက် ငယ်တဲ့ ရှင်အနုရုဒ္ဓါက ရှင်အာနန္ဒာထက်ကြီးနေတယ်ဆိုရင် ရှင်အာနန္ဒာက မြတ်စွာဘုရားနဲ့ ဖွားဖက်တော်ဆိုတာ မဖြစ်နိုင်ဘူး။
ဒီလိုပေါ့ စာပေတွေကို သေသေချာချာ လေ့လာဖတ်ရှုရင် ဗဟုဿုတတွေ အများကြီး ရလာနိုင်တယ်။
ကြည့်တဲ့အခါမှာ ရှုထောင့်မျိုးစုံကနေ ကြည့်တတ်ဖို့ လိုတယ်၊ သမိုင်းအမြင်နဲ့လည်း ကြည့်ဖို့လိုတယ်၊ ယုတ္တိယုတ္တာသဘောမျိုးနဲ့လည်း ကြည့်ရမယ်၊ ဘုန်းကြီးတွေက အဲဒီဘက်မှာ နည်းနည်းလေး အားနည်းတဲ့သဘောမှာ ရှိတယ်၊ အဲဒါကြောင့် ဒီလိုမဖြစ်ရအောင် M.A မဟာဝိဇ္ဇာတန်းတွေ ကျမ်းပြုတဲ့အခါ ဒါမျိုးလေးတွေ ပြုစုဖို့လိုအပ်တယ်။
ကိုယ်တွေးတဲ့ဟာက ယုတ္တိရှိဖို့တော့ လိုတယ်၊ အကြောင်းအကျိုး ဆက်စပ်ဖို့ လိုတယ်။
💠 ဒါနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ အရင်တခါကလည်း ပြောထားပြီးဖြစ်တယ်၊ အန္ဓကဝိန္ဒသုတ်ဆိုတာ ရှိတယ်၊ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ စတင်ဝင်ပြီဆိုရင် ရဟန်းတွေက လိုက်နာရမယ့်အရာတွေ ပြောပြရမယ်၊
ငါ့ရှင်-
🔸 ပါတိမောက္ခသံဝရသီလနဲ့ ပြည့်စုံအောင် နေ၊
အာစာရဂေါစရနဲ့ ပြည့်စုံအောင် နေ၊
သ်က္ခာပုဒ်တွေမှာ အသေးဖွဲကစပြီးတော့ မကျူးလွန်မိအောင်နေ ဆိုပြီး သင်ပြရမယ်၊
🔸 နောက်တခါ ဣန္ဒြေစောင့်စည်းဖို့-
ရဟန်းဖြစ်လာပြီဆိုရင် မျက်စိ နား နှာ လျှာ ကာယ မန ဆိုတဲ့ ဣန္ဒြေတွေကို သတိနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ်။
ပြီးတဲ့အခါ-
🔸 စကား များများ မပြောနဲ့
ကိုယ်လုပ်ရမယ့်အလုပ်ကို ကြိုးစားလုပ်
🔸 တောရကျောင်းတွေမှာ နေ
🔸 မှန်ကန်တဲ့အမြင် ရှိပါစေ
အဲဒီ၅-ခုကို သင်ပြပေးရမယ်တဲ့။
အဲဒီထဲမယ် ပရိယတ္တိစာကြိုးစားဖို့ စာပေသင်ဖို့ဆိုတာ မပါပြန်ဘူး၊ ဘာလို့လဲဆိုတာ စဉ်းစားကြည့်။
🔹 မြတ်စွာဘုရားက ရှေ့ပိုင်းမှာ ဓမ္မစကြာက စဟောတယ်၊ တရားဟောတဲ့ခါ များများစားစား မရှိဘူး၊ မဂ္ဂင်ရှစ်ပါးနဲ့ သစ္စာလေးပါးပဲ၊ ရှေ့ပိုင်းမှာ အဲဒါတွေချည်းပဲ ဟောတာ။
ပရိယတ္တိလို့ သုံးတာ သိပ်မရှိသေးဘူး။
ငယ်ငယ်တုန်းကဆိုရင် ပရိယတ္တိသမားကို ပဋိပတ္တိသမားက အပုတ်ချတယ်၊ အပြစ်ပြောချင်တယ်။
နောက် ပရိယတ်သမားကလည်း ပဋိပတ်သမားကို အပြစ်ပြောချင်တယ်။
အမှန်ကတော့ ဘာမှပြောစရာ မရှိပါဘူး၊ ဒင်္ဂါးပြားလိုပဲ ဂေါင်းနဲ့ပန်းပဲ၊ ဒီနှစ်ခုက ကပ်နေတာ၊ မြန်မာပြည်မှာ တစ်ခါတစ်ခါ ဒါမျိုး ပေါ်တတ်သေးတယ်။
အဲတော့ စဉ်းစားကြည့်လို့ရတာတော့ ရှေ့ပိုင်းသုတ္တန်တွေမှာ သင်ကြားဖို့ဆိုတာကို သိပ်မပြောဘူး၊ နောက်ပိုင်းရောက်လာတဲ့အခါ ဟောတဲ့တရားတွေကလည်း တဖြည်းဖြည်း များလာတယ်၊ ဒါတွေဟာ ရေရှည်တည်ဖို့ရာ ခက်လာတယ်၊ ရေရှည်တည်ဖို့ အရေးကြီးလာတယ်။
ပြီးတော့ မြတ်စွာဘုရားက သာသနာပြုနိုင်ခဲ့တဲ့ နှစ်ကလည်း (၄၅)နှစ်ပဲ ကြာတာကိုး။
(၄၅)နှစ်အတွင်းမှာ တရားတွေ ကြိုးစားပြီးဟောသွားတော့ အဲဒီတရားတွေ မပျောက်ပျက်ဖို့ရာ သိပ်အရေးကြီးလာတယ်။
ဘယ်လောက်ကစ ပြောင်းလဲလာသလဲဆိုတာ ခန့်မှန်ပြောရရင်
ဂေါတမဘုရားမှာ ပထမဗောဓိ ဒုတိယဗောဓိလို့ အပိုင်းခြား နှစ်ခုရှိတယ်။
ပထမဗောဓိဆိုတာ ရှေ့ပိုင်းဝါ-၂၀
ဒုတိယဗောဓိဆိုတာ နောက်ပိုင်း ဝါ-၂၀ (၂၅)ပေါ့နော်။
အဲတော့ တစ်ချို့သိက္ခာပုဒ်တွေက ပထမဗောဓိမှာ မများသေးဘူး၊ မများသေးတော့ အဲဒီခေတ်မှာ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေလည်း များတယ်၊ နောက်ပိုင်းကျတော့ စည်းကမ်းဥပဒေတွေ သိက္ခာပုဒ်တွေကလည်း များလာတယ်၊ ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကျ လျော့နည်းလာတယ်။
ဟုတ်တာပေါ့၊ အရင်တုန်းက ပဉ္စဝဂ္ဂီ၅-ဦးဆို တရားဟောလိုက်တာနဲ့ ရဟန္တာဖြစ်သွားကြတယ်၊ ယသဆိုလည်း သင်္ကန်းမဝတ်ခင် ရဟန္တာဖြစ်တာပဲ၊ ဥရုဝေလရသေ့ညီနောင် ရှင်တစ်ထောင်ဟာလည်း ရဟန္တာဖြစ်သွားကြတာတွေပဲ။
သာသနာ့ဘောင် စဝင်လာထဲက ရဟန္တာဖြစ်သည့်အတွက်ကြောင့် သိက္ခာပုဒ်တွေ ပညတ်စရာ သိပ်မရှိဘူး၊ တဖြည်းဖြည်း နောက်ပိုင်း အပြစ်တွေများလာမှ ပညတ်ရတာ။
ဘုရားကိုယ်တိုင်က ဘာပြောတုန်းဆို-
တချိန်တုန်းက ရဟန်းတွေက ငါ့ရဲ့စိတ်တိုင်းကျ ဖြစ်ခဲ့တယ်ဆိုပြီး ပြောပြထားတဲ့ သုတ္တန် လေးရှိတယ်၊ အဲဒီနောက်ပိုင်းတော့ စိတ်တိုင်းမကျဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့နော်။
လောကကြီးဟာ ဆုတ်ယုတ်လာတဲ့သဘောပဲ၊ ကိုယ်ကျင့်တရားဘက်က ဆုတ်ယုတ်လာရင် ဥပဒေတွေကလည်း များလာတယ်၊ လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်က နည်းလာတယ်၊ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေလည်း နည်းလာတယ်။
ဒါဟာ မြတ်စွာဘုရားရဲ့ ပထမဗောဓိ ပထမ ဝါ-၂၀နောက်ပိုင်းထဲက ဆုတ်ယုတ်လာခဲ့တယ်လို့ ဒီလိုဆိုလိုတယ်ပေါ့။
💠 အဲဒီနောက်ပိုင်း တရားဟောတဲ့အခါ
နံပါတ်၁-က သီလ
နံပါတ် ၂-က သုတ ဖြစ်သွားတယ်။
အရင်တုန်းက သီလပြီးရင်
ဣနြ္ဒိယသံဝရ ဘောဇနေမတ္တညုတာ
ဇာဂရိယာနုယောဂ
တရားကျင့်စဉ်မှာ အပဏ္ဏကသုတ်တို့မှာ ကြည့်လိုက်ရင် ဒီတိုင်းပဲ ဟောထားတာ။
ကမ္မဋ္ဌာန်းအားထုတ်ဖို့ပဲ ပါတာ၊ စာသင်ဖို့မပါဘူး ဒီထဲမှာ။
နောက်ပိုင်းဟောတဲ့သုတ်တွေကျ ပြောင်းသွားတယ်၊ အင်္ဂုတ္တိုရ်မှာ ကြည့် ကြည့်တဲ့ခါ
နံပါတ်၁-က သီလဝါ
နံပါတ်၂-က ဗဟုဿုတော ဆိုပြီး သုတပါလာတယ်။
🔹 သီလဆိုတာ ပဋိပတ်ပဲ၊
သုတဆိုတာ ပရိယတ်ပဲ၊
ဒါကြောင့် ပဋိပတ္တိနဲ့ ပရိယတ္တိဟာ အငြင်းပွားရမှာ မဟုတ်ဘူး၊ တွဲဖက်ထားပြီးသား။
ဒို့ နာယကဆရာတော်ကြီး အမိန့်ရှိထားသလို
“စာပေလည်းသင် ကျင့်လည်းပြင် မြှင့်တင်သာသနာ” ဆိုတာ ပရိယတ် ပဋိပတ် တွဲသွားတဲ့သဘောကို ပြောတာ။
အဲဒီထက် ထင်ရှားတဲ့ သုတ္တန်တွေ ရှိသေးတယ်၊
သုတနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်လေးမျိုးရှိတယ်။
💠 ပုဂ္ဂိုလ်လေးမျိုး
၁။ သီလလည်းမရှိဘူး သုတလည်းမရှိဘူးဆိုရင် သူဟာ ကိုယ်ကျင့်ဘက်ကလည်း ကဲရဲ့ထိုက်တယ်၊ သုတဘက်ကလည်း ကဲ့ရဲ့ထိုက်တယ်။
၂။ သီလတော့ရှိတယ် သုတတော့မရှိဘူးဆိုရင်
သုတဘက်က ကဲ့ရဲ့ထိုက်တယ်၊ သီလဘက်က ချီးမွမ်းထိုက်တယ်။
၃။ သီလမရှိဘူး သုတတော့ရှိတယ်ဆိုရင် သီလဘက်က ကဲ့ရဲ့ထိုက်တယ်၊ သုတဘက်က ချီးမွမ်းထိုက်တယ်။
၄။ သီလ သုတ နှစ်မျိုးလုံးရှိရင် ၂-မျိုးလုံးဘက်က ချီးမွမ်းထိုက်တယ်။
ဒီလိုသုတ္တန်လေးတွေဟာ နောက်ပိုင်းမှ ပေါ်လာတဲ့သဘော ရှိတယ်၊ သုတကို ဦးစားပေးလာတယ်။
အပ္ပဿုတမ္ပိ စေ ဟောတိ ၊ သီလမ္ပိ သုသမာဟိတော။
အပ္ပဿုတဆိုတာ စာများများ မသင်ဖူးဘူး၊ သုတဆိုတာ သင်ကြားတာပဲ၊ ရှင်အာနန္ဒာပြောတာကိုပဲကြည့်၊ ဧဝံ မေ သုတံ ဆိုတာ၊
ဘုရားဆီက နားနဲ့ကြားနာသင်ယူခဲ့ရတာ။
ဒါကြောင့်မို့ ဗုဒ္ဓ၄-မျိုးခွဲတဲ့အခါ စာပေဗဟုဿုတရှိတဲ့ပုဂ္ဂိုလ်ကို သုတဗုဒ္ဓလို့ ခေါ်တယ်ဆိုပြီး နောက်ပိုင်း အဋ္ဌကထာတွေ ရေးလာကြတယ်။
🔹 ဗုဒ္ဓ၄-မျိုးဆိုတာ
၁။ သဗ္ဗညုဗုဒ္ဓ ၊
၂။ ပစ္စေကဗုဒ္ဓ ၊
၃။ စတုသစ္စဗုဒ္ဓ ၊
၄။ သုတဗုဒ္ဓ ဒီ၄-မျိုးကို ပြောတာ။
အဲဒီမှာ သုတကို တန်ဖိုးထားလာတယ်လို့ ပြောလို့ရတယ်။
ဗဟုဿုတောပိ စေ ဟောတိ ၊ သီလေသု သုသမာဟိတော။
ဥဘယေန နံ ပသံသန္တိ ၊ သီလတော စ သုတေန စ။
နှစ်ခုစလုံး ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို နှစ်ဖက်စလုံးက ချီးမွမ်းထိုက်တယ်။
ဒီစာပိုဒ်လေးတွေဟာ မြတ်စွာဘုရားရဲ့ သာသနာနောက်ပိုင်းမှာ သီလလည်း ပြည့်စုံဖို့ လိုသလို သုတလည်း ပြည့်စုံဖို့လိုတယ်ဆိုပြီး စာပေဘက်ကို ဦးစားပေးလာတဲ့သဘောကို ပြတယ်လို့ ပြောရမှာဖြစ်တယ်။
🔹 နောက်ထပ် သဒ္ဓမ္မသမ္မောသသုတ်တွေကို ကြည့်မယ်ဆိုရင်လည်း သက္ကစ္စံ ဓမ္မံ ပရိယာပုဏန္တိ, သက္ကစ္စံ ဓမ္မံ ဝါစေန္တိဆိုပြီး တိုက်ရိုက်စကားလုံးတွေ ပါလာပြီ။
ကိုယ်တိုင်လည်း သင်ယူရမယ်၊ သူများကိုလည်း လေးလေးစားစား ပို့ချရမယ်ဆိုပြီး နောက်ပိုင်းကျ အဲလိုကိုဖြစ်လာတယ်။
နောက်ဆုံးမှာ သတိထားမိကြလိမ့်မယ်-
ဝါတွင်းကာလမှာဆိုရင် အကြောင်းမရှိဘဲ ခရီးမသွားရဘူးဆိုတဲ့နေရာမှာ သီတင်းသုံးဖော် ၅-ဦးကြောင့်ဆို သွားလို့ရတယ်၊ မိဘကိစ္စတွေဆို သွားလို့ရတယ်။
နောက်ပိုင်းမှာ ဘာတစ်ခု ပညတ်ထားတာရှိတုန်းဆိုရင်-
ဥပါသကာတစ်ယောက်က ဘုရားဟောသုတ္တန် တစ်ခု သူ ရထားတယ်၊ သူမမေ့ခင် သူ့ဆီမှာ အရှင်ဘုရားတို့ လာသင်ယူပါဆိုရင် ဝါတွင်းလည်း သွားခွင့်ပေးထားတယ်၊ အရေးကြီးတဲ့ကိစ္စသဘောလို့ သတ်မှတ်ထားတာ၊ ဒါ ဝဿူပနာယိကက္ခန္ဓကမှာ ရှာကြည့်ပေါ့ တွေ့နိုင်လိမ့်မယ်။
မြတ်စွာဘုရားရဲ့ ဟောပြောချက် ပညတ်ချက်တွေဟာ အင်မတန်မှ အားရကျေနပ်စရာကောင်းတယ်၊ တိုးတက်မယ့်ဘက်ကိုပဲ ဦးတည်ထားတယ်၊ ဆုတ်ယုတ်မယ့်ဘက်ကို ဦးတည်ထာယတာမဟုတ်ဘူး။
နောက်ပိုင်းမှာ မြတ်စွာဘုရားက ဘယ်လောက်ထိဟောထားလဲဆိုရင်
🔸 ရဟန်းတွေဘဝမှာ ရိုးသားဖြောင့်မတ်ပြီး စိတ်ကောင်းနှလုံးကောင်း ရှိတယ် မာန်မာနမကြီးဘူးဆိုရင် သာသနာ့အလုပ် လုပ်နေတယ်ဆိုရင် စာတတ်တယ် စာပေပို့ချနေတယ် တရားဟောနေတယ် စသဖြင့် သာသနာ့အလုပ် လုပ်နေတယ်ဆိုရင် သူနဲ့ ယူဇနာတစ်ရာ ဝေးချင်ဝေးပါစေ သူနဲ့အတူနေတယ်လို့ ပြောနိုင်ပါတယ်တဲ့။
🔸 နောက်တစ်ခါ
စိတ်ကောင်းနှလုံးကောင်း မရှိဘူး၊ မာန်မာနတွေကြီးတယ် ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်တွေဟာ သူ့သင်္ကန်းစွန်းကို ဆွဲပြီး (ဒါက တင်စားပြီးပြောတာပေါ့ သင်္ကန်းတော့ဆွဲမလိုင်ပါဘူး၊ ရာဟုလာအမွေတောင်းတုန်းကသာ သင်္ကန်းဆွဲလိုက်တာ၊ သူ့နောက်က တကောက်ကောက်လိုက်တာကိုပြောတာ) နောက်ကနေ ထပ်ကြပ်မကွာ လိုက်နေသော်လည်း ငါနဲ့အဝေးကြီးပဲတဲ့။ ဒါ သင်္ဃာဋိကဏ္ဏသုတ်မှာ ဟောထားတယ် ဣတိဝုတ်ပါဠိတော်မှာ ပါတယ် ဖတ်ကြည့်ကြပေါ့။
ဒါဟာ ဘာဖြစ်လဲဆိုရင်
ဓမ္မံ ဟိ ပဿန္တော မံ ပဿတိ
ဓမ္မကိုမြင်မှ ငါ့ကိုမြင်မယ်
သူဟာ ဓမ္မကိုမျက်ကွယ်ပြုထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ အဲဒီမှာ တစ်ခုပေါ့။
ကိံ တေ ဝက္ကလိ ဣမိနာ ပူတိကာယေန စသည်ဖြင့် အပြန်အလှန် ဟောထားတာလည်း တစ်ခုပေါ့။
အဲဒီ သင်္ဃာဋိကဏ္ဏသုတ်မှာကျတော့ သူဟာ ဓမ္မကို မမြင်ဘူး၊ ဓမ္မကိုမြင်မှ ငါ့ကို မြင်လို့ရမယ် အဲဒီလို ဟောထားတာ ရှိတယ်။
အဲဒီတော့ ဒီအတွေးခေါ်တွေဟာ ပိဋကတ်စာပေတွေထဲမှာ ရှိနေတာဖြစ်လို့ နီးခြင်းဝေးခြင်း, မြတ်စွာဘုရားနဲ့ မတွေ့လိုက်ရသော်လည်း မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်တွေကို သိရှိနားလည်နေလို့ရှိရင် ကိုယ့်အဖို့မှာ ဘုရားနဲ့အတူ နေရသလို ဖြစ်နိုင်တယ်။
🔸 ဒါကြောင့်မို့ ပိဋကတ်စာပေတွေကို ကြည့်နိုင်တဲ့ အနေထားရောက်ပြီဆိုရင် အချိန်လေးတစ်ခု ယူပြီးတော့ ပိဋကတ်စာတွေကို များများဖတ်ကြပါ။
အနက်မထင်ပေမယ့် ဖတ်နေကြာလာရင် ကြည့်တတ်သွားလိမ့်မယ်၊ ပါဠိတော်ကိုကြည့်လို့ အားမရရင် အဋ္ဌကထာကိုကြည့်မယ်၊ အဋ္ဌကထာကို ကြည့်လို့ အားမရရင် ဋီကာကြည့်မယ်။
ကြည့်ပါများတဲ့အခါကျတော့ စကားလုံးတွေဟာ ကိုယ့်သန္တာန်မှာ စွဲလာမှာဖြစ်တယ်၊ အားလုံးဟာ အလွယ်တကူ သိရှိတတ်မြောက်သွားကြမှာဖြစ်တယ်။
အဲဒီထဲကနေ အဖွင့်တွေကို မှတ်သားပြီး ကောနှုတ်ချက်လေးတွေ နုတ်ထုတ်ထားရင်တော့ ပိုပြီးတန်ဖိုးရှိတဲ့ ကျမ်းတစ်ကျမ်းတောင် ဖြစ်သွားနိုင်တယ်ပေါ့။
စာဖတ်ရင်းကနေ အဖွင့်လေးတွေ ရေးသွားမယ်၊ သို့မဟုတ် ဝိဂြိုဟ်လေးတွေ ရေးသွားမယ်ဆိုရင် အင်မတန်မှ တန်ဖိုးရှိတဲ့အရာတွေ ရသွားမယ်နော်။
💠 ဒါ့ကြောင့် နာယက တိုက်အုပ် တိုက်ကြပ် စာချဆိုတဲ့ အဆင့်ရောက်နေပြီဆိုလို့ရှိရင် အခြားအရာတွေနဲ့ အချိန်မကုန်စေဘဲ ကိုယ့်အတွက် အချိန်လေးတစ်ချိန် ထားပြီးတော့ ဖတ်ကြပါလို့ တိုက်တွန်းရင်း ဩဝါဒစကားကို အဆုံးသတ်လိုက်ပါတယ်….။
အားလုံး….
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ကြပါစေ….။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
နာယူမှတ်သား ရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
ပြင်ဦးလွင်
ရေးသားပြီးချိန်
11:00 Pm
3-2-23
မှတ်တမ်းဓာတ်ပုံ
အရှင်ဝရဉာဏ (ဓမ္မသဟာယ)