လှုပ်ရှားမှု ပုံရိပ်များ
ပညာဘူမိတက္ကသိုလ်၏ သဘာပတိ ဆရာတော်ဘုရားကြီး ရေးသား၍ ဥပဇ္ဈာယ်ဆရာဖြစ်တော်မူသော စံကင်းဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်မွေးနေ့အတွက် ဂါထာတော်ပေါင်း(၁၀၀)ရေးသားသီကုံးကာ ဂရုဂါရဝပြု ခဲ့သည့် ကျမ်းငယ် အကြောင်း
လွန်ခဲ့သောနှစ်ပေါင်း (၅၀)ကျော်က ယခုပညာဘူမိတက္ကသိုလ်၏ သဘာပတိ ဆရာတော်ဘုရားကြီး ရေးသား၍ ဥပဇ္ဈာယ်ဆရာဖြစ်တော်မူသော စံကင်းဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်မွေးနေ့အတွက် ဂါထာတော်ပေါင်း(၁၀၀)ရေးသားသီကုံးကာ ဂရုဂါရဝပြု ခဲ့သည့် ကျမ်းငယ် အကြောင်းရေးသားထားသည့် တပည့်ဒါယိကာ ကိုရဲ ၏ ရေးသားချက်အားဖေါ်ပြအပ်ပါသည်။
၁၃၈၅ ခု ၊ နယုန်လပြည့်ကျော် (၁၅)ရက် ၊ (17.6.23) ၊ စနေနေ့ ၊ မနေ့ကဖြစ်သည် ။ ပညာဘူမိတက္ကသိုလ်၏ ပြည်နယ်နှင့်တိုင်းအသီးသီး စာဖြေဌာန(၃၂)ခုတို့၌ သုတဓမ္မ (Level 1/2) ..စာမေးပွဲများခြိမ့်ခြိမ့်သဲအောင်ကျင်းပနိူင်ခဲ့ပါပြီ ။ တာဝန်ကျရာစာဖြေဌာနတစ်ခုတွင် ပါဝင်လုပ်အားပေးကုသိုလ်ပြုရင်း ဖြေဆိုကုသိုလ်ပြုသူများကိုကြည့်ကာ အားကျမိပါသည် ။ အားလုံးဝမ်းသာရွှင်ပြုံးနေကြသည် ။ ဤကဲ့သို့ ဝင်ရောက်ဖြေဆိုကုသိုလ်ပြုသူများအဖြစ် ကြိုးစားရပါဦးမည် ။ ကြိုးစားရပါမည် ။
ယနေ့ (18.6.23) မှာဖြင့် ၊ ပညာဘူမိတက္ကသိုလ်၏ ကျမ်းပြုဆရာတော်ကြီးများနှင့်အတူ စစ်ကိုင်းတောင်ရိုးသို့ စာ၊ ပေ၊ ရှာဖွေခရီး ကုသိုလ်ပြုလိုက်ပါခဲ့ရပါသည် ။ (သစ်ဝင်ချောင်) ပထမဆရာတော်ဘုရားကြီး၏ ရှေးဟောင်းစာအုပ်ဗီဒိုကြီးတနေရာတွင် ကျမ်းစာငယ်လေးတစ်အုပ်တွေ့လိုက်ရပါသည် ။ မိမိအလွန်ကြည်နူးခဲ့ရ၏ ။ အခြားမဟုတ်ပါ ။ လွန်ခဲ့သောနှစ်ပေါင်း (၅၀)ကျော်က ယခုပညာဘူမိတက္ကသိုလ်၏ သဘာပတိဆရာတော်ဘုရားကြီး ရေးသားဂုဏ်ပြုခဲ့သော ကျမ်းငယ်ပင်ဖြစ်ပါတော့သည် ။ ဆရာတော်ဘုရားကြီးမှ ဥပဇ္ဈာယ်ဆရာဖြစ်တော်မူသော စံကင်းဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်မွေးနေ့အတွက် ဂါထာတော်ပေါင်း(၁၀၀)ရေးသားသီကုံးကာ ဂရုဂါရဝပြုရှာခြင်းဖြစ်သည် ။ ကျမ်းငယ်၏ မျက်နှာဖုံးမှအစ ၊ အမှာစာတိုင်အောင် အင်မတန်ရိုးရှင်းလွန်းသည်ကိုတွေ့ရပါသည် ။ သို့သော်အနက်အဓိပ္ပါယ်များဖြင့် ပေးစွမ်း၍မဆုံးတော့ပြီ ။ ကျမ်းပြုဆရာတော်ကြီးများကပင် ရေးသားပြုစုခဲ့သောဆရာတော်ဘုရားကြီး နှင့် မှတ်မှတ်ရရသိမ်းဆည်းပေးထားသောဆရာတော်ဘုရားကြီးတို့အား လေးစားဦးညွှတ်နေကြသည် ။ ထိုထိုကျမ်းဟောင်း ၊ ပေမွန်များကို ရှာဖွေဖော်ထုတ်နေကြသော ဆရာတော်ကြီးများကိုကြည့်ကာ ဤကုသိုလ်တို့၏ မွန်မြတ်မှုကိုပို၍သဘောပေါက်လာပါသည် ။ ရှာဖွေနေကြသူအချင်းချင်း တိုင်ပင်ဆွေးနွေးကြသည့် ဓမ္မသာကစ္ဆာစကားများမှာလည်း သာသနာတော်အတွက်များစွာတန်ဖိုးကြီးလှပါ၏ ။ ကုသိုလ်ပြုရင်းအားကျလေးစားမိပါသည် ။ ကြိုးစားကြရပါမည် ။
သာသနာတော်ကြီးသည်လည်းကောင်း…..အစဉ်တိုးတက်ကြီးပွားပါစေ..သာသနာတော်ကြီးကိုလည်းကောင်း ၊ သတ္တဝါအပေါင်းတို့ကိုလည်းကောင်း ……နတ်မြတ်အပေါင်းတို့သည်လည်း….အခါခတ်သိမ်းစောင့်ရှောက်ကြပါစေ………။
ကိုရဲ
၁၃၈၅ခု ၊ ပဝါဆိုလ္ဆန်း (၁)ရက် ၊ တနင်္ဂနွေနေ့ ၊ (18.6.23)