လှုပ်ရှားမှု ပုံရိပ်များ
အဖိတ်နေ့ညချမ်းကာလ ကျောင်းတိုက်ခွဲတပည့်များသို့ မိန့်ကြားသော ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒအစီအစဉ်
အဖိတ်နေ့ညချမ်းကာလ ကျောင်းတိုက်ခွဲတပည့်များသို့ မိန့်ကြားသော ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒအစီအစဉ်
၁၃၈၅-ခုနှစ် တော်သလင်းလဆန်း(၁၄)ရက်
💠 ဝါတွင်းကာလမှာ နေ့စဉ်နဲ့အမျှ အားလုံး ကိုယ့်အလုပ်ကို ကြိုးစားအားထုတ်ပြီးတော့ နေကြရမယ်။
လူတိုင်းလူတိုင်းမှာ တာဝန်နဲ့ ဝတ္တရားဆိုတာ ရှိကြတယ်။
တာဝန်ဆိုတာတော့ ကိုယ့်အနေအထားကြောင့် ပေးအပ်တာပဲဖြစ်စေ၊ ဘဝပေးအနေနဲ့ ဖြစ်လာတာပဲဖြစ်စေ၊ ဥပမာမယ်-
တာဝန်ဆိုတာ ကိုယ့်ထက်ကြီးတဲ့ပုဂ္ဂိုလ်က ပေးတာကလည်းပဲ တာဝန်ပဲ။
သို့မဟုတ်-
အသိုင်းဝိုင်းထဲ ရောက်လာလို့ရှိရင်လည်း ကိုယ်လုပ်မယ့်အလုပ်ဟာ ကိုယ့်အတွက် တာဝန်ပဲ။
ဝတ္တရားဆိုတာတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်မှ ဘဝမှာ အဆင်ပြေတယ်ဆိုတာ ဝတ္တရားပဲ။
တာဝန်က မလုပ်မနေရ လုပ်ရမယ့်အရာ။
ဝတ္တရားက လုပ်ထိုက်လို့ လုပ်ရတဲ့အရာ။
တာဝန်ဆိုတာကို ပါဠိလို ဘာရ လို့ ခေါ်တယ်၊ ဝတ္တရားက ဝတ္တ၊
ဆောင်ရွက်ရမယ့်ကိစ္စက ဘာရ၊
လိုက်နာကျင့်သုံးရမယ့်အရာက ဝတ္တ။
💠 စာသင်တိုက်တစ်တိုက် ရောက်လာပြီဆိုရင် စာသင်သားဘဝနဲ့ ရောက်လာတယ်၊ စာသင်တိုက်မှာ အကြီးအကဲ နာယကတွေရှိတယ်၊ တိုက်အုပ်တာဝန် ထမ်းဆောင်သူတွေရှိတယ်၊ တိုက်ကြပ်တာဝန် ထမ်းဆောင်သူတွေ ရှိတယ်၊ စာချဘုန်းကြီးတွေ ရှိတယ်၊
ဒါတွေက အဆင့်ဆင့် တာဝန်ပေးထားတာတွေချည်းပဲပေါ့။
အဲဒါတွေကျတော့ တာဝန်ပေးထားတာမို့ ဘာရလို့ ခေါ်တယ်။
ဘာရဆိုတာ ထမ်းဆောင်ရမယ့်တာဝန်လို့ မှတ်သားထားရမယ်။
ဝတ္တရားဆိုတာကျတော့ ဆရာလုပ်တဲ့ပုဂ္ဂိုလ်ကလည်း လုပ်သင့်လုပ်ထိုက်တဲ့ ဆရာ့ကိစ္စတွေ ရှိတယ်၊ တပည့်လုပ်တဲ့ပုဂ္ဂိုလ်ကလည်း လုပ်သင့်လုပ်ထိုက်တဲ့ တပည့်ကိစ္စတွေရှိတယ်၊ အပြန်အလှန် လိုက်နာရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။
လောကကြီးမှာ ထမ်းဆောင်ရမယ့်တာဝန်ကို ထမ်းဆောင်မယ် လိုက်နာရမယ့်ကျင့်ဝတ်ကို လိုက်နာမယ်ဆိုရင် အင်မတန် အကျိုးကျေးဇူးများတယ်။
💠 ဘဝခရီးဆိုတာ ဒီဘဝမှာတင်ပဲ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ရင် သာသနာဘောင်ရောက်လာတာဟာ အသက် ၉-နှစ် ၁၀-ခန့်က ရောက်လာကြတာ၊ အဲလို ရောက်လာပြီးတဲ့နောက် အသက်ကြီးလာတဲ့အခါမှာ ရည်မှန်းချက်တွေအတိုင်း ဖြစ်တာရှိတယ်၊ မဖြစ်တာ ရှိတယ်။
လူတိုင်းလူတိုင်းမှာ ရည်မှန်းချက်ကတော့ ရှိကြတာပဲ၊ ရည်မှန်းချက်အတိုင်း အောင်မြင်တဲ့ပုဂ္ဂိုလ်ရှိသလို မအောင်မြင်တဲ့ပုဂ္ဂိုလ်လည်း ရှိကြတာပဲ။
လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကို ဘယ်စခန်းဆီကိုသွားနေတယ်ဆိုတာကို သိရှိနားလည်ပြီးတော့ အောင်မြင်အောင် ကြိုးစားနေရမယ်။
စာသင်တိုက်တစ်တိုက်မှာ တာဝန်နဲ့ဝတ္တရား နှစ်ခုရှိတဲ့အတိုင်း အားလုံး ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်တယ်။
အဲဒီမှာ ဝတ္တရားပျက်ကွက်ရင် ဝတ္တဘေဒကဒုက္ကဋ်အာပတ်ဆိုပြီး မြတ်စွာဘုရား ပညတ်ထားတာရှိတယ်။
ဘာရလို့ခေါ်တဲ့ တာဝန်နဲ့ပတ်သက်လာတဲ့အခါကျတော့-
အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဆိုကွဲပြားခြားနားမှုတွေ ရှိတယ်၊
အင်္ဂုတ္တရနိကာယ် ဒုကပါဠိတော်မှာ သုတ္တန်နှစ်ခု ပါရှိတယ်၊
မြတ်စွာဘုရားက ဘာရနဲ့ပတ်သက်ပြီး ဗာလ နဲ့ ပဏ္ဍိတဆိုပြီး ခွဲခြားထားတာရှိတယ်။
💠 ဗာလဆိုတာ အသိဉာဏ်မရှိသူ၊
ပဏ္ဍိတ က အသိဉာဏ်ရှိသူ၊
ပညာရှိနဲ့လူမိုက်လို့ ဒီလိုလည်း ဘာသာပြန်ကြတယ်။
တကယ်ကတော့ ဗာလဆိုတာကို အသိဉာဏ်မရှိသူလို့ ပြန်တာ ပိုကောင်းတယ်၊ လူမိုက်ဆိုတာကျတော့ ဒုစရိုက်လုပ်တာနဲ့ ပိုသက်ဆိုင်တာပေါ့။
ဒါကြောင့်မို့ ဗာလနဲ့ ပဏ္ဍိတ တွဲထားတာများတယ်၊ သပ္ပုရိသနဲ့ အသပ္ပုရိသ ဆန့်ကျင်ဘက်နှစ်ခု တွဲထားလေ့ရှိတယ်။
ပဏ္ဍိတဆိုတာ ပညာရှိသူလို့ အဓိပ္ပါယ်ရတယ်၊
ပဏ္ဍိတပုဒ်က တဒ္ဓိတ်ပုဒ်၊ သဉ္ဇာတာ ပဏ္ဍာ ယဿာတိ ပဏ္ဍိတော (သဉ္ဇာတတဒ္ဓိတ်လို့ ခေါ်တယ်)
ပဏ္ဍာဆိုတာ ပညာ၊ အသိပညာဖြစ်တဲ့ပုဂ္ဂိုလ်ကို ပဏ္ဍိတလို့ခေါ်တယ်၊ ဖြစ်ပေါ်လာသော အသိပညာရှိသူ။
ဗာလကျတော့-
ဒွေ အတ္ထေ လုနာတိ ဆိန္ဒတီတိ ဗာလော
ဗာဆိုတာ နှစ်ခုဆိုတဲ့အနက်ကို ဟောတယ်၊
ကောင်းကျိုးနှစ်မျိုးကို ဖျက်ဆီးတတ်သူ၊
ကောင်းကျိုးနှစ်မျိုးဆိုတာ တစ်ယောက်ထဲအတွက်ပြောမယ်ဆိုရင်-
လက်ရှိဘဝမှာရတဲ့ ဒိဋ္ဌဓမ္မိကအကျိုး, နောင်ဘဝမှာရမယ့် သမ္ပရာယိကအကျိုး၊
မျက်မှောက်အကျိုး သံသရာအကျိုး ဒီအကျိုးနှစ်မျိုးကို ဖျက်ဆီးတတ်တာကြောင့် ဗာလ။
နှစ်ယောက်အနေနဲ့ပြောမယ်ဆိုရင်-
မိမိရဲ့အကျိုးက သကတ္ထ၊ သူတပါးရဲ့အကျိုးက ပရတ္ထ။
ကိုယ့်အကျိုးကိုလည်း ဖျက်ဆီးတယ် သူတပါးအကျိုးကိုလည်း ဖျက်ဆီးတယ်၊ အဲဒါကို ဗာလ။
(ဒီနေရာမှာ ဗာလကို ဒွိသဒ္ဒူပပဒ လုဓာတ်နဲ့ အဓိပ္ပါယ်ဖွင့်တာ)
နောက်တစ်နည်း ဒွိသဒ္ဒူပပဒ လာဓာတ်နဲ့ အဓိပ္ပါယ်ဖွင့်တာ ရှိသေးတယ်၊ အဲဒါကျတော့-
ဒွေ အနတ္ထေ လာတိ ဂဏှာတီတိ ဗာလော၊
အကျိုးမဲ့နှစ်မျိုးကို ယူတတ်တဲ့သူ၊
ဒီဘဝအကျိုးမဲ့ နောင်ဘဝအကျိုးမဲ့၊
မိမိရဲ့အကျိုးမဲ့ သူတပါးရဲ့အကျိုးမဲ့တွေကို ရအောင်ယူတတ်သူ။
နောက်တစ်ခုက
ဗလတိ အဿာသပဿာသမတ္တေန ဇီဝတီတိ ဗာလာ
အသိပညာနဲ့ အသက်ရှင်တာမဟုတ်ဘူး၊ အသက်ရှူရှိုက်ရုံနဲ့ အသက်ရှင်သန်နေသူ ဆိုပြီး ဗာလကို ဖွင့်ထားတယ်။
စကားလုံးတိုင်းမှာ အဓိပ္ပါယ်တွေ ရှိတယ်။
အဲတော့ ဗာလနဲ့ပဏ္ဍိတဆိုပြီး ပုဂ္ဂိုလ်နှစ်ဦး ခွဲထားတယ်။
မြတ်စွာဘုရားဟောတဲ့ သုတ္တန်တွေထဲမှာ
ခွဲခြားပေးထားတာတွေရှိတယ်၊ ကိုယ့်ကိုယ်ကို ဗာလမဖြစ်ဖို့, ကိုယ့်ကိုယ်ကို ပဏ္ဍိတဖြစ်ဖို့ ကြိုးစားနေကြရမယ်။
ဗာလအဖြစ်မရောက်အောင် ကိုယ့်မှာ တာဝန်ရှိတယ်၊ ပဏ္ဍိတအဖြစ်သို့ ရောက်အောင်လည်း ကိုယ့်မှာ တာဝန်ရှိတယ်၊ အဲဒီတာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်ကြရမယ်။
🔹 ဗာလဆိုတာကို ရှုဒေါင့်နှစ်မျိုးနဲ့ ဟောထားတယ်။
ယော စ အနာဂတံ ဘာရံ ဝဟတိ၊
ကိုယ့်မပေးထားတဲ့ တာဝန်ကို လုပ်တယ်။
ယော စ အာဂတံ ဘာရံ နဝဟတိ၊
ကိုယ့်ပေးထားတဲ့ တာဝန်ကျ မလုပ်ဘူး၊
အဲဒါ ဗာလပဲ။
ကိုယ့်တာဝန်ပဲ ကိုယ်လုပ်ရမှာဖြစ်တယ်၊ ကိုယ့်တာဝန်မဟုတ်တာ မလုပ်မိစေနဲ့၊ မကူညီရဘူးလို့ ဆိုလိုတာမဟုတ်ဘူး။
ကိုယ်လုပ်ရမှာမလုပ်ဘဲ ကိုယ်မလုပ်ရမှာတွေ လုပ်နေလို့ လောကကြီးမှာ ပြဿနာတွေ တက်နေတာ။
🔹 ပဏ္ဍိတပုဂ္ဂိုလ်ကိုလည်း ရှုဒေါင့်နှစ်မျိုးနဲ့ ခွဲခြားထားတယ်၊
ယော စ အာဂတံ ဘာရံ ဝဟတိ၊
ကိုယ့်အပေါ်မှာ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တယ်။
ယော စ အနာဂတံ ဘာရံ န ဝဟတိ၊
ကိုယ့်ကိုပေးအပ်ထာယတာ မဟုတ်တဲ့ တာဝန်ကို မထမ်းဆောင်ဘူး။
အဲဒါ ပဏ္ဍိတ ပဲ၊ ဒါကလည်း အင်မတန်မှ သတိထားရမှာဖြစ်တယ်။
ဒီစကားနှစ်လုံးက သာမန်ကြည့်လိုက်ရင်တော့ သိပ်မထူးဆန်းဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်၊ သို့သော် လောကကြီးမှာ ပြဿနာတွေ တက်နေတာ ဒါတွေကြောင့်ပဲ။
💠 လူတိုင်းလူတိုင်းမှာ ကိုယ့်တာဝန် ကိုယ့်ကိစ္စဆိုတာ ရှိကြတယ်။
အခု ဒို့ သုဗောဓာရုံကျောင်းတိုက်တွေ ဆိုရင်လည်း အသီးအသီး တာဝန်တွေ ပေးအပ်ထားတာတွေ ရှိကြတယ်၊ အချို့ကျတော့ အလိုလျောက် တာဝန်ရှိလာတာတွေလည်း ရှိတယ်။
ဥပမာမယ် ကျောင်းတစ်ကျောင်းကို စီမံအုပ်ချုပ်ဖို့ တာဝန်ပေးအပ်ထားတဲ့ တိုက်အုပ်ဆရာတော်ဆိုတာ ရှိတယ်၊ အဲဒါ ပေးအပ်ထားတဲ့ တာဝန်ပဲ။
ကျောင်းတစ်ကျောင်းကို ဦးဆောင်ဦးရွက်ပြုဖို့ နာယကဆရာတော်ဆိုတာ ရှိတယ်၊
တိုက်တာကိစ္စတွေနဲ့ ပတ်သက်ပြီး အနီးကပ် ကြီးကြပ်ပြီးတော့ တိုက်အုပ်ရဲ့ အောက်ကနေ အလုပ် လုပ်ရမယ့် တိုက်ကြပ်ဆရာတော်ဆိုတာ ရှိတယ်၊ ဒါတွေဟာလည်း တာဝန်ပေးအပ်ထားတာတွေပဲ။
နောက် စာသင်သားတွေကို စာပေနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်လိမ္မာမှုရှိအောင် သင်ကြားပို့ချပေးနေတဲ့ ဂဏဝါစက စာချဆရာတော်ဆိုတဲ့ တာဝန်တွေ ပေးအပ်ထားတာတွေ ရှိတယ်။
အဲဒီပုဂ္ဂိုလ်တွေက ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်တယ်။
ကျေပွန်အောင် မထမ်းဆောင်ဘူးဆိုရင် ဘဝဟာ အလိုလျောက် ဗာလဖြစ်သွားမှာပဲ။
ကျေပွန်အောင် ထမ်းဆောင်ရင် အလိုလျောက် ပဏ္ဍိတဖြစ်သွားမယ်။
ဒီကိစ္စတစ်ခုထည်းနဲ့တင် ဗာလ ပဏ္ဍိတ နှစ်မျိုး ကွဲပြားသွားနိုင်တယ်။
💠 ဒါနဲ့ပတ်သက်ပြီးတော့ ဆိုရိုးစကားတစ်ခု ရှိတယ်၊
အာဂတော ဘာရော အဝဿံ ဝဟိတဗ္ဗော
ကျရောက်လာတဲ့ တာဝန်ဝတ္တရားတွေကို မလွဲမသွေ ဆောင်ရွက်ကြရမှာဖြစ်တယ်ဆိုတဲ့စကားဟာ ဒီသုတ္တန်လာစကားကို ကြည့်ပြီး ပြောထားတာပဲဖြစ်တယ်။
ဒီလိုဆောင်ရွက်ရင် ကိုယ်ဟာ အမြော်အမြင် အသိဉာဏ်ရှိတဲ့ လူတော်တစ်ယောက်ပဲ၊ ပြောင်းပြန် ပြန်လိုက်ရင် ပေးထားတဲ့တာဝန် ကျေပွန်အောင် မထမ်းဆောင်ရင် လူညံ့တစ်ယောက်ပဲဖြစ်သွာယမယ် ဗာလဆိုတာဖြစ်သွားမယ်။
ဒါတွေဟာ ကိုယ့်ဘဝအတွက် သတိထားရမယ့် ကိစ္စတွေဖြစ်တယ်။
လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကို ရေးကြတယ်ဆိုတာလိုပဲ
ကမ္မလက္ခဏော ဗာလော၊ ကမ္မလက္ခဏော ပဏ္ဍိတော
ကိုယ်လုပ်တဲ့ လုပ်ရပ်တွေနဲ့ပဲ ဗာလ ပဏ္ဍိတဆိုတာ ကွဲပြားခြားနားသွားတယ်။
လုပ်ရပ်တွေကြောင့်ပဲ ချီးမွမ်းခံရသူဖြစ်သလို လုပ်ရပ်တွေကြောင့်ပဲ ကဲ့ရဲ့ခံရသူ ဖြစ်သွားနိုင်တယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားဟောကြားတဲ့ ဒီသုတ္တန်လာစကားကို ရင်ထဲနှလုံးထဲမှာ စွဲမြဲအောင် မှတ်သားထားရမှာ ဖြစ်တယ်။
💠 ရှင်သာရိပုတ္တရာအလောင်း ဥပတိဿပြောသလိုပဲ
အတ္ထေနေဝ မေ အတ္ထော၊ ကိံ ကာဟသိ ဗျဉ္ဇနံ ဗဟုံ
စကားလုံးတွေ များနေရုံနဲ့ အကျိုးမရှိဘူး၊ အဓိပ္ပါယ်နားလည်ဖို့သာ အဓိကအချက်ပဲ၊
ရှင်အဿဇိ က ခုမှ သာသနာဘောင်ရောက်လာတာမို့ တရားဓမ္မကို အကျယ်တဝင့် မပြောနိုင်ဘူးဆိုတာကို ဥပတိဿ က လိုရင်းအဓိပ္ပါယ်ပဲ ပြောပါ၊ စကားလုံးတွေများနေတာ ဘာလုပ်မှာလဲဆိုတာ သိပ် မှတ်သားစရာကောင်းတယ်။
စာပေနဲ့ပတ်သက်ပြီး လေ့လာတဲ့အခါမှာ အနှစ်ချုပ်တွေကို လေ့လာတတ်အောင် လုပ်ရမယ်၊ ဒါမှ ဆိုလိုရင်းအဓိပ္ပါယ်သိမယ်။
💠 ဒါကြောင့်မို့ လူတိုင်းလူတိုင်းဟာ ကိုယ့်ဆီရောက်ရှိလာတဲ့ ဘာရဆိုတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြပြီး၊ ဒို့တတွေဟာ နေ့စဉ်နဲ့အမျှ သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်တွေ ဖြစ်သည့်အတွက်ကြောင့် အသီးသီး စာသင်သားကိုရင်တွေကနေစပြီးတော့ နာယက တိုက်အုပ် တိုက်ကြပ် စာချဆိုတဲ့ မထေရ်ကြီးတွေထိအောင် ဝတ္တရားလည်းရှိတယ်၊ ယူထားရတဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေလည်းရှိကြတယ်၊ အဲဒါတွေကို ဒိုတတွေ မပျက်မကွက် ထမ်းဆောင်ကြမယ်လို့ ကိုယ်စီကိုယ်စီ နှလုံးထားပြီး ကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
🔹▪️🔹▪️🔹▪️🔹▪️🔹▪️🔹▪️🔹▪️🔹▪️
နာယူမှတ်သား ရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ
ပြင်ဦးလွင်မြို့နယ်
28-9-2023