လှုပ်ရှားမှု ပုံရိပ်များ
ပညာဘူမိတက္ကသိုလ် သဘာပတိဆရာတော်ဘုရား စာဖြေဌာနတစ်ခုသို့ကြွရောက်စဉ် မိန့်ကြားသည့် “သုတဓမ္မစာမေးပွဲဟာ လူတိုင်းအတွက်ပါ” ဩဝါဒနှင့် ဆရာတော်ဘုရား ကြွရောက်ချီးမြင့်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ
ပညာဘူမိတက္ကသိုလ် သဘာပတိဆရာတော်ဘုရား စာဖြေဌာနတစ်ခုသို့ကြွရောက်စဉ် မိန့်ကြားသည့် “သုတဓမ္မစာမေးပွဲဟာ လူတိုင်းအတွက်ပါ” ဩဝါဒနှင့် ဆရာတော်ဘုရား ကြွရောက်ချီးမြင့်ခဲ့သည့် စာဖြေဌာန များ၊ သုတဓမ္မဒီပလိုမာ Level (၂) (၃) စာမေးပွဲကို စာဖြေ ဌာန အသီးသီးတို့တွင် ၁၇/၁၂/၂၀၂၃ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ကိုစုစည်းဖေါ်ပြအပ်ပါသည်။
(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)
သဘာပတိဆရာတော်ဘုရား စာဖြေဌာနတစ်ခုသို့ကြွရောက်စဉ် မိန့်ကြားသည့် “သုတဓမ္မစာမေးပွဲဟာ လူတိုင်းအတွက်ပါ” ဩဝါဒ
သုတဓမ္မစာမေးပွဲဟာ လူတိုင်းအတွက်ပါ၊လူမျိုးမရွေးဘာသာမရွေး အားလုံး အကျိုးရှိစေဖို့ပါ၊ ဓမ္မအသိရှိမှ တိုင်းပြည်ငြိမ်းချမ်းမှာ။ တရားနဲ့ထိန်းမှ လူ့စိတ်ဆိုတာယဉ်ကျေးနိုင်တာဖြစ်လို့တခြားနည်းနဲ့ ထိန်းဖို့ဆိုတာ မလွယ်ဘူး။တရားအသိရှိရင် အားလုံးငြိမ်းချမ်းသွားမှာပါ။
အများကောင်းအောင် လုပ်ဖို့ လိုအပ်ပါတယ်၊တစ်ခါက ဘုန်းဘုန်း ကလေးတစ်ယောက်ကို ဆုံးမဘူးတယ် “မင်းတယောက်တည်းချမ်းသာအောင် မကြိုးစားနဲ့ ၊မင်းတယောက်တည်းချမ်းသာရင် ကျန်တဲ့လူတွေက မင်းကို လုယက်တိုက်ခိုက်ကြလိမ့်မယ်၊အားလုံးကောင်းမှဖြစ်မှာ…..မဟုတ်ဘူးလား၊
မြတ်စွာဘုရားပွင့်တာ ချွင်းချက်မရှိ အားလုံး အတွက်ပဲ၊ ဒါပေမယ့် ဘုရားအဆုံးအမရယူတဲ့လူပဲ ကောင်းကျိုးရမှာ၊ယူတတ်တဲ့လူပဲ ရမှာပေါ့။ ဘုရားပွင့်လို့ လူတိုင်းကောင်းကျိုးရလားဆိုရင် ဥပမာ ကောင်းကင်က နေမင်းကြီးဟာ လူတိုင်းအတွက်ဖြစ်ပေမယ့် လူတိုင်း ကောင်းကျိုးရလားဆို မရဘူး၊တစ်ချို့လူတွေအတွက် ဆိုးကျိုးရစေတယ်။အဲ့တာ နေနဲ့မဆိုင်ဘူး။ ဧရာဝတီမြစ်ကြီးက မြန်မာပြည်ကို အများကြီးအကျိုးပြုတယ်၊ ဒါပေမယ့် မြစ်ထဲရေ
ရေနစ်သေတဲ့သူတွေလည်း ရှိတယ်။ အဲ့ဒါ မြစ်ရဲ့
တာဝန်မဟုတ်ဘူး၊ ရေနစ်သူရဲ့တာဝန်ပဲ ဖြစ်တယ်။ ဘုရားပွင့်တယ်ဆိုတာ သတ္တဝါတွေရဲ့ကောင်းကျိုး
ချမ်းသာ ရဖို့ ပွင့်တာ။ ဒါပေမယ့် ဘုရားအပေါ်ပြစ်မှား ကံကြီးထိုက်ပြီး ဒေဝဒတ်တို့ငရဲကျရတာ ဘုရားအပြစ်လားဆို ဘုရားအပြစ်အဟုတ်ဘူး၊သူအမှားလုပ်လို့ဖြစ်ရတာ။
ဘုရားဟောတဲ့ ဓမ္မဆိုတဲ့စကားလုံးက သတ္တဝါ
မဟုတ်ဘူး ပုဂ္ဂိုလ်မဟုတ်ဘူး သဘာဝတရားလို့ ဆိုလိုတာ။ သတ္တဝါတို့ သူတို့ ငါတို့ ခွဲခြားတဲ့စိတ်ရှိလာရင် ချစ်ခြင်း မုန်းခြင်းတွေ ဝင်လာမယ်။အဲ့ဒါဝင်လာရင်အဂတိလိုက်ခြင်းဆိုတာ ဖြစ်လာတတ်တယ်၊သဘာဝပဲဆိုလို့ရှိရင် အဂတိလိုက်စရာရှိမှာ မဟုတ်ဘူး။
ဓမ္မဆိုတာ သဘာဝကိုပြောတာ။ ဓမ္မအသိဆိုတာ
သဘာဝအတိုင်းနေတတ်ခြင်းပဲ။သဘာဝအတိုင်းအကောင်းအဆိုးဆိုတာ သူ့ဟာသူ ရှိတယ်၊ ရွေးချယ်တတ်ဖို့လိုတယ်၊ သဘာဝက ၂ခုရှိတယ်…..အစားအစာတောင်မှပဲ အဆိပ်ဖြစ်တဲ့ အစားစာရှိတယ် ခန္ဓာကိုယ်အကျိုးပြုတဲ့အစားအစာ ရှိတယ်။ မှန်ကန်စွာရွေးချယ်ပြီးအစာကိုမျှတစွာစားရင် အသက်ရှည်စေတယ်၊ အလွန်အကျွံစားရင် Over Eating ဖြစ်ရင်အန္တရယ်ဖြစ်မယ်၊ ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းကျိူဆိုးကျိုးဆိုတာ ကိုယ့်ပေါ်မှာ မူတည်တယ်။
မြတ်စွာဘုရားက ဟောတဲ့ အတ္တာဟိ အတ္တနော
နာထော ဆိုတာ အဲ့ဒါနော်။ ကိုယ်တိုင်လုပ်မှ ရမယ် ၊ဒါဆိုရင် ဘာလို့ ဘုရားကိုးကွယ်တာတုန်းဆိုရင် ရွေးချယ်တတ်ဖို့ ကိုးကွယ်တာ။ဘုရားက အမှန်တရားဟောပေးတာ၊ ရွေးချယ်မှုက ကိုယ့်တာဝန်။ဘုရားကအသိဉာဏ်ပေးတာပေါ့။ ယူတတ်သူမှ ရမယ်၊မယူတတ်ရင် မရဘူးလေ၊ အဲ့ဒီသဘောပါ။
သဘာပတိဆရာတော်
ပညာဘူမိတက္ကသိုလ်