လှုပ်ရှားမှု ပုံရိပ်များ
ဆရာမကြီး ဒေါ်နွဲ့တင်ထွဋ် ဆေးရုံတက်ရောက်ကုသခံစဉ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မနက် ၈ နာရီခန့်တွင် ပါမောက္ခချုပ်ဆရာတော်ဘုရားOnline Video Call စနစ်မှ တဆင့် ကနေ ဆက်သွယ်၍ ပြောကြားခဲ့သည့်အားပေးစကား
ဆရာမကြီး ဒေါ်နွဲ့တင်ထွဋ် ဆေးရုံတက်ရောက်ကုသခံစဉ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၈ နာရီခန့်တွင် ပါမောက္ခချုပ်ဆရာတော်ဘုရား Online Video Call စနစ်မှ တဆင့် ကနေ ဆက်သွယ်၍ အားပေးစကားပြောကြားရင်း ဟောကြား ခဲ့သည့် ပညာဉာဏ်နှင့် ယှဉ်၍ ကြည်လင်အေးချမ်းသော စိတ် ဖြင့် ဆက်လက်ကြိုးစားသွားပါရန် သတိပေးစကား အသိပေးတရား နှင့် ဆရာမကြီးကွယ်လွန်သွားချိန်တွင်ဆရာတော်ဘုရားရေးသားပေးပို့သည့် ဆုတောင်းမေတ္တာ စကားတို့ကိုဖေါ်ပြအပ်ပါသည်။
ဆရာမကြီးဒေါ်နွဲ့သည် ပါချုပ်ဆရာတော်ကြီးရဲ့ အဘိဓမ္မာနဲ့ဝိသုဒ္ဓိမဂ်သင်တန်းပို့ချမှုတွေကို အနယ်နယ်အရပ်ရပ်က လာတက်ကြတဲ့ သင်တန်းသားတွေကို ထပ်ဆင့်ရှင်းလင်းသင်ကြားပေးခြင်း ကျင်းပခဲ့သည့် စာမေးပွဲများ ကျင်းပနိုင်ရန် ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ သာသနာပြုလုပ်ငန်းတွေကို ဝိုင်းဝန်း အားဖြည့်ပေးခဲ့ရာတွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဉီးဖြစ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
ဆရာမဒေါ်နွဲ့ ကွယ်လွန်သွားချိန်တွင် ဆရာတော်ဘုရားပေးပို့ခဲ့သည့် မေတ္တာစကား
ဒေါ်နွဲ့တင်ထွဋ်
——————
ဒေါ်နွဲ့ဟာ တကယ်ပင် ဓမ္မကို
မြတ်နိုးသူပါ၊ ဓမ္မကိုသင်ယူခြင်း
ဓမ္မကို သင်ကြားပေးခြင်းကိစ္စမှာ
မမောတမ်း ဆောင်ရွက်တတ်သူ
ဖြစ်ပါတယ်။
သူမြတ်နိုးသည့်ဓမ္မကို သင်ယူ
ခွင့် ကြားနာခွင့် ရနိုင်သောဘဝမှာ
ဖြစ်ပါစေ။
ပါမောက္ခချုပ်ဆရာတော်
(၂၇၊၃၊၂၄)
⭐️⭐️⭐️⭐️⭐️
ဆရာမကြီး ဒေါ်နွဲ့တင်ထွဋ် ဆေးရုံတက်ရောက်ကုသခံစဉ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့
မနက် ၈ နာရီခန့်တွင် ပါမောက္ခချုပ်ဆရာတော်ဘုရား
Online Video Call စနစ်မှ တဆင့် ကနေ ဆက်သွယ်၍ ပြောကြားခဲ့သည့်အားပေးစကား
ဆရာတော်။ ။နာကျင်ကိုက်ခဲနေတာရှိလား
ဆရာမနွဲ့။ ။တစ်ကိုယ်လုံးကတော့ခံရခက်နေပါတယ်ဘုရား။
ဆရာတော်။ ။ သုခ၊ဒုက္ခ ကို
ချမ်းသာတယ်၊ ဆင်းရဲတယ်လို့
မြန်မာလိုပြန်တတ်ကြတယ်။
အဋ္ဌသာလိနီမှာဖွင့်ဆိုထားတဲ့ထဲက
ပိုထင်ရှားတဲ့အဓိပ္ပာယ်ကိုပြောရရင်
“သု” ဆိုတာက လွယ်လွယ်ကူကူ
“ခ” ဆိုတာက လက်ခံတာ
Easy to accept ဘယ်အာရုံကိုပဲဖြစ်ဖြစ်
လွယ်လွယ်ကူကူလက်ခံတာ လို့တွေ့ရတယ်။
ဒုက္ခ ဆိုတော့ Difficult to accept ပေါ့။
အဲဒီစာလေးတွေကို စဉ်းစားလို့ရလား။
(ရပါတယ်ဘုရား)
လူတိုင်းရဲ့ခန္ဓာကိုယ်က
နေကောင်းနေရင် လွယ်လွယ်ကူကူ
လက်ခံလို့ရတယ်။
နေမကောင်းတော့ ဒုက္ခများပြီး
တစ်ကိုယ်လုံးခံရခက်တယ်။
လက်ခံရခက်တဲ့အပေါ် အာရုံစိုက်မိလို့ရှိရင်
ဒီဒုက္ခကနေလွတ်ချင်တဲ့ စိတ်ဆန္ဒတွေ
များလာတယ်။ ဒုက္ခဝေဒနာပေါ် မကျေနပ်တဲ့စိတ်တွေများလာတယ်။
ဒါကြောင့်လည်း မြတ်စွာဘုရားက
“ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော” လို့ဟောကြားခဲ့တယ်။
ဒုက္ခဖြစ်ရင် ခံရခက်တဲ့၊
မခံချင်တဲ့သဘာဝတရားက
ရင်ထဲရောက်တယ်။
“ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့
ပဋိစ္စသမုပ္ပါဒ်မှာကတော့
သုခဝေဒနာဆို ပိုလက်ခံတယ် ကြိုက်တယ်၊
တဏှာဖြစ်တာသေချာတယ်။
ဒုက္ခဝေဒနာကျတော့
လူတိုင်းကလက်မခံချင်ဘူး၊ မကြိုက်ဘူး။
မကြိုက်တဲ့နေရာမှာရပ်မနေဘဲ
ကောင်းတာကိုမျှော်လင့်တဲ့စိတ် ပေါ်လာရော။
အဲ့ဒါကြောင့်
“ဝေဒနာပစ္စယာဒေါသော” လို့မဟောဘဲ
“ဝေဒနာပစ္စယာ တဏှာ” လို့ပဲ
ဟောတယ်လို့ ဘုန်းဘုန်းကအဲ့လို
သဘောရတယ်။
ဝိသုဒ္ဓိမဂ်မှာ ရှင်းတာလည်း
အဲ့ဒီသဘောပဲ။
ကိုယ့်စိတ်ထဲမှာ
အနုရောဓ (လိုက်လျောတဲ့ လောဘ)၊
ဝိရောဓ (ဆန့်ကျင်တဲ့ ဒေါသ) ကို
သတိထားပြီးနေရင် အများကြီးအကျိုးရှိမယ်
ထင်တယ်။
ခံရခက်တဲ့ဝေဒနာဆိုတာ
အကြောင်းရှိလို့ဖြစ်တာပဲ၊
ဝေဒနာရဲ့သဘာဝကိုစဉ်းစားပြီး
ရှေ့ဆက်ပြီးလိုက်လျောတာ၊
ဆန့်ကျင်တာတို့ဆိုတဲ့ စိတ်တွေကို
သတိထားပြီးစောင့်ကြည့်နေရင်တော့
သက်သာသွားမှာပါ။
ဝိပဿနာနဲ့ပတ်သက်လာရင်
မြတ်စွာဘုရားက သတ္တဝါရှိတယ်လို့
မဟောဘူး။
ဒုက္ခနဲ့ ဒုက္ခနိရောဓ
၂ မျိုးပဲရှိတယ်လို့ဟောတယ်။
ဒုက္ခဆိုတာက
မမြဲတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရား၊
သစ္စာနဲ့ပြောရရင်တော့ ဒုက္ခသစ္စာ။
ဘာကြောင့်ဟောလဲဆိုရင် မမြဲလို့၊
ဒုက္ခကို သုခအဖြစ်ပြောင်းလို့မရ၊
မမြဲတာကို မြဲအောင်လုပ်လို့မရတော့
ဒုက္ခအဆုံးသတ်ဖို့ပဲ လုပ်ရမယ်။
နခါသိခသုတ္တန်မှာ ဘုရားရှင်က
သင်္ခါရတရားမှန်သမျှ
ဘယ်တော့မှမမြဲကြောင်း၊
မမြဲခြင်းကြောင့် မဂ္ဂင် ၈ ပါးအကျင့်တရားကို
ကျင့်ဖို့လိုအပ်ကြောင်း၊
ကျင့်ရင်မြဲသွားမှာလားဆိုတော့
မြဲဖို့မဟုတ်၊ မမြဲတဲ့အရာတွေနဲ့ မကြုံဖို့၊
ခန္ဓာငါးပါး ရုပ်နာမ်တရား သင်္ခါရဒုက္ခတွေ အဆုံးသတ်ဖို့၊ နောက်ဆုံးမှာ ဒုက္ခနိရောဓကို ဆိုက်ရောက်ဖို့သာလျှင်
ဟောကြားခဲ့တယ်။
အလဂဒ္ဒူပမသုတ္တန်မှာ
“ရဟန္တာပုဂ္ဂိုလ်ဟာ
စုတိပြီးနောက် နောက်ထပ်ဘယ်ဘဝ
ရောက်တယ်လို့ ပြောလို့မရနိုင်လို့”
ဟောတဲ့အခါ
ဆန့်ကျင်ဘက်ဘာသာတရားတွေက
ရှင်ဂေါတမဝါဒက သတ္တဝါတွေကို
ဖျောက်ဖျက်ပစ်တဲ့ဝါဒပဲလို့
စွပ်စွဲကြတယ်။
ဘုရားရှင်က “ ငါအစကတည်းက
သတ္တဝါရှိတယ်လို့ မဟောခဲ့ဘူး၊
ဒုက္ခနဲ့ ဒုက္ခနိရောဓပဲရှိတယ်၊
ဒုက္ခရှိနေတာရယ်၊ ဒုက္ခငြိမ်းသွားတာရယ်
၂ ခုပဲရှိတယ်လို့ ဟောတာ။
သတ္တဝါဆိုတာမရှိ၊
ရုပ်နဲ့နာမ်ကိုသာ အရှိတရားလို့မှတ်လို့
ဟောခဲ့တာ။
အဲ့ဒီတရားလေးစဉ်းစားနေရင်
အဆင်ပြေလောက်တယ်။
အဲ့ဒါစဉ်းစားနေရင် ကျန်တဲ့ရောဂါ
ဝေဒနာတွေလည်း သက်သာလာမယ်။
ပူပန်မှုကင်းတဲ့စိတ်ကြောင့်
ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့
ရုပ်တရားလေးတွေလည်း
လန်းဆန်းလာနိုင်တယ်။
လန်းဆန်းလာတော့
မကျန်းမာတဲ့ cell လေးတွေ
ချုပ်ငြိမ်းသွားပြီး
ကျန်းမာတဲ့အနေအထား
ရောက်လာနိုင်တယ်။
ဘာကြောင့်လဲဆိုတော့
စိတ်ဖြစ်တိုင်းဖြစ်တိုင်း
စိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်
စိတ္တဇရုပ်ကို ချက်ချင်းဖြစ်စေပြီးသားဖြစ်တယ်။
တခဏပဲဖြစ်စေ အေးချမ်းတဲ့စိတ်တွေနဲ့
စဉ်းစားလိုက်ရင်
နာမ်တရားက အေးချမ်းသွားမှာပဲ။
အေးချမ်းသွားတော့
ခန္ဓာကိုယ်ကျန်းမာလာပြီး
ဒုက္ခဝေဒနာတွေလျော့ပြီး
သုခတွေဖြစ်လာမှာပဲ။
ဘုန်းကြီးတို့လည်း ဆရာမနွဲ့ကျန်းမာဖို့
သတိရတိုင်း မေတ္တာပို့ပါတယ်။
သက်ရှည်ကျန်းမာစိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေလို့။
ဆရာမနွဲ့ရဲ့ဆန္ဒက
တရားဓမ္မစာပေနဲ့ပတ်သက်ပြီး
သိချင်တယ်၊ တတ်ချင်တယ်ဆိုတဲ့
စိတ်ဆန္ဒတွေ အများကြီး
ရှိတယ်ဆိုတာသိတယ်။
အခုအချိန်
ကိုယ့်သန္တာန်မှာ အသိတရားရှိနေတဲ့
အချိန်လေးမှာ
တရားတွေကိုပြန်နှလုံးသွင်း၊
စာပေတွေကို ပြန်ဆင်ခြင်သုံးသပ်နေခြင်းအားဖြင့်
ရောဂါကိုခေတ္တခဏမေ့ထားရင်
ကြည်လင်အေးချမ်းတဲ့စိတ်လေးတွေ
ဖြစ်လာမှာဖြစ်တယ်။
အဲ့ဒီလိုဖြစ်လာပြီဆိုရင် အရှုံးထဲက အမြတ်ပေါ့နော်။
အပူထဲကနေ အအေးလေးရအောင်
အဲ့လိုကြိုးစားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။
(မှန်ပါဘုရား)
အဲ့လိုစဉ်းစားပြီး ဘယ်နေရာရောက်ရောက်
ကိုယ့်နေရာလေးမှာ
ဒါတွေပဲစဉ်းစားနေလိုက်တာပေါ့၊
ဟုတ်ဘူးလား။
(မှန်ပါဘုရား)
ကိုယ်သိချင်တာလေးတွေ စဉ်းစားနေမယ်။
သိရလို့ရှိရင် ပျော်စရာပေါ့။
အသိဉာဏ်ဆိုတာ ပျက်သွားတာမဟုတ်ပါဘူး။
အနိစ္စသဘောတရားအရ
ဖြစ်ပြီးရင်တော့ ပျက်တာပေါ့။
သို့သော် သတ္တိကကျန်ရစ်တယ်။
သမာဓိနဲ့မတူဘူး။
သမာဓိက ထိန်းချုပ်ထားတဲ့အချိန်လေးမှာပဲ
ရှိတယ်။ လွှတ်လိုက်ရင်ပျက်သွားတာပဲ။
ပညာကျတော့ စဉ်းစားထားတဲ့ပညာတစ်ခုဟာ
ဒီဘဝမှာ ထပ်စဉ်းစားရင်
ထပ်တိုးတက်လာတယ်။
နောက်ဘဝတွေကျရင်
ပိုပြီးထက်မြက်လာတယ်။
ဘုရားအလောင်းတော်
၄ အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့်တယ်ဆိုတာ အဓိက ပညာပါပဲ။
ပညာကိုဖြည့်တော့ နောက်ဆုံးအထွတ်အထိပ်
ရောက််သွားတာပါပဲ။
ဘုရားဖြစ်တယ်ဆိုတာ
အဓိက ပညာပဲ။
ကျန်တာက ပညာရဲ့အခြေခံအနေနဲ့
လေ့ကျင့်တာဖြစ်တယ်။
အဲ့ဒီတော့
အခုမကျန်းမာနေတဲ့အချိန်လေးမှာ
ကိုယ့်ရင်ထဲက အမှန်တရားတွေကို သိရအောင်
ကိုယ်လေ့လာသုံးသပ်ထားတဲ့
အဘိဓမ္မာသဘာဝတွေကို
လေ့လာဆင်ခြင် စဉ်းစားနေလိုက်မယ်ဆိုရင်
ကိုယ့်ခေါင်းထဲမှာ အချိန်တိုင်း
တရားရောက်နေမှာပေါ့နော်။
ဆရာမနွဲ့ အဲ့လိုနေပါလား။
(မှန်ပါဘုရား။ ကြိုးစားပါ့မယ်ဘုရား။)
ဟုတ်ပြီ။
ရောဂါဝေဒနာက
လျင်မြန်စွာပျောက်ကင်းပြီးတော့
တရားထူးတရားမြတ်ကို
သိရှိနားလည်သဘောပေါက်ပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေလို့
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
(ကျေးဇူးတင်ပါတယ်ဘုရား…သာဓု သာဓု သာဓု ပါဘုရား)
Credit Daw SANDAR Wynn Aung
Credit Wah Wah Swe