လှုပ်ရှားမှု ပုံရိပ်များ
နယ်လှည့်ဟောကြား မြတ်တရား အတွဲ (၆) စာအုပ်အဖြစ်ထွက်ရှိ
ပါမောက္ခချုပ်ဆရာတော် ဘုရား ဟောကြားထားရှိသည့် တရားတော်များကို စုပေါင်း၍ ထွက်ရှိသည့် “နယ်လှည့်ဟောကြား မြတ်တရား အတွဲ (၆) စာအုပ်အဖြစ်ထွက်ရှိသည်။ ယခု စာအုပ်သည် အမှတ်စဉ် ၁၉၀ မြောက် အဖြစ်ထွက်ရှိထားသည့် စာအုပ် ဖြစ်ပြီး တရားတော် (၂၀) ပုဒ် နှင့် စာမျက်နှာ (၃၆၆) မျက်နှာပါရှိသည်။
ဤစာအုပ် တွင် အထူးပြုပါရှိသည့် တရားတော် ခေါင်းစီးများဖြစ်သည့် မိဘနှင့် သားသမီးအကြားမှန်ကန်သောအမြင်များ၊ ဆရာမြတ်ကိုဆည်းကပ်ရမည့်အခါ၊ ကိုယ့်ဘဝကိုယ်ပြင်၊ အားကိုးခြင်း၊ အသက်ရှည်လေပိုကောင်းလေ တရားတော်များတွင်ပါဝင်သည့် အဆုံးအမများကို ထုတ်နှုတ်ဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
✅မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ
ဒီကနေ့ည ဒီခေါင်းစီးနဲ့ တရားဓမ္မ ဟောပြောနာယူကြရအောင်။ “မိဘနဲ့ သားသမီးအကြား မှန်ကန်သောအမြင်များ”လို့ဆိုတော့ မှားယွင်းတဲ့ အမြင်တွေ လည်း ရှိနေတယ်ဆိုတာကို သိသာစေတယ်။ မိဘကို ပြုစုလုပ်ကျွေးရမယ်၊ မိဘကို ရိုသေလေးစားရမယ်ဆိုတဲ့ ဒီအဆုံးအမဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသာဖြစ်တယ်။ ဒီအဆုံးအမဟာ ကမ္ဘာမှာ အမြဲတမ်းရှိနေတဲ့ အဆုံးအမလည်းမဟုတ်ဘူး၊ ကမ္ဘာ့ လူသားအားလုံးလိုက်နာနေတဲ့ အဆုံးအမလည်းမဟုတ်ဘူး။ သူတော်ကောင်းတွေက ဆုံးမဩဝါဒပေးတဲ့အခါမှသာလျှင် လူတွေရဲ့အသိုင်းအဝိုင်း ဟာ မိဘနဲ့သားသမီး အကြား မှန်ကန်တဲ့အမြင်ကို ရရှိကြတာဖြစ်တယ်။
မြတ်စွာဘုရားရဲ့အဆုံးအမ တည်ရှိနေမှသာလျှင် ကမ္ဘာလောကကြီး တစ်ခုလုံးဟာ သာယာအေးချမ်းပြီး ဗဟုဇနဟိတ – အများကောင်းစားဖို့အတွက်၊ ဗဟုဇနသုခ− အများချမ်းသာဖို့အတွက်ဆိုတာ ဖြစ်လာနိုင်တယ်။ မြတ်စွာဘုရား အဆုံးအမ ကွယ်ပျောက်သွားပြီး မှန်ကန်သောအမြင်တွေ ကွယ်ပျောက်သွားတာနဲ့ တစ်ပြိုင်နက် လူ့လောကကြီးဟာ ကျဆင်းသွားနိုင်တယ်။ နောက်ဆုံးမှာ တိရစ္ဆာန် လောကအဆင့် ရောက်သွားနိုင်တယ်ဆိုတာ သတိထားကြဖို့ပေါ့နော်။
သာမန်အားဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက “မာတာပိတု ဥပဋ္ဌာနံ- မိဘကို ပြုစုလုပ်ကျွေးတာ မင်္ဂလာ ဆိုတာ သိကြတယ်။ ငယ်စဉ်ကတည်းက ဒီအမြင်ဟာ ဝင်လာတာ။ အဲဒီတော့ မြန်မာလူမျိုးအချို့မှာသာ ဒီအမြင်ရှိတာ၊ ကမ္ဘာမှာရှိတဲ့လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်သော လူတွေကြားထဲမှာ ဒီအမြင်မရှိတဲ့လူတွေက အများကြီးပဲ။ အဲဒီတော့ လွယ်လွယ်နဲ့ ဒီအမြင်ရတယ်လို့ မအောက်မေ့လေနဲ့။
မမှန်ကန်တဲ့ အမြင်တွေဆိုတာ လောကမှာရှိနေတယ်။ ပြောရမယ်ဆိုရင် မြတ်စွာဘုရား ပွင့်တဲ့အချိန်တုန်းက ခေတ်ပြိုင်ပေါ်လာတဲ့ အဇိတကေသကမ္မလ ဆိုတဲ့ ဆရာကြီးရှိတယ်။ အဇိတဆိုတဲ့ နာမည်နဲ့ နတ္ထိကဝါဒကို ဟောပြောတယ်။ ခုခေတ် materialism ရုပ်ဝါဒီလို့ ပြောရမှာပေါ့။ ရုပ်ဝါဒကို ဆွဲကိုင်ထားတဲ့ အဇိတ ရဲ့ဝါဒမှာ ငြင်းပယ်မှု(၁၀)မျိုးကိုပြောတာ။ အဲဒီမှာ ဘာပါတုန်းဆိုတော့ နတ္ထိမာတာ၊ နတ္ထိပိတာ၊ ဒီစကားလုံးကို အဓိပ္ပာယ် တိုက်ရိုက်ပြန်လို့ရှိရင် နတ္ထိမာတာ- အမေ ဆိုတာ မရှိဘူး၊ နတ္ထိပိတာ- အဖေဆိုတာ မရှိဘူး၊ သူ့အမြင်ကနော်။ လောကမှာ အမေ၊ အဖေမရှိဘူးလို့ ပြောခြင်းဟာ အမေကို အသိအမှတ်မပြုခြင်းနဲ့ အဖေကို အသိအမှတ် မပြုခြင်းပဲဖြစ်တယ်။ ဒီဝါဒဟာ အလွန်ကြမ်းတမ်းရက်စက်ပြီး လူ့ လောကကြီးကို တိရစ္ဆာန် အဆင့်ရောက်သွားအောင်တွန်းပို့တဲ့ ဝါဒကြီးသာဖြစ်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့ဝါဒကြီး။
မြတ်ဗုဒ္ဓရဲ့အယူအဆက အတ္ထိမာတာ၊ အတ္ထိပိတာ၊ အမေ၊ အဖေဆိုတာ ရှိတယ်၊ အမေကို အသိအမှတ်ပြုတယ်၊ အဖေကို အသိအမှတ်ပြုတယ်၊ ဒီလို ရှိတာ ကိုး။ အမေ၊ အဖေကို အသိအမှတ်ပြုခြင်းအားဖြင့် မိဘရဲ့ ကျေးဇူးတရားရှိတယ် ဆိုတာ အသိအမှတ်ပြုပြီး ဖြစ်သွားတယ်။ ဒါကြောင့်မို့ ဗုဒ္ဓရဲ့အဆုံးအမကျတော့ “မာတာပိတု ဥပဋ္ဌာနံ ပဏ္ဍိတ ပညတ္တံ၊ သပ္ပုရိသ ပညတ္တံ” လို့ သတ္တိသုတ္တန်မှာ ဒီလိုဟောထားတာ ရှိသေးတယ်။ “မာတာပိတုဥပဋ္ဌာနံ−မိဘကို ပြုစုလုပ်ကျွေးခြင်း သည်၊ ပဏ္ဍိတ ပညတ္တံ‘ပညာရှိတွေ အသိအမှတ်ပြုသော အရာဖြစ်တယ်၊ သပ္ပုရိသ ပညတ္တံ-လူတော်လူကောင်းတွေ အသိအမှတ်ပြုတဲ့အရာသာ ဖြစ်တယ်”။
ဒီစကားကို ကြည့်မယ်ဆိုလို့ရှိရင် ပညာရှိတဲ့ပုဂ္ဂိုလ်ကသာ မိဘကို ပြုစု လုပ်ကျွေးသင့်တယ်ဆိုတဲ့ အယူအဆကို ယူဆတာဖြစ်တယ်။ သူတော်ကောင်း ကသာလျှင် မိဘကို ပြုစုတယ်ဆိုတဲ့ အယူအဆကို ယူဆတာ ဖြစ်တယ်။
ကမ္ဘာလောကမှာရှိတဲ့ လူတိုင်းဟာ မိဘရဲ့ ကျေးဇူးတရားမပြောနဲ့၊ မိဘ ကိုတောင် အသိအမှတ်မပြုဘူး လို့ဆိုတာ အင်မတန်မှထင်ရှားတယ်။ ဒီကနေ့ ဗုဒ္ဓ ဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာပင်လျှင် မိဘကို စော်ကားမော်ကားပြောတာတို့၊ မိဘကို သတ်ဖြတ်ကျူးလွန်ပြီးတော့ မာတုဃာတကကံ၊ ပိတုဃာတကကံ ကျူးလွန် တာတွေဆိုတာ တော်တော်လေးတွေ့လာရတယ်။ ဒါဟာ မိဘအပေါ် လေးစားမှု၊ ကျေးဇူးတရား သိတတ်မှု လျော့နည်းလာတဲ့ အဓိပ္ပာယ်ကို ဖော်ပြတယ်။ ဒီလို လျော့နည်းလာခြင်းဟာ ကောင်းတဲ့အသွင်လက္ခဏာ မဟုတ်ဘူး၊ ဆိုးဝါးတဲ့ အသွင် လက္ခဏာတစ်ခုဖြစ်တယ်။ ဒါကိုသတိထားပြီး သူတော်ကောင်းတရား ထွန်းကား အောင် ကြိုးစားကြရမယ်။
မိဘဆိုတာ ရှိတယ်၊ မိဘရဲ့ ကျေးဇူးတရားဆိုတာ ရှိတယ်၊ မိဘကိုပြုစုရင် ကောင်းကျိုး ချမ်းသာတွေ ရတယ်၊ မိဘကို စော်ကားရင် မကောင်းတဲ့အကျိုးတွေ ရတယ်ဆိုတဲ့ ဒီအတွေးအခေါ် အမြင်တွေ လူငယ်လူရွယ်တွေ ရဲ့ကြားမှာ စွဲစွဲမြဲမြဲကြီး ရှိနေဖို့၊ လူ့ယဉ်ကျေးတွေရဲ့ကြားမှာ စွဲစွဲမြဲမြဲရှိနေဖို့ ဝိုင်းဝန်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။
ဘာဖြစ်လို့တုန်းဆိုတော့ ဒါဟာ ဘုရားရဲ့အဆုံးအမ သုဂတဝိနယ ဖြစ်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမဆိုတာ တစ်လုံးပဲဖြစ်ဖြစ်၊ နှစ်လုံးပဲဖြစ်ဖြစ် အများအကျိုး အတွက် ဖြစ်တယ်၊ ကုသိုလ်ကောင်းမှု ရဖို့အတွက်ဖြစ်တယ်၊ ကောင်းကျိုးချမ်းသာ တွေ ရဖို့အတွက်ဖြစ်တယ်။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ကောင်းတာလုပ်မှ ကောင်းကျိုး ရနိုင်တယ်၊ အခြေအနေကောင်းမှ သုခ ဆိုတာလည်း လာတယ်။ ဟိတ နဲ့ သုခဟာ တွဲလာတာ ဖြစ်တယ်။ မကောင်းတဲ့အတွေးအခေါ်တွေကို အဟိတ လို့ခေါ်တယ်။ အဟိတတွေလက်ခံလာပြီ ဆိုလို့ရှိရင်တော့ ဒုက္ခနဲ့တွေ့မှာပဲ။ ဟိတဆိုတဲ့ ကောင်းကျိုး ချမ်းသာတွေ ရရှိနိုင်တဲ့ အခြေအနေကောင်းတွေကို လက်ခံထားမှ သုခလို့ဆိုတဲ့ ချမ်းသာကိုရမှာဖြစ်တယ်။
ဒါကြောင့်မို့ ဟိတ နဲ့ သုခ ဆိုတဲ့ ဒီစကားလုံးနှစ်လုံးကို တွဲဖက်ပြီးသုံးထား တာ။ ဟိတ ဆိုတာ အခြေအနေ ကောင်းတာကိုခေါ်တာ၊ သုခဆိုတာ ကောင်းကျိုး ချမ်းသာကိုပြောတာ။ ဆိုပါစို့- ပခုက္ကူမြို့ကြည့်၊ တံတားကြီး ဆောက်လိုက်တဲ့အခါ ကျတော့ သွားရေးလာရေး အခြေအနေတွေ ကောင်းမသွားဘူးလား၊ ကောင်းသွား တယ်။ အဲဒီ အခြေအနေကောင်းကို အကြောင်းပြုပြီးတော့ သွားရေးလာရေး လွယ်ကူ၊ အရောင်းအဝယ်တွေ တိုးတက်ဖွံ့ဖြိုးလာ တယ်။ ဖွံ့ဖြိုးတိုးတက်လာသည့် အတွက်ကြောင့်၊ သုခ- စီးပွားဥစ္စာတွေ တိုးတက်ပြီး ချမ်းသာကြွယ်ဝလာတယ်။
✅ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ
မြတ်စွာဘုရား ဟောကြားတဲ့ အင်္ဂုတ္တရနိကာယ် သမယသုတ္တန် အရ “ဆရာမြတ်ထံ ဆည်းကပ်ရမည့်အခါ” ကို မှတ်သားနာယူကြမယ်။ တရားနာတယ်ဆိုတာ အသိဉာဏ်ရဖို့နာကြတာ၊ အသိဉာဏ်ဟာ အင်မတန် မှ အရေးကြီးတယ်။ ဘဝခရီးလျှောက်လှမ်းတဲ့အခါမှာ အမှားအယွင်းမရှိ မှန်ကန်တဲ့ လမ်းကို လျှောက်နိုင်အောင် လူတိုင်းလူတိုင်း အသိဉာဏ်တွေရရှိဖို့ ကြိုးစားကြရမယ်။ တရားနာခြင်းဖြင့် မှန်ကန်တဲ့အသိဉာဏ်တွေကို ရနိုင်တယ်။
လောကလူသားတွေဟာ ကမ္ဘာဦးကာလကစပြီးတော့ ကိုးကွယ်ရာကိုရှာလာခဲ့ကြတာ အခုထိပဲ၊ ကိုးကွယ်ရာရှာလို့မပြီးသေးဘူး။ အဲဒီလို ကိုးကွယ်ရာရှာခြင်းဟာ အမှန်မသိခြင်း, ပညာအားနည်းခြင်းကြောင့် ဖြစ်တယ်။ အသိဉာဏ် လုံလုံလောက် လောက် မရှိရင် လူတွေဟာကြောက်ရွံ့ကြတယ်။ သဘာဝစွမ်းအားကြီး တွေကို ထိတ်လန့်ကြောက်ရွံ့ကြတယ်။ အဖြေမထုတ်နိုင်သည့်အတွက် တန်ခိုးရှင်ကြီးတွေကို စိတ်ထဲမှာဖန်တီးပြီး ကိုးကွယ်ကြတယ်။ ကနေ့ထိအောင် ဒီကိုးကွယ်မှုဆိုတာ မကင်း သေးဘူး၊ နာမည်အမျိုးမျိုးနဲ့ ခေါ်နေကြတယ်။
ဗုဒ္ဓမြတ်စွာလက်ထက်တော် အခါကာလတုန်းက “ဣဿရ” လို့ခေါ်တဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူ ကောင်းကင်ဘုံက တန်ခိုးကြီးဗြဟ္မာကို ရည်မှန်းပြီး ကိုးကွယ်တာ။ သို့သော် ကမ္ဘာကြီးကိုဖန်ဆင်းသူ ဗြဟ္မာကို ဘယ်သူတွေ့ဖူးလဲဆိုရင် ဘယ်သူမှ မတွေ့ဖူးဘူး။ မာဆင့်စကားကြားပြီး လူတွေအကြောက်ပြေဖို့အတွက် ကိုးကွယ်နေကြတာ။ တကယ်တော့ မှန်ကန်မှုရှိလားဆိုတော့ ဘယ်လိုမှ မှန်ကန်မှုမရှိဘူး။ မှန်ကန်မှုမရှိသည့် အတွက် တန်ခိုးရှင်က “မ,စနိုး မ,စနိုး” နဲ့ ကိုးကွယ်ရာ ကနေ နောက်ဆုံးမှာ ဆင်းရဲတွင်းနက်သွားကြတဲ့ သူတွေအများကြီးပဲ။
တကယ်တော့ လူတွေရဲ့အသိဉာဏ်လောက်တန်ဖိုးရှိတာ အခြားဘယ်ဟာမှ မရှိဘူး။ လူတွေကို ကောင်းကျိုးချမ်းသာပေးနိုင်တယ်ဆိုတာ အစွမ်းတန်ခိုးရှိရုံနဲ့ မပြီးဘူး။ အစွမ်းတန်ခိုးနဲ့ မ,စလို့လဲ လူတိုင်းလူတိုင်းကို ကောင်းကျိုးချမ်းသာ ပေးနိုင်တာ မဟုတ်ဘူး။
လက်တွေ့အားဖြင့် စဉ်းစားကြည့်ပေါ့။ ‘ဣဿရ” လို့ဆိုတဲ့ ထာဝရဘုရား သခင် (သို့မဟုတ်) God ဆိုတဲ့ ကောင်းကင်ဘုံက တန်ခိုးရှင်ကြီးက လူတွေကို ဖန်ဆင်းတယ်။ ကမ္ဘာကြီးကိုဖန်ဆင်းတယ်လို့ယုံကြည်ပြီး အဲ့ဒီ God ဆိုတဲ့ ဣဿရ ဗြဟ္မာကြီးကို လူတွေဟာ ကိုးကွယ် ဆည်းကပ်နေကြတယ်။ ဒီလိုလုပ်ရင်ဖြင့် သူက ကျေနပ်ကောင်းရဲ့လို့ ရည်ရွယ်ချက်နဲ့ လူတွေက ဒီလိုကိုးကွယ် နေကြတယ်။ လူတွေ မှာ စဉ်းစားတတ်တဲ့ အသိဉာဏ်နည်းပါးလို့ မစဉ်းစားနိုင်ကြဘူးပေါ့။
ထာဝရဘုရားသခင်က ဖန်ဆင်းတယ်ဆိုလို့ရှိရင် ချမ်းသာပြီး ရုပ်အဆင်း လှတဲ့သူတွေချည်း ဖန်ဆင်းသင့်တာပေါ့။ ဘာဖြစ်လို့ ဆင်းရဲပြီးဒုက္ခရောက်တဲ့ပုဂ္ဂိုလ် တွေကို ဖန်ဆင်းတာလဲ။ နောက်တစ်ခါ သူ့ကိုအကျိုးပြုမယ့် ပုဂ္ဂိုလ်တွေချည်း ဖန်ဆင်းသင့်တာပေါ့။ ဘာဖြစ်လို့ သူ့ကိုဆန့်ကျင်ဘက်လုပ်တဲ့သူတွေကို ဖန်ဆင်း တာလဲ။
အားလုံးဟာ ဘုရားသခင်ရဲ့ဖန်ဆင်းမှုကိုခံရတဲ့သူတွေချည့်ဆိုရင် ရုပ်အဆင်း တူညီသင့်တာပေါ့၊ အဲ့လို မတူညီဘဲနှင့် ဆင်းရဲတဲ့ သူက ဆင်းရဲ၊ ချမ်းသာတဲ့သူက ချမ်းသာ၊ ရုပ်ဆိုးတဲ့သူကဆိုး၊ ရုပ်လှတဲ့သူကလှ၊ ဒုက္ခရောက်တဲ့သူကရောက်၊ အမျိုးမျိုးအဖုံဖုံဖြစ်နေကြတာ ဘုရားသခင်ဖန်ဆင်းလို့တော့မဟုတ်ဘူး၊ အကြောင်း တစ်ခု ရှိနိုင်သေးတယ်လို့ စဉ်းစားပြီးကြည့်ရမယ်။ အခုလို ဆူကြုံနိမ့်မြင့် မတူညီမှုတွေနဲ့ ဘဝကို ရောက်ရှိလာကြတာ ဘာကြောင့်လဲ ဆိုတာကို အဖြေထုတ်ကြည့်။
မြတ်စွာဘုရား ပွင့်လာတဲ့အခါ မြတ်စွာဘုရားက သူကိုယ်တိုင် တရားဓမ္မကို ကျင့်ကြံကျိုးကုတ် အားထုတ်ပြီး ကမ္ဘာလောကကြီးကို သမာဓိစွမ်းအား၊ ပညာ စွမ်းအားဖြင့် စုစည်းပြီးကြည့်တယ်။ ကမ္ဘာကြီးတစ်ခုလုံးစုစည်းပြီး ဒိဗ္ဗစက္ခုအဘိဉာဏ် နဲ့ ကြည့်တာ။ အဲ့ဒီ ဒိဗ္ဗစက္ခုအဘိဉာဏ်နဲ့ လူတွေရဲ့ ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားမှု တွေရဲ့ နောက်ခံအကြောင်းကိုရှာတယ်။ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေ မကောင်း တာ ခံစားရတာကို တွေ့ရတယ်။ ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေ ကောင်းကျိုး ချမ်းသာ ခံစားရတာကိုတွေ့ရတယ်။ ကိုယ်တိုင်တွေ့ရှိပြီး သိမြင်တဲ့အခါမှာ မြတ်စွာ ဘုရားက “ကံတရား” ကိုဟောတယ်။
ဘုရားဆိုတာ အစွမ်းတန်ခိုး ရှိရုံနဲ့ မရဘူး။ “ကရုဏာ” ဆိုတဲ့ အကြင်နာတရား လည်း ရှိရမယ်။ အကယ်၍ “ကရုဏာ” ဆိုတဲ့ “အကြင်နာတရား” မရှိလို့ရှိရင် ကိုယ်ဖန်ဆင်းထားတဲ့ သတ္တဝါတွေကို ဒဏ်ခတ်ပြီး အပြစ်ပေးတာမျိုး ဖြစ်လာမယ်။ “ကရုဏာ” ရှိမှ သတ္တဝါတွေအားလုံးကို ညီတူညီမျှ သနားကြင်နာမှုဆိုတာရှိမယ်။ “ကရုဏာ” ဆိုတဲ့ သဘောတရားက ဆင်းရဲဒုက္ခမှ လွတ်မြောက်စေချင်တဲ့သဘော၊ ဒုက္ခရောက်နေတဲ့သတ္တဝါတွေ မရောက်စေချင်တဲ့သဘောကိုခေါ်တယ်။ အကယ်၍ ‘ကရုဏာ’ မရှိဘူးဆိုလို့ရှိရင် ဒဏ်ခတ်ခြင်း၊ အပြစ်ပေးခြင်းတွေ ရှိလာမယ်။
ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ မြတ်စွာဘုရားက ဒဏ်ခတ်တာတို့၊ အပြစ်ပေး တာတို့ ဘယ်တော့မှ မရှိဘူး။ တချို့က “ဘုရားစူးတယ်” “ဘုရားက ရိုက်တယ်” လို့ သုံးကြတယ်။ အဲ့ဒါ ဒီဘုရားမဟုတ်ဘူး၊ ဘုရားက ရိုက်တယ်ဆိုတာ မရှိဘူး။ အားလုံးအပေါ်မှာ အကြင်နာတရားပဲရှိတယ်။ အကြင်နာတရားနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကိုပြတယ်။ “ဂေါတမဗုဒ္ဓ” ဆိုတာ လူသားစစ်စစ်ပဲ၊ ပညာရှိတဲ့ ပုဂ္ဂိုလ် သူမြတ်ဖြစ်လို့ ဘယ်တော့မှ ဒုက္ခရောက်အောင်မလုပ်ဘူး။ ဒုက္ခရောက်နေတဲ့ သတ္တဝါတွေကို ဒုက္ခမရောက်စေချင်လို့ ဆုံးမသွန်သင် ပေးတာပဲရှိတယ်။ ဒဏ်ခတ်တဲ့ ဘုရားက ဒီဘုရားမဟုတ်ဘူး။ စူးတဲ့ဘုရားလည်း ဒီဘုရားမဟုတ်ဘူး။ မြတ်စွာဘုရား ဆိုတာ အကြင်နာတရားကြီးမားသူသာဖြစ်တယ်။
ဘာသာတရားကို ဟောပြောတဲ့ ဘုရားဟာ အကြင်နာတရားရှိရုံနဲ့ မလုံလောက်ဘူး။ ပညာလည်းရှိဖို့ လိုအပ်တယ်။ ပညာရှိမှ “လုပ်သင့်တာနဲ့ မလုပ် သင့်တာ” ဒီနှစ်ခုကိုခွဲခြားပြီး ဟောပြောနိုင်တယ်။ “မလုပ်သင့်တာကို” “လုပ်သင့် တယ်လို့” ဟောမယ်၊ “လုပ်သင့်တာကျတော့” “မလုပ်သင့်ဘူးလို့’ ဟောမယ်ဆိုရင် သူ့အဆုံးအမအတိုင်း လိုက်နာသူမှန်သမျှ ဒုက္ခရောက်မှာပေါ့။
ရောဂါရှိနေတာ အမှန်မသိလို့ ရောဂါနဲ့မတည့်တဲ့ အစာကျွေးတယ်၊ ရောဂါနဲ့ မတည့်တဲ့ဆေးကို ပေးမယ်ဆိုရင် ဒုက္ခရောက်မှာပဲလေ။ အဲတော့ ပညာ လုံလုံ လောက်လောက်ရှိဖို့လိုတယ်။ မြတ်စွာဘုရားက ပညာနဲ့ကြည့်ပြီး သတ္တဝါတွေရဲ့ အကျိုးစီးပွား ရှိရာရှိကြောင်း ဆုံးမဩဝါဒပေးတယ်။ အဲ့ဒီ ဆုံးမဩဝါဒအတိုင်း လိုက်နာကြရမှာလို့ဆိုတယ်။
✅ကိုယ့်ဘဝ ကိုယ်ပြင်
အတ္တာနဉ္စိ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏ မညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။”
လောကလူတွေဟာ လူတိုင်းလူတိုင်း ကိုယ့်ကိုကိုယ်ချစ်ခင်ကြတယ်၊ ကိုယ့်ကို ကိုယ် တန်ဖိုးထားကြတယ်၊ ကိုယ့်ကိုကိုယ် လေးစားကြတယ်။ မြတ်စွာဘုရား ကလည်း “အတ္တသမံ ပေမံ နတ္ထိ” မိမိကိုယ်နဲ့ အလားတူချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိဘူးတဲ့။ ကိုယ့်ကိုကိုယ်သာအချစ်ဆုံးပဲလို့ဟောထားတဲ့ သုတ္တန် တွေ ရှိတယ်ပေါ့။ ဒါက လူ့သဘာဝကိုဟောတာ။
ကိုယ့်ကိုကိုယ်လည်း ဆန်းစစ်ကြည့်ရင် လောကမှာ ချစ်ခင်စရာပုဂ္ဂိုလ်တွေ မြောက်များစွာရှိသော်လည်း ကိုယ့်ကိုကိုယ် ချစ်ခင်ဆုံးဆိုတာ အင်မတန်သေချာ တယ်ပေါ့။ အဲဒီတော့ “ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းသည် ကိုယ့်ကိုကိုယ်ပြင်ဖို့ဆိုတာ အင်မတန်အရေးကြီးတယ်”။
မြတ်စွာဘုရားကသတိပေးတယ် “အတ္တာနဉ္စိ ပိယံ ဇညာ– ကိုယ့်ကိုကိုယ် ချစ်ခင်ထိုက်တဲ့ပုဂ္ဂိုလ်လို့ ယူဆမယ်, သိမြင်မယ်ဆိုရင်၊ ရက္ခေယျ နံ သုရက္ခိတံ- ကိုယ့်ကိုကိုယ် စောင့်ရှောက်ပါ, ပြုပြင်ပေးပါ”တဲ့။ ကိုယ့်ကိုကိုယ် မပြုပြင်ရင် ချစ်ရာ မရောက်ဘဲနဲ့ နှစ်ရာရောက်တယ်လို့ ဆိုလိုတာပေါ့။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် ချစ်ခင် တယ်လို့သိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းသည် ကိုယ့်ကိုကိုယ် ထိန်းသိမ်းစောင့်ရှောက် ရမယ်၊ ပြုပြင်ရမယ်တဲ့။
“တိတ္ထံ မညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော”
လူ့ရဲ့ဘဝမှာ အရွယ်သုံးမျိုးရှိတယ်။ သက်တမ်း(၁ဝဝ)ရှိတဲ့ လူသားတွေမှာ အရွယ်ကို သုံးပုံပုံလိုက်တဲ့အခါ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ပေါ့။ ပထမအရွယ်ဆိုတာ ပထမ ၃၃-နှစ်၊ ဒုတိယ ၃၃-နှစ်က ဒုတိယအရွယ်၊ တတိယ ၃၃-နှစ်က တတိယအရွယ်လို့ ဒီလိုအရွယ်သုံးပါး ပိုင်းခြားပြီးကြည့်လို့ရတယ်။ လူတွေ သည် အရွယ်အလိုက် ကိုယ့်ကိုကိုယ် ပြုပြင်ကြရတယ်။ ကိုယ့်ဘဝ ကြီးပွား တိုးတက် အောင် လုပ်ကြရတယ်။
ဒါ့ကြောင့် “ကိုယ့်ကိုကိုယ်ချစ်ခင်တယ်လို့သိတဲ့ ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းသည် အရွယ်သုံးပါး တစ်ပါးပါးမှာ ကိုယ့်ကိုကိုယ်ပြုပြင်တဲ့အလုပ်ကို လုပ်ရမယ်။” လူ့ဘဝ ဆိုတာ ပထမအရွယ်ပြီးရင် ဒုတိယအရွယ်ရောက်မယ်၊ ဒုတိယအရွယ်ပြီးရင် တတိယအရွယ်ရောက်မယ်၊ တတိယအရွယ်ရောက်ပြီးရင် ဘဝတစ်ခုက ကုန်ဆုံး မယ်။ ဒါက ယေဘုယျစကားအနေနဲ့ပြောတာ။ လူတိုင်းလူတိုင်း အရွယ်သုံးပါးလုံး ပြည့်စုံအောင်ရတာ မဟုတ်ဘူး။ ပထမ အရွယ်မှာ သေချင်လည်းသေမယ်၊ ဒုတိယအရွယ် သေချင်လည်းသေမယ်၊ တတိယ အရွယ် သေချင်လည်းသေမယ်။ အဲဒီတော့ အရေးကြီးဆုံးက လူ့ဘဝရောက်လာလို့ အသိဉာဏ်ရှိလာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်ရဲ့ အကျင့်စရိုက်တွေကို ကိုယ့် ဘာသာကိုယ်သိအောင် ကြိုးစားရမယ်။
✅ဘာကို ပြင်မှာလဲ?
ကိုယ့်မှာ ဘယ်လိုအကျင့် စရိုက်တွေရှိသလဲ? ရာဂစရိုက် ရှိသလား၊ ဒေါသ စရိုက် ရှိသလား၊ မောဟစရိုက် ရှိသလားဆိုတာတွေကို သိအောင် ကြိုးစားရမယ်။ ရာဂစရိုက်ဆိုသည်မှာ အကောင်းကြိုက်တာကို ဆိုလိုတာ။ လူတိုင်းလူတိုင်း ကောင်းတာ ကြိုက်ပေမယ့်လို့ သူများထက် လွန်လွန်ကဲကဲကြီး လောဘကြီးသလား၊ အရာရာမှာ တွယ်တာမှုတွေ များနေသလားဆိုတာ စဉ်းစားပြီး ရာဂစရိုက်တွေကို လျှော့ချပေးဖို့ လိုအပ်တယ်ပေါ့။ အဲဒီလို လျှော့ချပေးတာသည် ပြုပြင်ခြင်းပဲ။
ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်က ထစ်ခနဲဆို စိတ်တိုတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီ စိတ်တိုမှုဆိုတဲ့ ဒေါသတွေ မိမိသန္တာန်မှာရှိသလား၊ ကြီးထွားနေသလားဆိုတာ ကိုယ့် ကိုကိုယ် ဆန်းစစ်ရမယ်။ ဆန်းစစ်လို့ ရှိနေတယ်ဆို ရင်လည်းပဲ ခုဘဝမှာ ပြင်ရမယ် တဲ့။ မပြင်ဘူးဆိုရင် ဘယ်ဘဝရောက်ရောက် ဒေါသစရိုက်ကြီးက မပျောက်ဘဲ ဖြစ်တတ်တယ်တဲ့။
နောက်တစ်ခါ မောဟစရိုက်ဆိုတာ အရာရာမှာ စဉ်းစားဆင်ခြင်မှုတွေ အားနည်းတယ်။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မသိဘူး။ မသိသည့်အတွက် ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ထင်တယ်၊ လုပ်သင့်တာကို မလုပ်သင့်ဘူး လို့ထင်တယ်။ မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်မှာ ပြောလိုက်ရင်လည်း အမှား၊ ကြံတွေး လိုက်ရင်လည်း အမှား၊ မှား၊ လုပ်လိုက်ရင်လည်းအမှားပဲ ဖြစ်တယ်တဲ့။
မှားမှားယွင်းယွင်းတွေလုပ်မိပြီး မောဟတရားရဲ့ လွှမ်းမိုးမှုခံရပြီဆိုရင် အရာရာမှာ သိမြင်နိုင်စွမ်းမရှိဘဲ အမှန်တရားဘက်မရောက်ဘဲ မှားယွင်းတဲ့လုပ်ရပ်တွေ လုပ်ရင်းလုပ်ရင်းနဲ့ ဘဝမှာနစ်မွန်းသွားနိုင်တယ်။ ဒါ့ကြောင့်မို့ ဒီမကောင်းတဲ့ စရိုက်တွေကိုရှောင်ပြီး ကောင်းတဲ့စရိုက်တွေဆောင်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြုပြင် ရမယ်။
ဒီကနေ့ခေတ်မှာ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်မိသားစုမှာ လူလာဖြစ်ကြတယ်။ အဲဒီလို လူလာဖြစ်တဲ့အခါ မိမိတို့ရဲ့ အကျင့်စရိုက်တွေကို မိမိတို့ကိုယ်တိုင် သိအောင်ကြိုးစားဖို့လိုအပ်တယ်။ အခုလို တရားပွဲတွေကျင်းပပြီး တရားနာရတယ်။ တရားနာရင် အသိဉာဏ်တွေရတယ်။ အသိဉာဏ်ရတဲ့အခါ ကိုယ့်ရဲ့စရိုက်တွေကို ကိုယ့်ဘာသာကိုယ် အကဲခတ်နိုင်တယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီစရိုက်တွေနဲ့ပတ်သက်ပြီး ကိုယ့် ဘာသာကိုယ် သိရှိနားလည်ပြီဆိုရင် ထိုစရိုက်ကို ပျောက်ငြိမ်းစေတတ်တဲ့ ကမ္မဋ္ဌာန်း တွေလည်းပဲ အသီးသီးပေးထားတာတွေ ရှိတယ်ပေါ့။
“ရောဂါနဲ့ဆေး တည့်အောင်ပေး၊ ရောဂါရှိရင် ဆေးရှိတယ်” ဆိုတာလို စရိုက်ဆိုးတွေရှိရင် စရိုက်ဆိုးတွေကို ပျောက်ကင်းစေနိုင်တဲ့ ကျင့်စဉ်တွေ ရှိနေတာပဲ ပေါ့။ အဲဒီ ကျင့်စဉ်တွေကို နားလည်အောင်လုပ်ပြီး မိမိသန္တာန်မှာ ဖြစ်တဲ့ စရိုက်ဆိုး တွေကို လျှော့ချပေးနိုင်ရမယ်။
အဲဒီလို မလျှော့ချနိုင်ဘူးဆိုရင် သံသရာလည်ရတဲ့ပုဂ္ဂိုလ်တွေသည် ဘဝမှာ အရုပ်ဆိုး အကျည်းတန် ဖြစ်သွားတတ်တယ်။ ဒါ့ကြောင့် ကိုယ့်ဘဝကိုယ်ပြင်ရမယ်။ သူများက ပြင်တယ်ဆိုတာ အကြံပေးရုံလောက်ပဲ၊ ဆုံးမဩဝါဒ ပေးရုံလောက်ပဲ ဖြစ်တယ်။ အကြံပေးပေမယ့် မိမိကိုယ်တိုင်က မပြင်သေးသမျှ အကောင်း ဘယ်တော့မှမဖြစ်ဘူး။ မိမိကိုယ်တိုင်ပြင်မှ အကောင်းဖြစ်တယ်တဲ့။
✅အားကိုးခြင်း
ပုဂ္ဂိုလ်ကိုအားကိုးခြင်းနှင့် ဓမ္မကိုအားကိုးခြင်းလို့ အားကိုးခြင်း ၂-မျိုး ရှိတယ်။ မြတ်ဗုဒ္ဓက “သင်္ခါရတရားတွေကို မပျက်ပါစေနဲ့လို့ ဘယ်သူမှ လုပ်လို့မရဘူး၊ အားလုံးဟာ အချိန်တန်တော့ ပျက်စီးဆုံးရှုံးသွားမှာပဲလို့ ငါအကြိမ်ကြိမ်ဟောခဲ့တယ် မဟုတ်လား။ အဲဒါကြောင့် အားကိုးရာရှာလို့ရှိရင် ပုဂ္ဂိုလ်ကိုအားမကိုးဘဲ ဓမ္မကိုသာ အားကိုး” လို့ ဟောခဲ့တယ်။
မြတ်စွာဘုရားရဲ့ဆိုလိုရင်း အဓိပ္ပါယ်က ပုဂ္ဂိုလ်တစ်ယောက်ကို အားကိုးပြီ ဆိုရင် ကိုယ်အားကိုးတဲ့ ပုဂ္ဂိုလ်က မကြာခင်ဘဝပြောင်းသွားတာမျိုးတွေ ဖြစ်တတ် တယ်၊ ပျက်စီးသွားတယ်၊ ဆုံးရှုံးသွားတယ်ဆိုရင် ကိုယ့်မှာအားကိုးရာမဲ့သွားတတ် တယ်။ အားကိုးစရာမရှိ ဖြစ်သွားတတ်တယ်။
ရောဂါဝေဒနာဖြစ်လို့ ဒုက္ခရောက်ပြီဆိုရင် အားကိုးရာမရှိတော့ဘူး၊ အမေက လည်း မတတ်နိုင်ဘူး၊ အဖေကလည်း မတတ်နိုင်ဘူး၊ ညီအစ်ကို မောင်နှမတွေ လည်း မတတ်နိုင်ကြဘူး၊ ဆေးဆရာတွေကလည်း မတတ်နိုင်ကြဘူး၊ အဲဒီအချိန်မှာ ဘယ်သူ့ကိုမှအားကိုးလို့ မရဘူး။ အဲဒါကြောင့် မြတ်စွာဘုရားက “အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ- ကိုယ့်ကိုကိုယ်အားကိုးပြီး နေထိုင်ကြ”လို့ ဟောတော်မူတယ်။
ကိုယ့်ကိုကိုယ်အားကိုးဆိုတာ တခြားအရာကိုပြောတာ မဟုတ်ဘူး။ ဓမ္မဒီပါ ဝိဟရထ-တရားကို အားကိုးရမယ်၊ ဓမ္မသရဏာ- တရားဆိုတဲ့ ကိုးကွယ်ရာကို ရှာထားရမယ်။ ဆိုလိုတာက ကိုယ့်တရားကို ကိုယ် အားကိုး ရမယ်။ အဲဒါမှ ထာဝရ အားကိုးရာအစစ်ဖြစ်တယ်။ ထာဝရအားကိုးရာဟာ ဓမ္မပဲဖြစ်တယ်
✅အသက်ရှည်လေ ပိုကောင်းလေ
“လူတိုင်းလူတိုင်းဟာ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်သလား” လို့ မေးခွန်းထုတ်စရာရှိတယ်။ လူတိုင်းကတော့ အသက်ရှည်ချင်ကြတာချည့်ပဲ၊ ဒါကြောင့် “အသက်ရှည်ကြပါစေ၊ ကျန်းမာကြပါစေ” ဆိုတဲ့ ဆုတောင်းဆုယူမှု ပြုကြတာဖြစ်တယ်။ လူ့ဘဝရလာပြီးတဲ့အခါမှာ အသက်ရှည်ဖို့ လူတိုင်းလိုလား ကြတာဖြစ်တယ်၊ သို့သော် လူတိုင်းအဖို့ အသက်ရှည်တာဟာ ပိုကောင်းလားဆိုပြီး မေးခွန်းထုတ်ပြီး အဖြေရှာသင့်တယ်။
ကျေးဇူးရှင် ဆရာတော်ဘုရားကြီးတို့လို သက်တော်(၉ဝ) အရွယ်ထိအောင် ကျန်းကျန်းမာမာ အသက်ရှည်နေတာမျိုးဟာ တန်ဖိုးရှိတဲ့ အသက်ရှည်မှုဖြစ်သည့် အတွက်ကြောင့် ဆရာတော်ဘုရားကြီးအဖို့ “အသက်ရှည်လေ ပိုကောင်းလေ”လို့ ပြောရမလို ဖြစ်နေတယ်။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ညှိနှိုင်းပြီး ကြည့်မယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ် တွေဟာ အသက်ရှည်လေ ပိုကောင်းလေဖြစ်တယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်ရင် မကောင်းဘူးဆိုတဲ့ အနေအထားမျိုး ရောက်နိုင် သလဲ၊ လူတိုင်းလူတိုင်းအဖို့ အသက်ရှည်ခြင်းဟာကောင်းတာမဟုတ်ဘူး၊ အသက်ရှည်ပြီး မကောင်းမှုအကုသိုလ် တွေ များတဲ့ပုဂ္ဂိုလ်တွေဆိုရင် အသက်ရှည်တာ မကောင်းဘူး၊ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုးကြီးမားလေလေ၊ အသက်ရှည်လေလေ အကုသိုလ်ဝန်ပိလာလေလေ။
ဒါကြောင့်မို့ လူတိုင်းအတွက် အသက်ရှည်တာ ကောင်းကျိုးချမ်းသာရဖို့အတွက် မဖြစ်လို့ မကောင်းဘူး၊ ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးတွေကျတော့ “အသက်ရှည်လေ ပိုကောင်းလေ” လို့ ပြောရမယ်။