လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ကြီး၏ အဖိတ်နေ့ညချမ်းကာလ Zoom အစီစဉ်ဖြင့် မဟာသုဗောဓာရုံ သာသနာ့အင်အားစု တိုက်ခွဲတပည့်များအား ဩဝါဒကထာ မိန့်ကြားတော်မူခြင်း
၁၃၈၄-ခု တော်သလင်းလဆန်း (၁၄)ရက်
8-9-2022 ကြာသပတေးနေ့
ပါမောက္ခချုပ်ဆရာတော်ကြီး၏ အဖိတ်နေ့ညချမ်းကာလ Zoom အစီစဉ်ဖြင့် မဟာသုဗောဓာရုံ သာသနာ့အင်အားစု တိုက်ခွဲတပည့်များအား ဩဝါဒကထာ မိန့်ကြားတော်မူခြင်း
ဩဝါဒခံယူကြသည့် ကျောင်းတိုက်များ
၁။ မဟာသုဗောဓာရုံကျောင်းတိုက် စစ်ကိုင်း
၂။ သာသနဇောတာရုံကျောင်းတိုက် မတ္တရာ
၃။ ဓမ္မသဟာယသာသနစင်တာ ပြင်ဦးလွင်
၄။ မဇ္ဈိမပဋိပဒါဓမ္မစင်တာ ပြင်ဦးလွင်
၅။ ဓမ္မဝိဟာရသုဗောဓာရုံ ပြင်ဦးလွင်
၆။ သဒ္ဓမ္မဇောတကသုဗောဓာရုံ မုံရွာ
၇။ဓမ္မဝိဇ္ဇာလယသုဗောဓာရုံ သန်လျင်
၈။ ဝဇိရာနန္ဒသုဗောဓာရုံ နေပြည်တော်
၉။ ဓမ္မဝိနယစင်တာ လှည်းကူး
၁၀။ သစ္စာနန္ဒဓမ္မစင်တာ ယက္ကန်းစင်
၁၁။ ဒက္ခိဏာရာမရွှေကျင်ပရိယတ္တိစာသင်တိုက် ကျောင်းကုန်း
<><><><><><><><><><><><><>
ဆရာတော်ဘုရားကြီး၏ ဩဝါဒအပြည့်အစုံ
တော်သလင်းလပြည့်ရဲ့ အဖိတ်နေ့
အားလုံး တစ်ပတ်တစ်ခါ ဆုံတွေ့ရလို့ ဝမ်းသာအားရ ဖြစ်ရပါတယ်။
ကျေးဇူးရှင် မဟာသုဗောဓာရုံ ပဓာနနာယကဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အချိန်တုန်းက ရေးသားဆုံးမခဲ့တဲ့ စာလေးတစ်ပုဒ်ကို အမှတ်ရမိတယ်။
“နေ့စဉ်နေ့စဉ် အစာစား၍ ကိုယ်အားကို ဖြည့်ပေးရသလို၊ နေ့စဉ်နေ့စဉ် သတိထား၍ ဉာဏ်အားကိုလည်း ဖြည့်ရမယ်”ဆိုတဲ့ ဆုံးမချက်တစ်ခု ရှိတယ်၊ အလွန် မှတ်သားစရာ ကောင်းတယ်။
ပုံမှန်အားဖြင့် နေ့စဉ်အစာစားပြီး ကိုယ်ခန္ဓာအား ဖြည့်ကြတာကတော့ သတိပေးစရာမလိုအောင် လုပ်ဆောင်နေကြတာဖြစ်တယ်၊ သတိထားပြီးတော့ အသိဉာဏ်အားတွေ ဖြည့်တင်းဖို့ဆိုတာကို သတိရှိဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့ ဒီနေ့ ဩဝါဒအနေနဲ့ ပြောချင်တာကတော့ မဇ္ဈိမနိကာယ်မှာပါတဲ့ “ကိန္တိသုတ်” ဆိုတာကို အခြေခံပြီးတော့ ပြောပြပါမယ်။
ကိန္တိသုတ်လာ ဗုဒ္ဓရဲ့ မိန့်မှာချက်အရ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိမှာဟောထားတဲ့ အချက်များလိုပဲ
မဟာသုဗောဓာရုံကျောင်းတိုက်ခွဲ အသီးသီးမှာ ရှိကြတဲ့ နာယက တိုက်အုပ် တိုက်ကြပ် စာချ ပုဂ္ဂိုလ်တွေဟာ မိမိတို့ထက်ငယ်တဲ့ တပည့်တွေကို တဆင့် စာပေပို့ချခြင်းအားဖြင့် ပရိယတ္တိသာသနာ့တာဝန်ကို ထမ်းဆောင်နေကြတယ်၊ တဖက်ကလည်းပဲ ကိုယ့်အတွက် အချိန်လေးတစ်ခု ယူပြီးတော့ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ထဲက ဘုရားဟေားထားတဲ့ သုတ္တန် တွေကို ဆက်လက်ပြီး လေ့လာမှတ်သားသင့်တယ်ပေါ့နော်။
အဲသလို လေ့လာမှတ်သားမှ ကိုယ့်အတွက် အသိဉာဏ်တွေ တိုးတက်မှာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီကနေ့ ကိန္တိသုတ်ထဲက ဗုဒ္ဓရဲ့ မိန့်မှာချက်ဟာ အင်မတန် ကောင်းမွန်ပါတယ်။
ယခုလို သံဃာ့ပရိသတ်နဲ့ နေတဲ့အခါမှာ ပြဿနာတစ်ခုခု ပေါ်လာခဲ့ရင် ဘယ်ပုံဘယ်နည်း ဆောင်ရွက်ရမယ်ဆိုတာရယ်၊ တရားဟောခြင်း စာပေပို့ချခြင်းဆိုတဲ့ သာသနာ့လုပ်ငန်းရပ်တွေ လုပ်တဲ့အခါမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ရမယ်ဆိုတာရယ်ကို အဲဒီသုတ္တန်မှာ ဟောထားတာဖြစ်လို့ မှတ်သားဖို့ အင်မတန်ကောင်းတယ်။
အဲဒီမှာ မြတ်စွာဘုရားက သံဃာ့ပရိသတ်ထဲမှာ
“ကိန္တိ ဝေါ ဘိက္ခဝေ မယိ ဟောတိ” ဆိုပြီး ဒီမေးခွန်းလေးနဲ့ ဒီသုတ္တန်ကို စဟောတာ၊ ” ရဟန်းတို့…
နေ့စဉ်နဲ့အမျှ သတ္တဝါတွေကို တရားဟောနေတာနဲ့ ပတ်သက်ပြီး မင်းတို့ ငါ့အပေါ်မှာ ဘယ်လိုထင်မြင်ကြသလဲ?
ငါ့အပေါ်မှာ ဘယ်လိုသဘောထားကြသလဲ? ဆိုပြီးတော့
“စီဝရဟေတု ဝါ သမဏော ဂေါတမော ဓမ္မံ ဒေသေတိ ပိဏ္ဍပါတ ဟေတု ဝါ သေနာသနဟေတု ဝါ ဣတိ ဘဝါဘဝ ဟေတု ဝါ သမဏော ဂေါတမော ဓမ္မံ ဒေသေတိ”
ငါတရားဟောနေတာဟာ
🔸 ဆွမ်း,သင်္ကန်း,ကျောင်းအတွက် ဟောတာလား?
🔸 ဘဝကောင်းစားရေးအတွက် ဟောတာလား? ဆိုပြီး
ရဟန်းတွေရဲ့ ထင်မြင်ချက်ကို မြတ်စွာဘုရားက မေးခွန်းထုတ်လိုက်တယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက်မှန်ကန်ဖို့ဆိုတာ အင်မတန်မှ လိုအပ်တယ်ပေါ့။
ရဟန်းတွေက ” န ခေါ နော ဘန္တေ ဧဝံ ဟောတိ”
မြတ်စွာဘုရားအပေါ်မှာ တပည့်တော်တို့ အဲသလို မထင်ပါဘုရား လို့ လျှောက်တယ်။
အဓိကအားဖြင့်တော့ ကိုယ်လည်းပဲ ဒီသာသနာ့လုပ်ငန်းတွေ လုပ်နေတာဆိုတော့ ဒီသုတ္တန်မှာ အဖြေထွက်နိုင်တာပေါ့နော်။
ဒို့တတွေ နေ့စဉ်နဲ့အမျှ ပရိယတ္တိသာသနာ့တာဝန်, ပဋိပတ္တိသာသနာ့တာဝန် ဒီတာဝန်နှစ်ရပ်ကို ထမ်းဆောင်ပြီးနေကြတယ်၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ?
တာဝန်အရမို့ လုပ်တာလား?
ဆွမ်းကောင်းကောင်း စားဖို့လား?
ကျောင်းကောင်းကောင်းမှာ နေရဖို့လား?
ဘဝကောင်းစားဖို့လား?
ရဟန်းတွေအတွက် ရည်ရွယ်ချက်မှန်ကန်ဖို့ကို မြတ်စွာဘုရားက သင်ပေးတဲ့သဘောပဲ။
ရဟန်းတွေက လျှောက်ကြတယ်…
တပည့်တော်တို့ကတော့ ဒီလိုထင်ပါတယ်၊
” အနုကမ္ပကော ဘဂဝါ ဟိတေသီ၊ အနုကမ္ပံ ဥပါဒါယ ဓမ္မံ ဒေသေတိ”
မြတ်စွာဘုရားဟာ တပည့်သာဝကတွေကို အမြဲတမ်း အကြင်နာတရား ထားတယ်၊ ကရုဏာတရား ထားတယ်၊ အကျိုးစီးပွားကို ရှာမှီးလေ့ရှိတယ်။
ဒါ ဆရာလုပ်တဲ့ ပုဂ္ဂိုလ်တိုင်း အနုကမ္ပကော ဟိတေသီ- ကိုယ့်ဆီ ပညာသင်ဖို့ ရောက်ရှိလာတဲ့ တပည့်တွေအပေါ်မှာ သနားညှာတာခြင်း, အသိပညာတိုးတက်အောင် လုပ်ဆောင်ပေးခြင်း, ကရုဏာဖြင့် စောင့်ရှောက်ခြင်း, အကျိုးရှိရာရှိကြောင်း ရှာဖွေဆောင်ရွက်ပေးခြင်း အားဖြင့်
တပည့်တွေ လိမ်လိမ်မာမာ နေဖို့, ကျောင်းစည်းကမ်းတွေ လိုက်နာဖို့ , စာပေပညာတွေ လေ့လာကျက်မှတ် သင်ယူဖို့ကို ဆောင်ရွက်ရမယ်။
အဲတော့ ကျေးဇူးရှင် ပဓာနနာယကဆရာတော်ဘုရားကြီးကလည်းပဲ ခုနကလို စာရေးခဲ့တာဟာ ဟိတေသီပဲ၊ နေ့စဉ် သတိထားပြီး ဉာဏ်အားကို ဖြည့်ကျင့်ရမယ် ဆိုတာကို သတိရစေတာပဲ၊ မဟုတ်ရင် အမှတ်တမဲ့ နေကြမှာပဲ၊ အဲသလို အမှတ်တမဲ့ မနေမိအောင် ကိုယ့်အတွက် အချိန်ကုန်ရကျိုးနပ်အောင် ဆရာတော်ကြီးက ဆုံးမခဲ့တာ ဖြစ်တယ်။
ဒီနေရာမှာ စာပေသဒ္ဒါရေးနဲ့ ပတ်သက်ပြီး ပြောရရင် “ကိန္တိ” ဆိုတဲ့ စကားလုံးဟာ နာမ်ပုဒ် ဥပသာရပုဒ် အာချာတ်ပုဒ် နိပါတ်ပုဒ်ဆိုတဲ့ ပုဒ်လေးမျိုးထဲမှာ တတိယာဝိဘတ်ချေထားတဲ့ နိပါတ်ပုဒ်ဖြစ်တယ်၊ ရူပသိဒ္ဓိမှာတော့ ဖော်ပြထားတာ မရှိဘူး၊ သဒ္ဒနီတိကျမ်းမှာ ဖော်ပြထားတာ ရှိတယ်၊
ကိန္တိ- ဘယ်လိုအနေအားဖြင့် ငါ့အပေါ်မှာ ထင်မြင်ကြသလဲ? ။
ရဟန်းတွေက သူတို့ထင်မြင်ချက်လျှောက်တော့ မြတ်စွာဘုရားက မင်းတို့ ဒီလိုခံယူထားတယ်ဆိုရင်-
ငါဟာ တရားဓမ္မကို သိရှိပြီး ဟောကြားထားတဲ့ သတိပဋ္ဌာန်၄-ပါး သမ္မပ္ပဓာန်၄-ပါး ဣဒ္ဓိပ္ပါဒ် ၄-ပါး ဣန္ဒြေ ၅-ပါး ဗိုလ်၅-ပါး ဗောဇ္ဈင် ၇-ပါး မဂ္ဂင် ၈-ပါးဆိုတဲ့ ထူးထူးခြားခြား ငါချမှတ်ပြီး ဟောကြားထားတဲ့ ဗောဓိပက္ခိယတရား ၃၇-ပါးတရားတွေ ရှိတယ်။
မြတ်စွာဘုရားရဲ့ သာသနာဆိုတာလည်းပဲ ဗောဓိပက္ခိယတရား ၃၇-ပါးကို အဓိကထားတာပဲ၊ သာသနာအရ ဘုရားရဲ့အဆုံးအမအရ ကောက်ယူပြပါဆိုရင် ဗောဓိပက္ခိယတရား ၃၇-ပါးပဲ ကောက်ယူရမယ်။
ဒီဗောဓိပက္ခိယတရားတွေကို ချုံးလိုက်ရင် မဂ္ဂင်၈-ပါးပဲ၊ မဂ္ဂင်၈-ပါးကို ထပ်ချုံးရင် သီလ သမာဓိ ပညာ သိက္ခာ၃-ရပ်ပဲ။
ဒီနေရာမှာ မြတ်စွာဘုရားက ဗောဓိပက္ခိယတရား ၃၇-ပါးကို အဘိဓမ္မလို့ သုံးထားတယ်၊ ဒါကြောင့် သုတ္တန်ထဲမှာလည်း အဘိဓမ္မာတရားတွေ ပါနေတတ်တယ်။
ဒါကြောင့် ငါ့အပေါ်မှာ ဒီလိုခံယူထားရင် ငါဟောထားတဲ့ ဗောဓိပက္ခိယတရားတွေကို ညီညီညွတ်ညွတ်နဲ့ စိတ်တူကိုယ်တူ အငြင်းအခုံမရှိဘဲ လိုက်နာရမယ်။
ဒီတရားနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဆိုတာ ပေါ်လာနိုင်တယ်၊ မတူကွဲပြားတဲ့ အယူဝါဒရှိတဲ့ ရဟန်းတွေ ပေါ်လာနိုင်တယ်။
အဲဒီခါမှာ ဘယ်လိုဆုံးဖြတ်ရမလဲ?
ဗောဓိပက္ခိယတရားနဲ့ ပတ်သက်ပြီး အငြင်းပွားလာပြီဆိုရင်..
သူတို့ပြောဆိုနေတဲ့ စကားဟာ
၁။ အနက်အဓိပ္ပါယ်လည်း ကွဲတယ်၊ စကားလုံးလည်း ကွဲတယ် ဒါကတစ်ခု။
၂။ အနက်အဓိပ္ပါယ်က ကွဲပြီး စကားလုံးက တူညီတယ်။
၃။ အနက်အဓိပ္ပါယ်က တူညီပြီး စကားလုံးက ကွဲပြားတယ်။
၄။ အနက်အဓိပ္ပါယ်လည်း တူတယ်၊ စကားလုံးလည်း တူတယ်။
ဒီလို ၄-မျိုး ရှိလာနိုင်တယ်။
ဒီလို ကွဲပြားလာရင်
ပုဂ္ဂိုလ်ကို အရင်ကြည့်လိုက်ပါ၊ ဘယ်သူက ပြောလို့ ဆိုလို့ လွယ်သလဲ၊ ကြည့်ပြီးတဲ့အခါ ပြောဆိုလွယ်တဲ့ ပုဂ္ဂိုလ်ကို သွားပြောပါ…
“အရှင်ဘုရားတို့ ပြောနေတဲ့စကားဟာ အနက်အဓိပ္ပါယ်လည်း ကွဲတယ်၊ စကားလုံးလည်း ကွဲတယ်၊ ဒါကြောင့် အချင်းမများကြပါနဲ့ဆိုပြီး ဖျောင်းဖျ ပြောဆိုရမယ်၊ မှားတာကို မှားတယ်မှတ်၊ မှန်တာကို မှန်တယ်မှတ်ပြီး စစ်မှန်တဲ့အတိုင်းကိုသာ ဟောပြောပါ” လို့ ပြောရမယ်။
ဓမ္မဝိနယရှိတဲ့အတိုင်း ပြောရမယ်၊ ပုဂ္ဂိုလ်ဘက်ကို တစ်ဖက်သက်လိုက်ပြီး မဆုံးဖြတ်နဲ့လို့ ဆိုလိုတယ်။
ဒါက သုတ္တန်တရားနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ဖြေရှင်းနည်းကို ပေးထားတာ။
အယူအဆကွဲလွဲမှုဆိုတာ နေရာတိုင်းမှာ ဖြစ်တတ်တယ်၊ အဲလိုဖြစ်လာခဲ့ရင် အငြင်းမပွားနဲ့တဲ့။
နောက် ဝိနည်းနဲ့ ပတ်သက်လာရင် ရဟန်းတစ်ပါးဟာ အာပတ်သင့်ပြီး ပြစ်မှုတစ်ခု ကျူးလွန်မိရင် အရေးတကြီးသွားပြီး အပြစ်မတင်ပါနဲ့တဲ့၊ ဒါလည်း မှတ်သားစရာ တစ်ခုပဲ။
ပုဂ္ဂိုလ်ကို ချိန်ဆရမယ်၊ ဒီပုဂ္ဂိုလ်ဟာ ပြောလို့ရလား မရလား၊ ဒေါသကြီးလား မကြီးလားဆိုတာ ထည့်စဉ်းစားရမယ်၊ သူ ဘယ်အတိုင်းတာထိအောင် လက်ခံနိုင်မလဲဆိုတာကိုလည်း ထည့်စဉ်းစားပြီးတော့မှ ” သူ့ဟာ မကောင်းတဲ့အကုသိုလ်ကနေ လွတ်ပြီး ကုသိုလ်တရားပေါ်တည်ရှိအောင် ငါ လုပ်လို့ရမလား” ဆို တာကြည့်ရမယ်။
ကိုယ်ပြင်ပေးလို့ ရနိုင်ရင် ကိုယ်ပင်ပန်းတာကို ထည့်မတွက်ဘဲ သူ့အကျိုးတရားကို ကြည့်ပြီး ပြောပေးပါတဲ့။
အယူစွဲကြီးပြီး ကိုယ်ဆုံးမလို့ မရနိုင်ရင် ဗြဟ္မဒဏ်ပေးခြင်းဖြင့် ဥပေက္ခာပြုလိုက်ပါတဲ့။
ဆန္နရဟန်းဟာ ဘုရားအားကိုးနဲ့ ငါ့ဘုရား ငါ့တရားဆိုပြီး ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့ကို နောက်မှပေါက်တဲ့ ရွှေကြာပင်တွေဆိုပြီး ဆိုဆုံးမခက်တဲ့အနေထားမျိုးဖြစ်တဲ့အခါ မြတ်စွာဘုရားက ပရိနိဗ္ဗာန် စံလွန်ခါနီးမှာ ရှင်အာနန္ဒာကိုခေါ်ပြီး “ဆန္နရဟန်းကို ဗြဟ္မဒဏ်ပေးလိုက်”လို့ မိန့်တယ်။
ဗြဟ္မဒဏ္ဍ- ဆိုတာ မြင့်မြတ်သော အရေးယူ ပြစ်ဒဏ်ချမှတ်ခြင်းပေါ့၊ သူပြောလိုရာ ပြောပါစေ၊ ဘယ်သူကမှ အဖက်လုပ်ပြီး မပြောနဲ့၊ ပစ်ထားလိုက် ဆိုတာပဲ၊ ဒါဟာ ဥပေက္ခာပြုလိုက်တာပဲ။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားလို့ စိတ်ဓာတ်ကျနေရတဲ့အထဲမှာ သံဃာကပါ သူ့ကို စွန့်ခွါတယ်ဆိုတဲ့အခါမှာ သူ သတိသံဝေဂရပြီးတော့ နောက်ဆုံးမှာ သူဟာ သံဃာသာလျှင် အားကိုးရဆိုပြီးတော့ ဖြစ်လာခဲ့တယ်။
ဒါဟာ အင်မတန် လိမ္မာယဉ်ကျေးတဲ့ နည်းစနစ်တစ်ခုပဲပေါ့နော်၊ ဒါတွေဟာ အင်မတန်မှ လိုက်နာစရာကောင်းတဲ့ အချက်တွေပါပဲ။
နောက် အယူဆကွဲပြားပြီးတော့ စကားများလာပြီဆိုရင် ဆောင်ရွက်ရမယ့်လုပ်ငန်းက
“ဒီလို အယူကွဲပြား စကားများခြင်းကို မြတ်စွာဘုရားက ရှုတ်ချတယ်၊ ဒီလိုကွဲပြားခြင်းဖြင့်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ မဟုတ်ဘူး”ဆိုပြီးတော့ အဲလိုကွဲပြားတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လိုဆုံးဖြတ်ရမလဲဆိုရင်..
နှစ်ပက္ခဖြစ်နေတဲ့ထဲက ပြောလို့ဆိုလို့ လွယ်ကူတဲ့ပုဂ္ဂိုလ်ထံသွားပြီး ” ယခုလို ကွဲပြားနေတာကို ဘုရားကဲ့ရဲ့တယ်၊ ဒီလိုကွဲပြားခြင်းဖြင့်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ မဟုတ်ဘူး”ဆိုပြီး ပြောဆို နားချပါတဲ့၊ ဒီလိုနားချလိုက်ရင် ကွဲပြားတဲ့ပုဂ္ဂိုလ်တွေဟာ အချင်းချင်း ညီညွတ်သွားလိမ့်မယ်၊ စကားများနေတာတွေ ပပျောက်သွားလိမ့်မယ်။
ဒီလိုနားချပေးတဲ့ ပုဂ္ဂိုလ်ကို တစ်စုံတစ်ယောက်ကနေ မေးမယ်
“အရှင်ဘုရားက အဲဒီရဟန်းတွေကို ညီညွတ်သွားအောင် လုပ်ပေးတာ၊ အကုသိုလ်တွေကနေ ထုတ်ဆောင်ပြီး ကုသိုလ်ပေါ် ရောက်ရှိအောင် လုပ်ပေးတာဟာ အရှင်ဘုရား လုပ်ပေးတာလား” လို့ မေးရင် ဖြေရှင်းနည်းကို ဘုရားက ရှင်းပြထားတယ်။
လောကမှာ လုပ်ငန်းတစ်ခု အောင်မြင်လာရင် ပုထုဇဉ်တွေရဲ့ သဘာဝက “ငါလုပ်တာ ငါ့အစွမ်း”လို့ ထင်တတ်တယ်။ အဲလိုထင်လာရင် အတ္တုက္ကံသန- ကိုယ့်ကိုယ်ကို ချီးမွမ်းတာမျိုး
ပရဝမ္ဘန- သူတပါးကို ကဲ့ရဲ့တာမျိုးတွေ ဖြစ်လာတတ်တယ်။
ဒါကြောင့်မို့ ဒီလိုမျိုး မဖြစ်ပေါ်ရအောင် ဘယ်လိုဖြေရှင်းရမလဲဆိုရင်..
ဪ- ကွဲပြားတဲ့ ရဟန်းတွေဟာ မြတ်စွာဘုရား တရားတွေကို နာယူကြတယ်၊ အဲဒီတရားဓမ္မရဲ့ အဆုံးအမအတိုင်း လိုက်နာကြလို့ ယခုလို ကွဲပြားမှုတွေ ပြေပျောက်ပြီး ညီညွတ်ကြတာပါ လို့ ဒီလိုဖြေရမယ်တဲ့။
ဒါဟာ အလွန်ကောင်းတဲ့ အဖြေပဲ၊ ဘာလို့လဲဆိုရင် ဘယ်နည်းနဲ့ ဆုံးဖြတ်လို့ပဲ ရရ၊ မြတ်စွာဘုရားရဲ့ တရားနည်းလမ်းအတိုင်း ဆုံးဖြတ်တာဖြစ်သည့်အတွက်ကြောင့် ဘုရားကို ဦးတည်လိုက်တာဖြစ်သည့်အတွက် ငါလုပ်တာဆိုတဲ့ အတ္တုက္ကံသန၊ သူတပါးတွေ မလုပ်နိုင်ဘူးဆိုတဲ့ ပရဝမ္ဘန၊ ဒါမျိုးတွေ မဖြစ်တော့ဘူး။
ဒီသုတ္တန်ဟာ အင်မတန် မှတ်သားစရာကောင်းတယ်၊ ဒီ ကိန္တိသုတ္တန်ရဲ့ အနှစ်ချုပ်ကို လေ့လာကြည့်မယ်ဆိုရင်
🔸 ဘုရားတရားနဲ့ ပတ်သက်ပြီးတော့ အချင်းမများဖို့ရယ်
🔸 အချင်းများရင် ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာရယ်
🔸 ဝိနည်းကိစ္စနဲ့ ပတ်သက်ပြီးတော့ အပြစ်တင်တာ မစောဖို့ရယ်
🔸 အယူအဆကွဲလွဲတဲ့အခါမှာ နှစ်ဖက်ကို သေသေချာချာ ရှင်းပြဖို့ရယ်
🔸 နှစ်ဖက်လုံး လက်ခံနိုင်တဲ့ အဖြေကို ရှာဖို့ရယ်
ဒီအချက်တွေ အဓိကထားဟောသွားတယ်။
တခြားနေရာတွေမှာလည်း-
ဝိဝါဒံ ဘယတော ဒိသွာ ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ ၊ ဧတံ ဗုဒ္ဓါနုသာသနီ။
သာသနာတော်မှာ အချင်းမများဖို့ဟာ သိပ်ပြီးတော့ အရေးကြီးတယ်၊ အချင်းများလာရင် ပျက်စီးဆုံးရှုံးရတတ်တယ်။
နိုင်ငံတစ်နိုင်ငံမှာလည်းပဲ အချင်းများပြီး ဝိဝါဒကွဲပြားနေရင် အားလုံးဟာ ပျက်စီးသွားမှာပဲ၊ အဲလို ကွဲလွဲနေသမျှ ကာလပတ်လုံး ပြန်လည်စေ့စပ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ ဒါကြောင့် မြတ်စွာဘုရားက ဝိဝါဒမဖြစ်ဖို့၊ ဖြစ်လာခဲ့ရင်လည်း လိမ္မာပါးနပ်စွာ ဖြေရှင်း ဆုံးဖြတ်တဲ့နည်းကို ဟောကြားခဲ့တာဖြစ်ပါတယ်။
ဒီ ကိန္တိသုတ်ဟာ ယနေ့ခေတ်နဲ့ ပတ်သက်လာလို့ရှိရင် လမ်းပြအလွန်ကောင်းတဲ့သုတ် ဖြစ်တယ်၊ သံဃာတွေ အချင်းချင်းမှာပဲ ဖြစ်စေ၊ လူပုဂ္ဂိုလ် အချင်းချင်းတွေမှာပဲ ဖြစ်စေ၊ နိုင်ငံအချင်းချင်းမှာပဲ ဖြစ်စေ မြတ်စွာဘုရား ဟောကြားဆုံးမခဲ့တဲ့အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ဝိဝါဒဆိုတဲ့ အချင်းများမှုတွေဟာ ကင်းရှင်းပြီး အေးချမ်းသာယာတဲ့ အနေထားမျိုးကို ရမှာဖြစ်တယ်…
ဒီနည်းတွေကို လောကီဘက်မှာဖြစ်စေ လောကုတ္တရာဘက်မှာဖြစ်စေ ဒီစနစ်အတိုင်း အသုံးချသွားမယ်ဆိုရင် ညီညွတ်သွားမှာဖြစ်တယ်….လို့
မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်ကို မှတ်သားနာယူပြီး ဒီ ကိန္တိသုတ်ကို အသေးစိတ် မှတ်သားလေ့လာဖတ်ရှုပြီး မှတ်တမ်းတင်ခဲ့ကြတယ်။
ဒါ့ကြောင့် မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို သိရှိအောင် သင်ယူနေကြတဲ့ တပည့်ပရိသတ်, သံဃာပရိသတ်အားလုံး….
နာယက တိုက်အုပ် တိုက်ကြပ် စာချ သံဃာတွေ အားလုံးဟာ..
ဒို့တတွ သင်ယူနေကြတဲ့ ပိဋကတ်စာပေတွေထဲမှာ အဖိုးတန်တဲ့ လူ့ဘဝ နေနည်း ထိုင်နည်း ဆုံးဖြတ်နည်းတွေကို မြတ်စွာဘုရားက ဟောကြားဆုံးမထားတယ်ဆိုတာ မှတ်ယူပြီး…
လိုက်နာသင်ယူကြကာ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း…။
သာဓု…. သာဓု…. သာဓု….
နာယူရေးသားမှတ်တမ်းတင်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ
ပြင်ဦးလွင်မြို့နယ်
8 – 9 – 2022