လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ကြီး က မဟာသုဗောဓာရုံကျောင်းတိုက်ကြီးနှင့် တိုက်ခွဲအသီးသီးရှိ တပည့်သံဃာ ၁-ထောင်ကျော်တို့အား အဖိတ်နေ့ညချမ်းကာလတွင် ဆုံးမဩဝါဒများ မိန့်ကြား
အဖိတ်နေ့ည ဩဝါဒအစီအစဉ်
ပါမောက္ခချုပ်ဆရာတော်ကြီး က မဟာသုဗောဓာရုံကျောင်းတိုက်ကြီးနှင့် တိုက်ခွဲအသီးသီးရှိ တပည့်သံဃာ ၁-ထောင်ကျော်တို့အား အဖိတ်နေ့ညချမ်းကာလတွင် ဆုံးမဩဝါဒများ မိန့်ကြားတော်မူပါသည်။
꧁ ဩဝါဒအကျဉ်းချုပ် ꧂
သမဏသညာထားရှိခြင်းနှင့်အကျိုးတရား
ရဟန်းသံဃာတွေ ကျင့်ကြံလိုက်နာရတဲ့ သိက္ခာပုဒ်တွေထဲမယ် ဂဏန်းမပါတဲ့ သေခိယသိက္ခာပုဒ်တွေဖယ်ထားမယ်ဆိုရင် ဂဏန်းပါတဲ့ သိက္ခာပုဒ်ပေါင်း ၁၅၂-ပုဒ် ရှိတယ်၊
ပါရာဇိက ၄-ပါး
သံဃာဒိသေသ် ၁၃-ပါး
အနိယတ ၂-ပါး
နိဿဂ္ဂိယပါစိတ် ၃၀-ပါး
ပါစိတ် ၉၂-ပါး
ပါဋိဒေသနီ ၄-ပါး
အဓိကရဏသမထ ၇-ပါး ပေါင်း ၁၅၂-ရှိပါတယ်။
သေခိယကို ဘာကြောင့် ဂဏန်းမထည့်လဲဆိုရင် ဒီ၇၅-တင်မကဘဲ အခြား ကျင့်စရာတွေလဲ များစွာရှိတာကြောင့် ဂဏန်းမထည့်ကြောင်း ဋီကာမှာ ဖွင့်ဆိုကြတယ်။
၁၅-ရက်တစ်ကြိမ် ပါတိမောက်ပြတယ်ဆိုတာ ဒီ ၁၅၂-ပါးကို ပြကြတာဖြစ်တယ်။
၂၂၇-သွယ်သောသိက္ခာပုဒ်ဆိုတာကျ သေခိယအပါအဝင်ဖြစ်တယ်။
သေခိယမပါလျှင် ၁၅၂-ပုဒ် ဖြစ်တယ်။
ဒီကနေ့ခေတ်မှာ သမဏသညာဆိုတာကို မပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အထူးလိုအပ်ပါတယ်။
သမဏသညာဆိုတာ ကိုယ့်ကိုယ်ကို ငါရဟန်း ငါသာမဏေဆိုတဲ့ အမှတ်သညာလေး မပျောက်ဖို့ လိုတယ်။
၁၃၂၁-ခုနှစ်မှာ စစ်ကိုင်းသုဗောဓာရုံကျောင်းက သာသနမဉ္ဇရီသိမ်တိုက်ကြီး ဆောက်လို့မပြီးခင် ငြမ်းတွေတောင်မဖျက်ရသေးဘူး၊ အဲချိန်မှာ ဒို့က အသက်စေ့သွားတာမို့ ရဟန်းခံခဲ့ရပြီး အဲဒီသိမ်မှာ ပထမဆုံး ရဟန်းဖြစ်ခဲ့တာပေါ့။
မန္တလေး ဝိသုဒ္ဓါရုံဆရာတော်ကြီးတွေလည်း ကြွလာကြတယ်၊ အဲထဲမယ် ကျစွာဆရာတော်ကြီးပါတယ်၊ ဆရာတော်ဦးဝိဇယ၊ ရွှေမျက်မှန်ဆရာတော်လို့လဲခေါ်တယ်၊ အင်္ဂလိပ်လက်ထက် နိုင်ငံရေးလုပ်တော့ ဝံသာနု-ဦးဝိဇယ လို့လည်း ခေါ်တယ်၊ ဖျင်သင်္ကန်းကြီး အမြဲတမ်းဝတ်တယ်။
အဲဒီရွှေမျက်မှန်ဆရာတော်ကြီးက ရဟန်းခံပြီးတဲ့အခါ ဩဝါဒပေးခဲ့တာလေး ခုထိမှတ်မိနေတယ်၊
” ဦးဇင်း- ဘာပဲလုပ်မယ်ကြံကြံ ကိုယ့်ကိုယ်ကို ငါရဟန်း ငါရဟန်းဆိုတာသာ အမြဲတမ်း စဉ်းစား၊ တစ်ခုခုပြောမယ် လုပ်မယ်ကြံတိုင်း ငါရဟန်းဆိုတာလေး သတိထားပါ” တဲ့။ အဲဒါ သမဏသညာလို့ ဆိုလိုတာပဲ။
တခါတခါ ရဟန်းစိတ်ပျောက်ပြီး လူအနေထားမျိုးနဲ့ သမဏသညာမကပ်တာမျိုး ဖြစ်တတ်ကြတယ်၊ အထူးသဖြင့် လူပေါင်းစုံ ပရိသတ်ကြားမှာ အရုပ်ဆိုးတဲ့ကိစ္စတစ်ခုက ကင်မရာကြီးကိုင်ပြီး ကိုယ်တိုင်ဓာတ်ပုံထရိုက်တာမျိုးက အရုပ်ဆိုးတယ်။ ခုခေတ်တော့ ဖုန်းနဲ့ရိုက်တာမျိုးပေါ့၊ မှတ်တမ်းလိုချင်လို့ သံဃာအချင်းချင်းဆို ကိစ္စမရှိဘူး၊ ပုံရိုက်တဲ့သူ သီးသန့်ထားသင့်တယ်၊ သိက္ခာပုဒ်တော့ မရှိဘူးပေါ့၊ အမြင်မတော်တဲ့ပုဒ်မနဲ့ဆို မသင့်ဘူးပေါ့။
အင်္ဂုတ္တရနိကာယ် သမဏသညာသုတ်မှာ ဟောထားတဲ့ ကိုယ့်ကိုယ်ကို အမြဲစဉ်းစားရမယ့်အချက် ၃-ခုရှိတယ်။
၁။ ဝေဝဏ္ဏိယမှိ အဇ္ဈူပဂတော- (ဝိ ဝဏ္ဏ) အဆင်းပျက်ခြင်းကို စဉ်းစားရမယ်။
အဆင်းပျက်တယ်ဆိုတာ ခေါင်းတုံး(ဂတုံး) တုံးထားရတော့ အရုပ်ဆိုးတယ်ပေါ့၊ ဝတ်ထားတဲ့အဝတ်ကလည်း မလှပတဲ့အရောင်ကို ဝတ်ထားရတယ်။
ဘိက္ခုဆိုတာ ဘိန္နပဋဓရ- ဖျက်ဆီးထားတဲ့အဝတ်ကို ဆောင်တာ။
ဖျက်တယ်ဆိုတာ ၃-မျိုးရှိတယ်၊
၁။ အဆင်းအရောင်ဆိုးထားရလို့ အဆင်းကိုဖျက်တယ်၊
၂။ အပိုင်းပိုင်းဖြတ်ထားလို့ အဝတ်ရဲ့ တန်ဖိုးကိုလည်း ဖျက်ထားတယ်။
၃။ ချုပ်ရိုးတွေအများကြီးမို့ အထိအတွေ့ကိုလည်း ဖျက်ထားတယ်(ကြမ်းထမ်းတယ်)
ဒါကလည်း ဝေဝဏ္ဏိယပဲ၊ ငါဝတ်ဆင်ထားတာက ပျက်ခြင်း၃-မျိုးနဲ့ ဖျက်ထားတဲ့အဝတ်ဖြစ်တယ်၊ ခေါင်းရိတ်ထားရသည့်အတွက် ခန္ဓာကိုယ်ကလည်း မလှမပဘူးလို့ စဉ်းစားရမယ်။
နောက်စဉ်းစားရမှာက
၂။ ပရပဋိဗဒ္ဓါ မေ ဇီဝိကာ- ငါရဲ့အသက်မွေးဝမ်းပျောင်းဟာ သူတပါးတွေနဲ့ ပတ်သက် တပ်စပ်နေတယ်၊ စားစရာ ဝတ်စရာ ဆေးဝါးအားလုံးဟာ ကိုယ်ပိုင်နဲ့လုပ်ရတာမဟုတ်ဘူး၊ သူများလှူတာတွေနဲ့ ဆက်စပ်နေတယ်လို့ နှလုံးသွင်းရမယ်။
နောက်တစ်ခုကတော့
၃။ အညော မေ အာကပ္ပေါ ကရဏီယော- ဒါက အရေးကြီးတဲ့ အချက်ပဲ။
အညော အာကပ္ပေါ ဆိုတာ လူတွေနဲ့မတူတဲ့ အပြုမူ အနေထိုင်မျိုး ဖြစ်ရမယ်လို့ ဆိုလိုတယ်၊
အကျဉ်းချုပ်ကတော့ လူဝတ်ကြောင်တွေနဲ့ မတူစေနဲ့၊ သိက္ခာရှိရှိနေ၊ ဣန္ဒြေရရနေလို့ ဆိုလိုတယ်။
သမဏသညာဆိုတာ ဒီ၃-ချက်အပေါ်မူတည်ပြီး တွေးရတာ။
ဒီသမဏသညာကို ကိုယ့်ရင်ထဲမှာ မပြတ်မပြတ် စဉ်းစားနေရမယ်။
အဲဒီလိုစဉ်းစားရင် ရရှိတဲ့အကျိုးက အင်မတန်ကောင်းတယ်၊
ပထမအကျိုး
သန္တတကာရီ (သတတကာရီ) နိရန္တရကာရီ
သီလနဲ့ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်သွားမယ်၊ အသက်မွေးမှုနဲ့ ပတ်သက်တဲ့ ကိုယ်ကျင့်သီလလည်း ကောင်းမွန်သွားတယ်။
ဒုတိယအကျိုး
အနဘိဇ္ဈာ- အဘိဇ္ဈာဆိုတာ သူ့နေရာနဲ့သူ ယူရမယ်၊ သာမန်အားဖြင့် လောဘ၊ မနောဒုစရိုက်မှာပါတဲ့ အဘိဇ္ဈာက သူတပါးပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘ၊ မဟာသတိပဋ္ဌာနသုတ်မှာလည်း အဘိဇ္ဈာ ဝိနေယျ ဆိုပြီးပါတယ်၊ အဲမှာတော့ ကမ္မဋ္ဌာန်းအားထုတ်သူအတွက် သူများပစ္စည်းကို ကိုယ့်ပစ္စညါးဖြစ်လိုတဲ့ လောဘမဟုတ်ဘူး။
အဘိ-ရှေ့ရှု၊ ဈာ- ကြံစည်ခြင်း
ကာယအပေါ်မှာ တွယ်တာတဲ့ ရိုးရိုးလောဘကို ပြောတာ။ တနည်းအားဖြင့် ကာမစ္ဆန္ဒနီဝရဏကို ကောက်တယ်။
ဒါကြောင့် စာပေလေ့လာတဲ့အခါ သတိထားဖို့ လိုတယ်။
ရဟန်းဆိုတာ အနဘိဇ္ဈာလု- လောဘမကြီးရဘူး။
ဘုန်းကြီးတွေနဲ့ ပတ်သက်ပြီး လောဘကြီးကြတဲ့အကြောင်း ပြောဆိုနေကြတာ ကြားထူးနေတာပဲ မဟုတ်လား။ ပြောစရာတောင် မလိုပါဘူး။ ဟိုအလှူခံ ဒီအလှူခံ မလုပ်ကြနဲ့၊ သူတို့လာလှူရင်တော့ လက်ခံပေါ့၊ ဒါလည်း သတိထားရမယ့်အချက်ပဲ။
တတိယအကျိုး
အဗျာပဇ္ဇော – ဒေါသကင်းတယ်။
ဇကွဲ၂-လုံးနဲ့ ရှိရင် အဗျာပါဒကနေ လာတာ၊
ဝိရူပံ အာပဇ္ဇတိ- ဒေါသထွက်ရင် မျက်နှာက ပုံပျက်သွားတယ်၊ ဘုန်းကြီးဆိုတာ ဒေါသမကြီးရဘူးတဲ့။
ဒါပေမယ့် ကိုယ်ကိုယ်တိုင်လည်း ဒေါသကြီးခဲ့တာကို နောင်တရစရာ ဖြစ်ပါတယ်၊ ဒေါသမကြီးတာကတော့ အကောင်းဆုံးပေါ့။
စစ်ကိုင်းမှာ စာသင်သားတွေနဲ့နေတုန်းက တခါတခါ ကိုရင်တွေကို ပြောရတယ် “မင်းတို့က ရာဇဝတ်သားလို မကျင့်ကြနဲ့၊ ငါကလည်း ပုလိပ်လို မလုပ်ချင်ဘူး” လို့။
ဒီနေရာမှာ အဋ္ဌကထာက နိဒ္ဒုက္ခောလို့ ဖွင့်တယ်၊ အဲဒါဆို အဗျာဗဇ္ဈော လို့ ဗထက်ခြိုက်နဲ့ ဇကွဲ ဈမဉ်းဆွဲနဲ့ ရှိရမယ်၊ ဒီစာကတော့ ရှေ့ပုဒ်က လောဘမကြီးရဘူးဆိုထားတော့ အဗျာပဇ္ဇော လို့ ရှိတာ ပိုကောင်းတယ်။ လောဘနဲ့ ဒေါသ တွဲလျက်ပေါ့။
စတုတ္ထအကျိုး
အနတိမာနီ- မာနမရှိဘူးလို့ မပြောဘဲ မာနမကြီးလွန်းရဘူးလို့ ပြောရမယ်။ မာနဆိုတာ ရှိသင့်တဲ့ သေဝိတဗ္ဗမာန၊ ယာထာဝ မာန၊ အယာထာဝမာန ဆိုတာ ကြီးပွားတိုးတက်မှုကို လမ်းဖွင့်ပေးတဲ့ မာန။
သူတောင် စာမေးပွဲတွေ အောင်အောင်လုပ်သေးတာပဲ ငါလည်း ဖြစ်အောင်ကြိုးစားမယ်ဆိုတာမျိုး။
မရှိသင့်တဲ့မာနကတော့ ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးသူကို အထင်သေးတာ မလေးစားတာ၊ မရိုသေတာ၊
ဒါကြောင့် အနတိမာနီ- လွန်ကဲတဲ့မာနမရှိရဘူးဆိုတာ အကျိုးတမျိုးပဲ။
ပဉ္စမအကျိုး
သိက္ခာကာမော- ကိုယ်ကျင့်သိက္ခာကို မြတ်နိုးတယ်၊ ကျင့်လိုစိတ်ရှိတယ်၊
ဆဋ္ဌမအကျိုး
ဣဒမတ္ထံ ဟောတိ ဇီဝိတပရိက္ခာရေသု- ပစ္စည်းလေးပါးကို အသုံးပြုတဲ့အခါ ပစ္စဝေက္ခဏာဆင်ခြင်ပြီး အအေးအပူပယ်ခြင်းစတဲ့ အကျိုးကို သိတယ်။ ပစ္စည်းလေးပါးကိုသုံးပြီး ထားသင့်တဲ့ရည်ရွယ်ချက် မထားသင့်တဲ့ ရည်ရွယ်ချက်တွေ သိတယ်။
သတ္တမအကျိုး
အာရဒ္ဓဝီရိယော- ပြီးပြည့်စုံစွာ အားထုတ်အပ်သောဝီရိယနဲ့ ပြည့်စုံတယ်၊ စာကျက်တာပဲဖြစ်စေ စာချတာပဲဖြစ်စေ တရားအားထုတ်တာပဲဖြစ်စေ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို ကြိုးကြိုးစားစားပြုလုပ်တယ်။
သမဏသညာထားရှိခြင်းအားဖြင့် ရလာတဲ့အကျိုးဟာ ဒီ ၇-မျိုးပဲဖြစ်တယ်။
သီလလုံတယ်၊
လောဘမကြီးဘူး၊
ဒေါသမကြီးဘူး၊
မာနမကြီးဘူး၊
သိက္ခာကိုမြတ်နိုးတတ်တယ်၊
ပစ္စည်းလေးပါးအသုံးပြုပြီး မှန်မှန်ကန်ကန် ဆင်ခြင်သုံးတယ်၊
လုံ့လဝီရိယရှိတယ် ဆိုတဲ့ ဒီ၇-မျိုးကို ရရှိနိုင်တယ်။
ဒါကြောင့်မို့ ဒိုတတွေဟာ ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ တရားတွေကို သင်လည်းသင်ယူထားတယ်၊ သိလည်းသိကြတယ်၊ သိထားတဲ့တရားတွေကို ပြန်လည်ဆင်ခြင် သုံးသပ်တတ်ဖို့လိုတယ်၊ အရေးကြီးဆုံးက အပ္ပမာဒဆိုတဲ့ သတိတရားနဲ့ ပြည့်စုံရမယ်၊ ပြည့်စုံခိုင်းတာက သတိကို ပြည့်စုံခိုင်းတာမဟုတ်ဘူး၊ သတိနဲ့ ဒီတရားတွေ ပြည့်စုံနေရမယ်။
အပ္ပမာဒေန- သတိတရားဖြင့် ဒီလိုဆိုလိုတယ်။
ဘာတွေပြည့်စုံရမလဲဆိုရင် သီလ သမာဓိ ပညာနဲ့ ပြည့်စုံဖို့ သတိရှိရမယ်။
ဒါကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မှာ ရောက်ရှိပြီးတော့ မိမိတို့မှာ မပင်မပန်းနဲ့ ဒကာဒကာမတွေ လှူဒါန်းတဲ့ ပစ္စည်းလေးပါးကို ရရှိသုံးသွဲနေရတဲ့ အခုချိန်လေးမှာ ကိုယ်လည်းအကျိုးရှိ, ဒကာဒကာမတွေလည်း အကျိုးရှိအောင် အကောင်းဆုံးဖြစ်အောင် လိုက်နာကြမယ် ကြိုးစားအားထုတ်ကြမယ်.. လို့
ကိုယ်စီကိုယ်စီ နှလုံးသွင်းပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း…။
꧁꧂꧁꧂꧁꧂꧁꧂꧁꧂꧁꧂
နာယူမှတ်သားရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ
ပြင်ဦးလွင်မြို့နယ်
23-9-2022
ဓာတ်ပုံမှတ်တမ်း
အရှင်ဝရဉာဏ (ဓမ္မသဟာယ)