လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ် ဆရာတော်ကြီးဦးဆောင်၍ ပညာဘူမိ တက္ကသိုလ် (University Of Wisdom Land) တည်ထောင်ဖွင့်လှစ်
၁၃၈၃-ခု၊ တပေါင်းလပြည့်နေ့ ၁၆ရက်၊ မတ်လ၊၂၀၂၂ ခုနှစ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဦးဆောင်၍ ပညာဘူမိတက္ကသိုလ် (University Of Wisdom Land) တည်ထောင်ဖွင့်လှစ်မည်။
🔹🔹🔹🔹🔹🔹🔹🔹🔹
ယနေ့ (၁၆/၃/၂၀၂၂) တွင် ကျင်းပပြုလုပ်သည့် ပါမောက္ခချုပ် ဆရာတော်ကြီး၏သက်တော် (၈၂) နှစ်ပြည့်မွေးနေ့ ဝိဇာတ အခမ်းအနားတွင် ပညာဘူမိ တက္ကသိုလ် တည်ထောင်ရခြင်း ရည်ရွယ်ချက်များနှင့် တက္ကသိုလ်ကြီး ရေရှည် ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်များနှင့်စပ်လျဉ်း၍ ဆရာတော်ကြီး မိန့်ကြားသည့် ဩဝါဒ အကျဉ်းချုပ်အား ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ သိကြစေရန်အလို့ဌာ ဖေါ်ပြအပ်သည်။
🔹🔹🔹🔹🔹🔹🔹🔹🔹
ပါမောက္ခချုပ်ဆရာတော် ကြီးမှ (၈၂) နှစ်ပြည့် မွေးနေ့ အခါသမယတွင် ဆရာတော်ကြီးမှ ပညာဘူမိတက္ကသိုလ် စတင်ဆောင်ရွက်ခြင်း ဆိုင်ရာ အစီအစဉ်များကို မိန့်ကြား ခြင်း၊ တက္ကသိုလ်ကြီးတွင် ဖွဲ့စည်းသွားမည့် ဌာနများ အပါအဝင် တက္ကသိုလ်ကြီး စနစ်တကျ ရေရှည် တည်တံ့ အောင်မြင်စေရန် အလို့ဌာ ထောက်ပံ့ ထိန်းသိမ်း ဝိုင်းဝန်း လုပ်ကိုင်နိုင်ကြစေရန် အထူးရည်ရွယ်ချက် ဖြင့် “ဒေါက်တာ နန္ဒမာလာဘိဝံသ အနုဂ္ဂဟ Society” “DrNandamalabhivamsa Annuggaha Society “ ထူထောင်ခြင်း နှင့်စပ်လျဉ်း၍ ဩဝါဒ စကားချီးမြှင့်သည်။ အနုဂ္ဂဟ အသင်း စတင်နိုင်ရန် မတည်ငွေ ကို ဆရာတော်ဘုရား ၏ ဓမ္မစာပေ များမှ ပြန့်ပွါးလာသည့် ဓမ္မစာပေဝတ္ထုငွေ များနှင့် ဆရာတော်ကြီးမှ (၈၂)ပြည့် မွေးနေ့ အထိမ်းအမှတ် (ပထမအကြိမ်) လှူဒါန်းမတည်ငွေများ စုပေါင်း၍ စတင်ဖွဲ့စည်းနိုင်ရန် ဆရာတော်ကြီးမှ မိန့်ကြားစီစဉ်ပေးသည်။
ပညာဘူမိတက္ကသိုလ် နှင့်စပ်လျဉ်း၍ ဩဝါဒ
🔹🔹🔹🔹
🔹ပညာဘူမိဆိုသည်မှာ ပညာရဲ့ ဖြစ်ပေါ်ရာနေရာ၊ ပညာရဲ့ဖြစ်ပေါ်ရာဌာန ကို ပညာဘူမိလို့ ခေါ်တွင်တယ်၊ မြတ်စွာဘုရားရဲ့ အသိပညာတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာဟာ ဗောဓိပင်လို့ခေါ်တဲ့ ညောင်ပင်အောက်မှာ တရားဓမ္မကျင့်ကြံပြီးလို့ ပညာဉာဏ် အလုံးစုံရရှိခဲ့ခြင်းဖြစ်တယ်၊
🔹အဲဒီ ဗောဓိပင်ကို အမှတ်အသားပြုပြီးတော့ ဒီနေရာမှာလည်းပဲ မြတ်စွာဘုရားထံက ရရှိတဲ့ ဩဝါဒတွေကို အခြေခံပြီးတော့ ဓမ္မအသိပညာတွေရရှိဖို့ ဒီတက္ကသိုလ်နေရာက နေ အဓိက ဖြန့်ဖြူးမယ်လို့ ရည်ရွယ်ပြီးတော့ ပညာဘူမိလို့ အမည်ပေးထားတာဖြစ်တယ်။ ရအောင်သင်ယူနိုင်မှု မသင်ယူနိုင်မှု ကတော့ပုဂ္ဂိုလ်နဲ့ဆိုင်ပါတယ်၊ ဒီနေရာ ဌာန အနေနဲ့ကတော့ ပညာဖြစ်ပေါ်လာမည့် ဌာနတစ်ခုဖြစ်တယ်။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ ပိဋကတ် သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟာ မြန်မာနိုင်ငံမှာ အထင်အရှားရှိနေရုံသာမက ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျမ်းပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ မြန်မာပြည်မှာ အများအပြားရှိနေတာဖြစ်တယ်။
🔹ဘာသာစကားအနေနဲ့က လည်း ပါဠိဘာသာဆိုတာ မြင့်မြတ်တဲ့စကားတွေကို ခေါ်ဆိုတာဖြစ်တယ်။ မြတ်စွာဘုရားရဲ့ ဟောကြားတဲ့ တရားတွေကို ပါဠိလို့ခေါ်တယ်။ နောက်ပိုင်းမှာ မြတ်စွာဘုရားဟောကြားတဲ့ ဘာသာကိုပဲ ပါဠိဘာသာလို့ ခေါ်လိုက်တာဖြစ်တယ်၊ အဲဒီတော့ ပါဠိဘာသာ (သို့) မြင့်မြတ်တဲ့စကားတော်တွေ မြန်မာနိုင်ငံမှာ ရှင်သန်နေအောင်၊ အမြဲတမ်း ဖွံ့ဖြိုးတိုးတက်နေအောင်၊ လူတွေရဲ့ ရင်ထဲနှလုံးထဲမှာ ရောက်နေအောင်၊ တတ်နိုင်သမျှ ဤဌာန ကို အသုံးချဖို့ အဓိကရည်စူးချက်ပဲဖြစ်ပါတယ်၊ ဒါ့ကြောင့်မို့ ဤ နေရာဟာ ပညာဘူမိဖြစ်စေရမယ်၊ လုပ်ကိုင်ကြရာတွင် သံဝေဂဉာဏ် ဝိပဿနာဉာဏ် ရရှိကြစေရန် ပုဂ္ဂလကို အခြေမခံဘဲ ဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ မွေးနေ့ အမှတ်တရဩဝါဒ
🔹🔹🔹🔹🔹
🔹မြန်မာနိုင်ငံမှာ အစဉ်အဆက် အသိပညာတွေတိုးတက်ပြန့်ပွါးအောင်လုပ်တဲ့နေရာမှာ လူဆိုတာ မမြဲဘူး၊ ပုဂ္ဂလနဲ့ဓမ္မမှာ ပုဂ္ဂလဆိုတာ မမြဲဘူး၊ မမြဲသည့်အတွက့် ထိုထိုပုဂ္ဂိုလ်တွေ က သဘာဝအတိုင်းပျောက်ကွယ်သွားကြသော်လည်း သူတို့ရဲ့ လုပ်ဆောင်ချက်အကျိုးသက်ရောက်မှုတွေ ဆက်လက်တည်ရှိနေတာမျိုးမှာ နောင် မျိုးဆက်သစ်တွေက ဆက်လက် လက်ဆင့်ကမ်း ဆောင်ရွက်သွားနိုင်ဖို့ စီမံဆောက်ရွက်သွားကြရမှာဖြစ်တယ်၊
🔹သံဝေဂ ဆိုတာ ဗမာစကားမှာ ကြောက်စရာတွေကို ထိတ်လန့်တာမဟုတ်ဘူး၊ သဘာဝတရားကိုသိရှိပြီးတော့ စိတ်ထဲမှာကြိုးစားအားထုတ်မှုကိုဖြစ်စေတဲ့ထိတ်လန့်မှုမျိုးကိုခေါ်တာသာဖြစ်တယ်၊ အေးအေးဆေးဆေးမနေဘဲ ကိုယ့်စိတ်ထဲမှာ ငါလုပ်မှဖြစ်တော့မယ် ဆိုတာမျိုးပေါ်လာတာသာဖြစ်တယ်၊ တို့ မလုပ်လို့မရဘူး၊တို့အားလုံးလုပ်ကြရမယ်ဆိုတဲ့ သံဝေဂ တရားကိုဆိုလိုတာဖြစ်တယ်၊
🔹ရှင်သာရိပုတ္တရာ တို့ ရှင် မဟာမောဂ္ဂလာန်တို့ သံဝေဂတရားဖြစ်တဲ့ “ခုလို ရယ်မောပြီးပြောဆိုနေကြတဲ့ သူတွေအားလုံးနောက် နှစ်တရာဆို ရှိကြတော့မှာမဟုတ်ဘူး” ဆိုတဲ့ သံဝေဂ စဖြစ်ခဲ့သလိုပဲ၊ “ငါတို့ အသက်ရှင်နေစဉ်အတွင်းမှာ ဘာကို အလေးအနက်ထားလုပ်သင့်သလဲ” ဆိုတာ စဉ်းစားလာသလိုပဲ “အချိန်သာကုန်သွားတာမဟုတ်ဘူး၊ငါတို့ရဲ့ အသက်တွေလည်းလျှော့သွားတာ ဖြစ်တယ်လို့ “ နှစ်ခုတွဲပြီးမှတ်ရမယ်၊ ဝိပဿနာ အမြင်နဲ့မြင်နိုင်အောင်ကြိုးစားရမယ်၊ သာမန်လူတွေက ဘဝဟာ ပျော်စရာလို့မြင်တယ်၊ဘာတွေလုပ်မယ်၊ညာတွေလုပ်မယ် ဆိုတဲ့ အတွေးတွေးတွေးတယ်၊ ဝိပဿနာအမြင်ကကျတော့ ရွေ့လျားနေတယ်လို့မြင်ရမယ်၊ ဒီလိုသိ မြင် ခြင်းအားဖြင့် မေ့လျော့မှု မဖြစ်စေဘဲ ကုသိုလ်စိတ်ကိုဖြစ်ပွါးစေမှာဖြစ်တယ် မေ့လျော့မှုက်ိုပျောက်ကွယ်စေပြီး ကုသိုလ်ဖြစ်စေတာမို့ တန်ဖိုးရှိတယ်လို့ပြောတာဖြစ်တယ်၊
🔹ဒီလိုပဲ ဒီမနက်ပြုလုပ်တဲ့ ကုသိုလ်အစုစုတွေကလည်းကိုယ်စီရရှိကြတဲ့အပြင် တစ်ဉီးရဲ့ကုသိုလ်ကို တစ်ဦးက ဝမ်းေမြာက်စေတာမို့ ပေါင်းစီးလိုက်တဲ့အခါမှာကုသိုလ် နှစ်ဆရရှိသွားကြမှာဖြစ်ပါတယ်၊ ရှင်သာရိပုတ္တရာ မိန့်ကြားတဲ့ စကားလိုပဲ မြတ်စွာဘုရားက ကုသိုလ်ကို ဆောက်တည်ကြဖို့ ပြောတာဟာမှာတဲ့ ကုသိုလ်ကြောင့် ဒုက္ခဖြစ်မယ်ဆို ဘယ်တော့မှမပြောဘူး၊ ကုသိုလ်ကြောင့်သုခဖြစ်လို့သာပြောတာတဲ့၊
🔹နောက်တစ်ခါ အကုသိုလ်လုပ်လို့ ချမ်းသာတယ်ဆိုရင် မြတ်စွာဘုရားက အကုသိုလ်တွေကို ရှောင်ကြဖို့ ဘယ်တော့မှမပြောဘူးတဲ့၊ သမ္မာဒိဋ္ဌိသုတ္တံမှာ အဲလို အကျဉ်းလေးပြောသွားတာရှိတယ်၊ လောကမှာ ချမ်းသာသုခ ချမ်းသာမှုအားလုံးဟာ ကုသိုလ်ရဲ့အကျိုးဆက်သာဖြစ်တယ်၊ လောကမှာဆင်းရဲ ဒုက္ခ အဆင်မပြေမှု အားလုံးသည်လည်း အကုသိုလ်ရဲ့အကျိုးဆက်သာဖြစ်တယ်။
အနုဂ္ဂဟ အသင်း (Annuggaha Society) ဆိုင်ရာ အဓိပ္ပါယ်နှင့်ရည်မှန်းချက်
🔹🔹🔹🔹
🔹အနုဂ္ဂဟ ဆိုသည်မှာ သာသနာကို ချီးမြှင့်ထောက်ပံ့တဲ့ပုဂ္ဂိုလ်တွေ၊ အထောက်အပံ့ ကူညီမည့် ပုဂ္ဂိုလ်တွေ ကိုဆိုလိုတာဖြစ်ကြောင်း၊ ကုသိုလ်ရှင်တွေနဲ့အတူ ရေရှည်တည်တံ့စေရန် ဆက်လက်ဆောင်ရွက်နိုင်ကြစေရန် အနုဂ္ဂဟ အသင်း (Provision Society) ကိုစတင်ဖွဲ့စည်းကြောင်း၊ အသင်းတွင်လည်း မည်သူမဆိုပါဝင်ဆောင်ရွက်နိုင်ပါကြောင်း Member အဖွဲ့ ဝင်များ အနေဖြင့် ပါဝင် ဆောင်ရွက်နိုင်ကြရန်ကိုလည်း အားလုံးကိုလည်းဖိတ်ခေါ်ကြောင်း မိန့်ကြားသည်။
🔹အသင်းကြီးကတဆင့် ရရှိလာကြမည့် ကုသိုလ်တရားတွေကို ရေရှည်တည်တံ့ပြီး သားစဉ်မြေးဆက်ကုသိုလ်တရားတွေ ရရှိကြစေရန်၊ ပညာဘူမိတက္ကသိုလ်ကို အခြေပြုပြီး ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ဓမ္မ အသိတွေကို အားလုံးရရှိစေရန် ဆောင်ရွက်ကြရမှာဖြစ်တယ်ဟု မိန့်ကြားသည်။
🔹နိဂုံးချုပ် အနေဖြင့် ဆရာတော်ကြီးမှ အင်မတန် အရေးကြီး တဲ့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့ အညီကျင့်ကြံနေထိုင်ပြီး ဘယ်သူ့ကိုမှ အပြစ်မတင် သံဝေဂဉာဏ်နှင့် ယှဉ် ပြီး ငါလည်းပဲ ကုသိုလ်တရားတွေနဲ့ နေထိုင်ကျင့်ကြံသွားမယ် လို့ မှတ်သား ထားရှိကြရန် မွေးနေ့ လက်ဆောင်အဖြစ် ဩဝါဒကထာ ဟောကြား ချီးမြှင့်သည်။
မှတ်တမ်းတင်သူ (အနုဂ္ဂဟအဖွဲ့ ) (Provision Society)
🔹ပညာဘူမိတက္ကသိုလ်နှင့် စပ်လျဉ်း၍ သိလိုသည်များ မေးမြန်းလိုသည်များကို အောက်ဖေါ်ပြပါ website https://www.drnandamalabhivamsa.com.mm/university-of-wisdom-land မှတဆင့် ဆက်သွယ် နိုင်ပါကြောင်း သိစေအပ်ပါသည်။