လှုပ်ရှားမှု ပုံရိပ်များ
၁၃၈၄-ခု တန်ဆောင်မုန်းလဆန်း(၇)ရက် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒအစီအစဉ်
ဒီကနေ့ အဖိတ်နေ့မှာ “ပညာဘူမိတက္ကသိုလ်” အကြောင်းကို အားလုံးကို အသိပေးတဲ့အနေနဲ့ ပြောပြချင်တယ်၊ ဗမာပြည်မှာ ဗုဒ္ဓတက္ကသိုလ်တွေ တော်တော်များများ တည်ထောင်ဖွင့်လှစ်နေကြတယ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ တည်ထောင်ဖွင့်လှစ်ကြတယ်ပေါ့။
အခု ဒီ ပညာဘူမိတက္ကသိုလ်ဆိုတာ ဗုဒ္ဓစာပေကို အဓိကထားတဲ့တက္ကသိုလ်ဖြစ်တယ်၊ တခြား ထူးခြားတာတော့ ဘာလဲဆိုရင် သုတ် ဝိနည်း အဘိဓမ္မာလို့ခေါ်တဲ့ ပိဋကတ်သုံးပုံနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုဿုတတွေကို ဖော်ထုတ်နိုင်အောင်, ဖော်ထုတ်လာအောင်လို့ စွမ်းရည်သတ္တိရှိတဲ့ပုဂ္ဂိုလ်တွေကို ကျမ်းပြုနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖော်ထုတ်ပြီးတော့ အရည်အချင်းတစ်ခုသတ်မှတ်ပြီး ဘွဲ့ ပေးတဲ့ တက္ကသိုလ်ဖြစ်တယ်။
သူများနောက်ကို မလိုက်ဘဲနဲ့ စာပေကြိုးစားကြလို့ ဓမ္မာစရိယဘွဲ့ရပြီး ပိဋကတ်စာပေ ပါဠိအဋ္ဌကထာတွေ ကိုယ့်ဘာသာဖတ်နိုင်တယ်ဆိုလို့ရှိရင် ဒီပိဋကတ်တွေထဲက လေ့လာစရာတွေ ရေးသားစရာတွေ ဖော်ထုတ်စရာတွေ အများကြီးရှိတယ်၊ အင်္ဂလိပ်စာမတတ်လည်း ကိစ္စမရှိဘူး၊ အဲလိုဖော်ထုတ်ပြီးတော့ ခေတ်မီတဲ့နည်းစနစ်နဲ့ (ခေတ်မီတဲ့နည်းစနစ်ဆိုတာ ခေတ်လူငယ်တွေ နားလည်နိုင်တာကိုပြောတာ) ရေးသားရမယ်။
ဘုန်းကြီးတွေက စာရေးရင် စာသံပေသံနဲ့ ရေးကြတာများတယ်။
ဆိုပါစို့.. ပိဋကတ်ဘာသာပြန်ကြီးတွေ ဖတ်လို့ရှိရင် စာလိုရေးထားတော့ လူတွေက နားမလည်ကြဘူးလေ ရှင်းရှင်းလင်းလင်းနဲ့ နားလည်နိုင်တဲ့ စကားလုံးသုံးမှ လူတွေက နားလည်နိုင်ကြမှာဖြစ်တယ်။
ခေတ်မီတယ်ဆိုတဲ့အဓိပ္ပါယ်က ဒီခေတ်မှာ ဘယ်လိုသုံးနေတယ် စကားလုံးကို ဘယ်လိုပြောကြတယ်ဆိုတာတွေနဲ့ မြတ်စွာဘုရားရဲ့ စကားတော်တွေကို ရှင်းလင်းရေးသားတာကို ဆိုလိုတယ်ပေါ့နော်။အဲဒီတော့ သုဗောဓာရုံကျောင်းတိုက်တွေမှာ သီတင်းသုံးနေကြတဲ့ အရည်ချင်းရှိကြတဲ့ ဓမ္မာစရိယအောင်ပြီးတော့ စာချနေကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ သူများနည်းတူ M.A ဆိုတဲ့ Master ဘွဲ့ ရနိုင်အောင် စီစဉ်ထားခြင်းဖြစ်တယ်။ကိုယ်ကြိုးစားရင် အများကြီးရနိုင်တယ်၊ ကျမ်းပြုရုံပဲ။
ဒီနေ့ဩဝါဒအနေနဲ့လည်း ဒီအကြောင်းတွေကို တစ်ခါထည်း ပြောပြပါမယ်။
အင်္ဂလိပ်လို sociology ဆိုတဲ့ ဘာသာရပ်တစ်ခု ရှိတယ်၊ အပြန်အလှန် ဆက်ဆံပေါင်းသင်းရေးမှာ စနစ်တကျရှိတဲ့ လူမှုဆက်ဆံရေးလုပ်တဲ့ ပညာရပ်ပဲ။ အဲတော့ ဒီနေရာမှာ ဥပမာတစ်ခုပြောရရင် ရဟန်းပုဂ္ဂိုလ်နဲ့ လူပုဂ္ဂိုလ် အပြန်အလှန် ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ပိဋကသုံးပုံကနေ ထုတ်နုတ်ပြီးတော့ ရေးရမယ်။ ရဟန်းပုဂ္ဂိုလ်နဲ့ လူပုဂ္ဂိုလ် နောက်တစ်နည်းပြောမယ်ဆိုရင် သံဃာနဲ့ ဥပါသကာ ဆက်ဆံပြီးတော့ အပြန်အလှန် ထိန်းကျောင်းပေးတဲ့ ဒီစနစ်တစ်ခုဟာ ဗုဒ္ဓဟောတဲ့ တရားဓမ္မတွေထဲမှာ ပါတယ်။
ဘုန်းကြီးတွေကချည်းပဲ အသားစီး မဟုတ်မဟုတ်ဘူး၊ ရဟန်းပုဂ္ဂိုလ်နဲ့ လူပုဂ္ဂိုလ်ကို အပြန်အလှန် ထိန်းကျောင်းပေးတဲ့ နည်းစနစ်ဟာ တကယ့် sociology ပဲ၊ တခြားနေရာတွေမှာ ရှိချင်မှတောင် ရှိမယ်၊ ဗုဒ္ဓတရားတော်တွေထဲမှာ အလွန်ခေတ်မီနေတဲ့ တရားတော်တွေ ရှိတယ်၊ အဲဒါတွေကို ခု master ဘွဲ့ thesis အနေနဲ့ ရေးသားပြီး ဒီလိုနမူနာလေးတွေကို စာအုပ်ဖြစ်အောင် ရေးနိုင်ပြီဆိုရင် အဲဒီပုဂ္ဂိုလ်ကို ဘွဲ့ပေးမှာဖြစ်တယ်။ ဓမ္မာစရိယအောင်ပြီးရင် ဘယ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် အခွင့်အရေးရှိတယ်။
နှစ်စဉ်နှစ်စဉ် ခေါင်းစည်းလေးတွေ ချထားပေးမယ်၊ ချထားပေးတဲ့ ခေါင်းစည်းအတိုင်း ရေးသားပြုစုရမယ်။
နောက် ဥပမာတစ်ခုပြောရမယ်ဆိုရင် မဟာဝါပါဠိတော်မှာ ကထိန်အကြောင်း စုထားတဲ့ ကထိနက္ခန္ဓကဆိုတာ အားလုံး ကြားဖူးကြတယ်မဟုတ်လား၊ အဲဒီ ကထိနက္ခန္ဓကရဲ့ အဖွင့် အဋ္ဌကထာရှိတယ် ဋီကာရှိတယ်။ အဲတော့ ခေါင်းစည်းပေးမယ်-
“ကထိနက္ခန္ဓကအဖွင့်ကို လေ့လာသုံးသပ်ခြင်း”
ဘာသာပြန်ရမှာ မဟုတ်ဘူး၊ ဘယ်လိုရေးထားတယ်၊ ဘယ်အချက်လက်တွေပါတယ်ဆိုတာကို ခြုံငုံပြီးတော့ ပြောတတ်ရမယ်၊ အဲဒါဆိုရင် မာစတာဘွဲ့ရမယ်။နောက်တစ်ခုက သဒ္ဒါရေးနဲ့ ပတ်သက်လာတဲ့အခါမှာ ရူပသိဒ္ဓိမှာ နိပါတ်ပုဒ်အကြောင်း သီးသန့်ပြထားတာရှိတယ်၊ အဲဒီ “နိပါတ်ပုဒ်များကို ရှင်းလင်းဖွင့်ဆိုခြင်း” ဆိုတဲ့ ခေါင်းစည်းလေးနဲ့ စာအုပ်တစ်အုပ် ရေးဖို့လိုတယ်။ အဲဒီထဲမှာပါတဲ့ နိပါတ်ပုဒ်တွေရဲ့ အနက်အဓိပ္ပါယ်, နမူနာပုံစံတွေကို ဥဒါဟရုဏ်နဲ့တကွ ပိဋကတ်တွေထဲက ရှာထုတ်ရမယ်။
ဥပမာမယ်- ခေါ ပါရင် ခေါ က ဘာလဲ? စ ပန ပါရင် စ ပန က ဘာလဲ? ဥဒါဟရုဏ်နဲ့ ထုတ်နုတ်ရေးသားရမယ်။
အဲဒီလို ရေးနိုင် တင်ပြနိုင်ရင် မာစတာဘွဲ့ အပ်နှင်းခံရမယ်။ သတ်မှတ်ချက်လေးတွေတော့ ရှိတာပေါ့၊ အနည်းဆုံး စာမျက်နှာ ၂၀၀-လောက် ရေးရမယ်၊ သုတေသနသဘော ပါရမယ်၊ သုတေသနဆိုတာ လေ့လာဆန်းစစ်ပြတာကို ခေါ်တယ်။ အထဲပါတာကို ကူးရေးတာမျိုးမဟုတ်ရဘူး ကိုယ့်ဘာသာ လေ့လာဆန်းစစ်တဲ့သဘော ပါရမယ်။ သာမန်အားဖြင့် ဗုဒ္ဓဘာသာ တရားတော်တွေနဲ့ ပတ်သက်ပြီး မရင်းနှီးတဲ့ပုဂ္ဂိုလ်တွေကျတော့ ပြဌာန်းထားတဲ့ စာအုပ်ကို သေချာဖတ်၊ ဖတ်ပြီးတော့ ဖြေနိုင်ရမယ်။
အဲဒါကို “သုတဓမ္မဒီပလိုမာ” လို့ သတ်မှတ်ထားတယ်၊ ဒီပလိုမာဆိုတာ ဘွဲ့မဟုတ်ဘူး၊ အောင်လက်မှတ်၊ certificate နဲ့ တူတူပဲ၊ ဒါကို ဗမာပြည်ကလူတွေတချို့က ဒီပလိုမာဆိုရင် ဘွဲ့လို့ ထင်နေကြတာ၊ ဘွဲ့မဟုတ်ပါဘူး။ အဲဒါအတွက်က သုတဓမ္မဒီပလိုမာ အဆင့်(၁) အဆင့်(၂) အဆင့်(၃)၊ ဒါတွေဖြေပြီးရင် သုတဓမ္မဂဝေသီ B.A ဘွဲ့အတွက် ရှေ့တိုးပြီးတော့ ဖြေရမယ်။
အားလုံး ၃-နှစ်ခွဲလောက်ဆိုရင် B.Aဘွဲ့ရပြီ၊ ဒါက အောက်ခြေကလာတာ။ ဓမ္မာစရိယအောင်ပြီးသား အခြေခံအရည်ချင်းရှိပြီးသားပုဂ္ဂိုလ်တွေကျတော့ မာစတာတန်းအတွက် တန်းပြီးတော့ ကျမ်းပြုရမယ်။
အချိန်တစ်ခု ကန့်သတ်ပေးထားမယ်၊ ခေါင်းစည်းတစ်ခု ပေးထားမယ်၊
အဲဒီခေါင်းစည်းအတိုင်း သူများရေးတဲ့ကျမ်းတွေကို နမူနာယူပြီးတော့ ကိုယ်ကိုယ်တိုင် ရေးသား ကျမ်းပြုစုရမယ်။
ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် ရေးသားတင်ပြနိုင်ရင် မာစတာဘွဲ့ အပ်နှင်းမှာပါ။ မာစတာဘွဲ့က သုတဓမ္မဝေဒီ- သုတဓမ္မနဲ့ပတ်သက်ပြီးတော့ အသိဉာဏ်ရှိသူလို့ ခေါ်တယ်။ နောက် အဲဒီထက်တဆင့်မြင့်တဲ့ အရည်အချင်းရှိပြီး အချိန်ပိုယူပြီး ရေးခိုင်းတဲ့ကျမ်းမျိုးကျတော့-သုတဓမ္မဝိဘာဝီ- မိမိသင်ယူထားတဲ့ တရားဓမ္မနဲ့ပတ်သက်ပြီးတော့ ပညာရှင်အဆင့်ရှိသူလို့ ခေါ်တယ်၊ အဲဒါက Ph.D ။ အားလုံးအတွက် လမ်းပွင့်သွားအောင် ဓမ္မာစရိယဘွဲ့ ရပြီးသွားရင် မာစတာကနေ စတက်ရမယ်၊
၁-နှစ်လေ့လာပြီး ကျမ်းတင်ရမယ်၊ ပြီးရင် ကိုယ်ရေးတာ ဟုတ်မဟုတ် စစ်ဆေးတဲ့အခါ ဖြေနိုင်ရမယ်၊ viva ထိုင်တယ်လို့ခေါ်တယ်။
ကျမ်းတင်ပြီးလို့ အရွေးခံရရင် မာစတာဘွဲ့ ရမယ်။
ပြီးရင် Ph.D အတွက် ကျမ်းတစ်ကျမ်း ထပ်ပြုစုရမယ်၊ အဲဒီကျမ်းကလည်း တက္ကသိုလ်ကနေချပေးတဲ့ကျမ်း ဖြစ်ရမယ်။ အဲဒါရေးသားပြုစုနိုင်ရင် Ph.D ဘွဲ့ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ရှားပါးတဲ့ ပေစာထဲက စာအုပ်မဖြစ်သေးတဲ့ ပါဠိစာပေအဟောင်းတွေ၊ အခုထုတ်ထားတဲ့ နာမစာရဒီပကကျမ်းမျိုးပေါ့၊ ဘယ်သူမှ မရိုက်ဘူး မထုတ်ဘူးသေးတဲ့ ကျမ်းမျိုး ဒီလိုကျမ်းမျိုးကို တည်းဖြတ်ပြီးတော့ စာအုပ်အဖြစ် ထုတ်နိုင်ရင် အဲဒါအတွက် Doctor of literature ၊ D.Litt ဘွဲ့ ပေးဖို့လည်း ရှိတယ်။
အဲဒီလို စာပေအရည်ချင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာ ရှေ့ကို ဆက်သွားနေရမယ်၊ ဆက်သွားမိလိုက်ရင် ဒီဘွဲ့တွေရမယ်၊ ဒီဘွဲ့တွေက တကယ်လည်း ထိုက်တန်ပါတယ်၊ အဲတော့ အရည်ချင်းရှိအောင် ကိုယ့်ကိုယ်ကို အမြဲတမ်း စာပေလေ့လာနေရမယ်။
ခုနကစကားပြန်ဆက်ပြီး ပြောရရင်-
“လူပုဂ္ဂိုလ်နဲ့ ရဟန်းပုဂ္ဂိုလ်အကြား ဆက်ဆံရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေး”
ခေါင်းစည်းက အဲဒါ။
အပြန်အလှန် ထိန်းထားတယ်ဆိုတာ ဘုန်းကြီးက လူကိုထိန်းတယ်၊ လူက ဘုန်းကြီးကို ထိန်းတယ်၊
လူပုဂ္ဂိုလ်က ဘာသာတရားကို စော်ကားလို့ရှိရင် ရဟန်းဘက်က ပတ္တနိကုဇ္ဇနကံ လုပ်ပေးရတယ်၊ ဒါ လူပုဂ္ဂိုလ်တွေကို ထိန်းတာ။
တခါ လူပုဂ္ဂိုလ်ကလည်း ဘုန်းကြီးကို ပြန်ထိန်းလို့ရတယ်၊ အဲဒါကို စနစ်တကျ ရေးနိုင်ရင် ဒါ sociology ပဲ၊ အဲဒါတွေဟာ ပိဋကတ်စာပေထဲမှာ အများကြီးရှိတယ်။
ဓမ္မကထိကတွေ ဟောနေကြတဲ့
သာဂါရာ အနာဂါရာစ ၊ ဥဘော အညောညနိဿိတာ ဆိုတာ အဲဒါပဲ။
လူပုဂ္ဂိုလ်နဲ့ ရဟန်းပုဂ္ဂိုလ်တွေဟာ အပြန်အလှန် မှီပြီးတော့နေတယ်။
ပုံမှန်ဆက်ဆံရေးက ဘာလဲဆိုရင် ဒကာ ဒကာမက ပစ္စည်းလေးပါး ထောက်ပံ့ပေးတယ်၊ ဘုန်းကြီးက တရားဓမ္မ နားလည်အောင် ဟောပြလမ်းညွှန်ပေးတယ်။
အဲဒီထဲမယ် ပုံမှန်မဟုတ်ဘဲနဲ့ စော်ကားလာသလိုဖြစ်လာရင်-
ဆိုပါစို့ ပတ္တနိကုဇ္ဇနကံဆိုတာ ရှိတယ်၊ သပိတ်မှောက်တယ်ဆိုတာ အဲဒီကနေ လာတာ၊ ဒါက ဝိနည်းထဲတင် ရှိတာမဟုတ်ဘူး၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာလည်း ရှိတယ်။
အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ်မှာ အင်္ဂါ(၈)ချက်နဲ့ ဟောထားတယ်၊
အင်္ဂါ(၈)ချက် အပြစ်(၈)ချက်ထဲက တစ်ခုခု လုပ်ထားတဲ့ ဒကာမျိုးကို ဘုန်းကြီးက သပိတ်မှောက်နိုင်တယ်။
အင်္ဂါ(၈)ချက်က
၁။ ဘိက်ခူနံ အလာဘာယ ပရိသက်ကတိ
ရဟန်းသံဃာတွေ လာဘ်လာဘမရအောင် ကြိုးပမ်းအားထုတ်တာ၊
အားထုတ်တယ်ဆိုတာ ဘယ်လိုနည်းနဲ့ပဲ လုပ်လုပ် ခုခေတ်ဆိုရင် Facebook ကပဲ ပြောပြော၊ ဘုန်ဒကြီးတွေကို ဆွမ်းမလောင်းအောင် လှူးါန်းမှု မရအောင် ကျူးလွန်တဲ့ ဥပါသကာကို ဘုန်းကြီးတွေက သပိတ်မှောက်လို့ ရတယ်။
သပိတ်မှောက်တယ်ဆိုတာ သံဃာအနေနဲ့ သူ့ပစ္စည်းကို လက်မခံတော့တာ၊ သူနဲ့ ဆက်ဆံရေး မလုပ်တော့ဘူး၊ ဒါ ဘုန်းကြီးဘက်ကနေ လူကို ထိန်းကျောင်းလိုက်တာ။
၂။ ဘိက်ခူနံ အဝါသာယ ပရိသက်ကတိ
ဘုန်းကြီးတွေကို နေစရာမရှိအောင် လုပ်တယ်။
၃။ ဘိက်ခူနံ အနတ်ထာယ ပရိသက်ကတိ
ဘုန်းကြီးတွေ အကျိုးမဲ့ဖြစ်အောင်လုပ်တယ်။
၄။ ဘိက္ခူ အက္ကောသတိ ပရိဘာသတိ
ဘုန်းကြီးတွေကို ဆဲတယ် ခြိမ်းခြောက်တယ်။
ခုခေတ်ဆို သာပေါတာပေါ့၊ အက္ကောသတိ ပရိဘာသတိ- ဆဲတယ်ဆိုတာ ငယ်ကျိုးငယ်နာတွေ ဖော်ပြီးပြောတာလည်း ဆဲတာပဲ။
၅။ ဘိက်ခူ ဘိက်ခူဟိ ဘဒေတေိ
အချင်းချင်း ကွဲပြားအောင် သပ်လျှိုတယ်၊ ဂျင်းထည့်တယ်၊ သွေးခွဲတဲ့စကားတွေ ပြောတယ်။
၆။ ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ
၇။ ဓမ္မဿ အဝဏ္ဏံ ဘာသတိ
၈။ သံဃဿ အဝဏ္ဏံ ဘာသတိ
ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့ အပြစ်တွေ ပြောတယ်။
ဒီပြစ်မှု(၈)ချက် ကျူးလွန်တဲ့ ဥပါသကာဆိုရင် သံဃာဘက်ကနေ ပြန်ထိန်းကျောင်းတဲ့သဘောနဲ့ သူ့ကို သပိတ်မှောက်လို့ရတယ်။ တခါ လူပုဂ္ဂိုလ်ကလည်း ဘုန်းကြီးတစ်ပါးကို ပြန်ပြီးတော့ ထိန်းကျောင်းလို့ ရတယ်။ ဘုန်းကြီးတွေကလည်း ဘုန်းကြီးဆိုပြီးတော့ နေရာတိုင်း အသာစီး ယူလို့မရဘူး၊ ဒါကို “အပ္ပသာဒပဝေဒနီယကံ”လို့ ခေါတယ်၊ ဒါက ဝိနည်းထဲမှာ မပါဘူး၊ အင်္ဂုတ္တိုရ်ထဲမှာ ပါတာ။ အပ္ပသာဒပဝေဒနီယသုတ်ဆိုတာ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်မှာ ပါတာ၊ အဲဒါလည်းပဲ ရဟန်းပုဂ္ဂိုလ်တစ်ပါးပါးဟာ ဒီပြစ်မှုတွေ ကျူးလွန်နေတယ်ဆိုရင် ဒကာ ဒကာမက မကြည်ညိုဘူးဆိုတာကို ပြောလို့ရတယ်။
ခုန ဘုန်းကြီးက သပိတ်မှောက်သလို ဒကာဘက်ကလည်း ပြန်လည်ပြသလို့ ရတယ်။ ဗမာတွေကတော့ ပြောတတ်ကြတယ်လေ၊ “ဘုန်းကြီးက သပိတ်မှောက်ရင် သူက ဆန်ဈေးတောင်းမှောက်တယ်” ဆိုပြီးပြောကြတယ်။ ဒါဟာ အပြန်လှန် ထိန်းကျောင်းတဲ့ သဘောပဲ။
အဲတော့ ရဟန်းပုဂ္ဂိုလ်က ဘယ်အပြစ်တွေကျူးလွန်ရင် ဒကာဘက်ကနေ ထိနိးကျောင်းပေးနိုင်သလဲဆိုရင် အပြစ်က-
၁။ ဒကာ ဒကာမတွေ လာဘ်ပိတ်အောင် စီးပွားမဖြစ်အောင် ကြိုးစားတယ်၊ အခွင့်လမ်းတွေ ဆို့ပိတ်တယ်။
၂။ ဒကာ ဒကာမတွေ အကျိုးဆုတ်ယုတ်အောင် လုပ်တယ်။
(နေရာကတော့ လူတွေက အိမ်ရှိပြီးသားမို့ အဝါသာယ မပါဘူး)
၃။ လူကို ဘုန်းကြီးက ဆဲတယ်။
ဆဲတယ်ဆိုတာ နင်ပဲငဆပြောမှ ဆဲတာမဟုတ်ဘူး၊ ငယ်ကျိုးငယ်နာဖော်ပြတာလည်း ဆဲတာပဲ၊ ရှင်သုဓမ္မနဲ့ စိတ္တသူကြွယ်လိုပေါ့။
ရှင်သုဓမ္မက သူ့ကို မတိုင်ပင်ဘဲနဲ့ ရှင်သာရိပုတ္တရာအမှူးရှိတဲ့ သံဃာတွေပင့်တော့ မကျေနပ်ဘူးလေ၊ မကျေနပ်တော့ စိတ္တသူကြွယ်က ဆွမ်းစားပင့်တာ မကြွဘူး၊ မကြွပေမယ့် ဆွမ်းပွဲမှာ ဘာတွေပြင်ထားတုန်းဆိုတာကို သွားကြည့်တယ်၊ ကြည့်ပြီး စိတ္တသူကြွယ်ကို ငယ်ကျိုးငယ်နာတွေ ပြောတယ်၊ စိတ္တသူကြွယ်ရဲ့ မျိုးရိုးက စီးပွားရေးမကောင်းခင်က နှမ်းပြစ်လုပ်စားတာ၊
“ဒကာကြီး သံဃာတွေကပ်ဖို့ ဆွမ်းဟင်းတွေပြင်ထားတာ စုံပါတယ်၊ ဒါပေမယ့် နှမ်းပြသ်မတွေ့ဘူး” လို့ ဆိုတယ်။
ဒါ သက်သက် စော်ကားလိုက်တာတာပဲ။
ရာဇသင်္ကြန်အမတ်ကြီးလိုပေါ့၊ ပန်းပွတ်သည်တွေ ကြီးပွားနေတော့ သူက ပန်းကလပ်အစုတ်အပဲ့လေးနဲ့ ကွမ်းစားပြတာ၊ အဲဒီတုန်းက ဘုရင်ဖြစ်ပြီး ရာထူးကြီးနေတာက ပန်းပွတ်သည်(သယ်)၊ အဲဒါကို စောင်းချိတ်ပြီး သူကလုပ်ပြတာ၊ ဒါလည်း ဆဲတာတမျိုးပဲနော်။
အဲလိုပြောတော့ စိတ္တသူကြွယ်က “အရှင်ဘုရား မြတ်သွာဘုရားရဲ့ တရားတွေထဲမှာ စောစရာတွေအများကြီးပဲ ၊ ပိဋကသုံးပုံထဲက တရားကို မဟောဘဲနဲ့ အရှင်ဘုရားက ဘာဖြစ်လို့ နှမ်းပြစ်အကြောင်း ပြောရတာလဲ” ဆိုပြီ ဥပမာတစ်ခုနဲ့ ပြန်လျှောက်တယ်။
အရှေ့တိုင်းက ကုန်သည်တွေက ကျီးကန်းတစ်ကောင်ဖမ်းသွားပြီး အနောက်တိုင်းကို သွားကြတယ်၊ အနောက်တိုင်းမှာ ကျီးကန်းမရှိဘူး၊ ကျီးကန်းက အနောက်တိုင်းရောက်တော့ ကြက်နဲ့ အိမ်ထောင်ကျတယ်၊ မွေးလာတဲ့ကလေးက ကြက်နဲ့ကျီး ကပြားလေး ဖြစ်နေတယ်။
အဖေဘက်က တမျိုး အမေဘက်ကတမျိုး၊
ကျီးသံအော်ချင်ရင် “အာ အောက်ကလိ” လို့ အော်တယ်။
ကြက်သံအော်ချင်ရင် “အောက်ကလိ အာ” လို့ အော်တယ်။
အဲဒါလိုပါပဲ၊ အရှင်ဘုရားကလည်း ဘုရားစကားလည်းမဟုတ် ဘာလည်းမဟုတ်တော့ အောက်ကလိအာ ပဲဆိုပြီး သာသာနဲ့ နာနာနှက်လိုက်တယ်။
ဘုရားဆီသွားလျှောက်တဲ့အခါကျတော့ ဘုရားက စိတ္တသူကြွယ်ကို ပြန်တောင်းပန်ခိုင်းလိုက်တယ်။
အဲတော့ မြတ်စွာဘုရားဟောထားတဲ့ sociology ဆိုတာ ရဟန်းသံဃာနဲ့လူပုဂ္ဂိုလ်ကို အပြန်လှန် ထိန်းကျောင်းပေးထားတာ။
အပ္ပသာဒပဝေဒနီယဆိုတာ မကောင်းတဲ့ အပြစ်ရှိတဲ့ရဟန်းက လူတွေက မကြည်ညိုကြောင်း ထုတ်ဖော်ပြောလို့ ရတယ်။
၁။ လူတွေ အခွင့်ရေးပိတ်ဆို့အောင်လုပ်တယ်။
၂။ လူတွေ အကျိုးမဲ့ဖြစ်အောင် လုပ်တယ်။
၃။ လူတွေကို ဆဲရေးတယ်။
၄။ လူတွေ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် သွေးခွဲတယ်။
၅။ ဘုရားရဲ့အပြစ်ကို ပြောတယ်။
၆။ တရားရဲ့ အပြစ်ကိုပြောတယ်။
၇။ သံဃာရဲ့ အပြစ်ကို ပြောတယ်။
၈ နံပါတ်အချက်က ဘာလဲဆိုရင်-
ဘုန်းကြီးတွေ မသွားသင့်တဲ့ နေရာမှာ အဲဒီဘုန်းကြီးကိုတွေ့ရင်-
ဥပမာမယ်-
အရက်ဆိုင်ထဲ ဝင်သွားတာ တွေ့ရင်…
ကာရာအိုကေထဲ ဝင်သွားတာတွေ့ရင်…
KTV ထဲ ဝင်သွားတာ တွေ့ရင်…
ခုခေတ် မသွားစင့်ဘူးလို့ သတ်မှတ်ထားတယ်ဆိုပါစို့၊ အဲလိုနေရာသွားတာတွေ့လို့ မကြည်ညိုဘူးဆိုရင် ထုတ်ဖော်ပြသလို့ ရတယ်။
စာထဲမှာတော့ အဂေါစရေစ နံ ပဿတိ- အဂေါစရဆိုတာ ရဟန်းတွေမသွားရမယ့်နေရာ၊ အဂေါစရ(၆)ပါးဆိုတာ သိကြတယ်မဟုတ်လား?။
ဒါဟာ ရဟန်းနဲ့လူပုဂ္ဂိုလ် အပြန်လှနိဆက်ဆ့ါရေးကို ထိန်းယူနေတဲ့နည်းစနစ်ပဲ။ အလွန်ခေတ်မီတဲ့ နည်းစနစ်တစ်ခုပဲ။
အဲတော့ thesis သုတေသနကျမ်းရေးရင် အဲဒီခေါင်းစည်းအောက်မှာ အခုလို ကျမ်းကိုးကားနဲ့ ခေတ်မီမီနဲ့ ရေးပြနိုင်ရမယ်။ စနစ်တကျ တင်ပြထားရမယ်။
စနစ်တကျဆိုတာ ကျမ်းတစ်ကျမ်းမှာ
🔹 ပထမဆုံးက ခေါင်းစည်းနဲ့ပတ်သက်ပြီး ရှင်းပြရမယ်။
အဲဒါကို introduction လို့ ခေါ်တယ်။
🔹 ပြီးတဲ့အခါမှာ main teaching အဓိက ပြောဆိုချက် ရေးရမယ်။
🔹 ပြီးရင် ကြားထဲက ကိုယ်တင်ပြတဲ့ အကြောင်းအရာကို ခိုင်မာအောင် အကိုးအကား သာဓကတွေ ပြရမယ်။
🔹 အားလုံး ပြီးပြီဆိုတဲ့အခါမှ conclude အားလုံးကို နိဂုံးချုပ်ပြီး ခြုံငုံသုံးသပ်ပြရမယ်။
အားနည်းချက် အားသာချက်၊ သို့မဟုတ် ဘယ်အချက် လိုအပ်တယ် ဘယ်အချက်ထည့်သင့်တယ် ဘယ်အချက်ကဆော့ ပြည့်စုံတယ်ဆိုတာကို ခြုံငုံသုံးသပ် ပြနိုင်ရမယ်။
အဲလိုရေးရင် ကျမ်းတစ်ကျမ်းဟာ ပြည့်စုံပါပြီ။
ဒါကြောင့် နောင်တစ်ခေတ်ရောက်ရင် ဒီကနေ့ခေတ်မှာ တချို့နေရာတွေမှာ ရဟန်းပုဂ္ဂိုလ်နဲ့ လူပုဂ္ဂိုလ်မှာ လူတွေကလည်း မပြောရဲ မဆိုရဲဘူး၊ ငရဲကြီးမှာကြောက်လို့ ပြန်မပြောရဲဘူး၊
ဘုန်းကြီးဘက်က အသာစီးယူတာတယ်၊ တချို့ကျတော့ လူက အသာစီးယူနေတာ ရှိတတ်တယ်။
အဒီလိုမဟုတ်ဘဲနဲ့ တစ်ဦးနဲ့တစ်ဦးဟာ မှန်ကန်တဲ့လမ်းကြောင်းကနေပြီး ဆက်ဆံကြရမယ်။
ရဟန်းနဲ့လူ ဆက်ဆံရာမှာ ဘောင်မကျော်ရဘူး၊ အခုလို ဘောင်ကျော်လာတဲ့ ဆက်ဆံရေးမျိုးကျတော့ အပြန်အလှန် ထိန်းကျောင်းပေးရမယ်။ သပိတ်မှောက်တယ်ဆိုတာ ထိန်းကျောင်းပေးတာ၊ မကြည်ညိုဘူးလို့ပြောတာ ထိန်းကျောင်းပေးတာလို့ ခေါ်တယ်။
ဒီလို ပိဋကတ်စာပေမှာ တကယ်ကို ခေတ်မီတဲ့ အသုံးနှုန်းတွေနဲ့ မှတ်သားဖွယ်တွေ များစွာရှိတယ်၊ အဲဒါတွေကို အမှတ်တမဲ့မနေဘဲနဲ့ လေ့လာနေကြဖို့ ဖတ်ရှုကြဖို့ ခေတ်အမြင်နဲ့ ကြည့်တတ်ဖို့ ကြိုးစားအားထုတ်ရမယ်။
ဒီပညာဘူမိတက္ကသိုလ်ဟာ အဲဒီလိုကြိုးစားနေတဲ့သူတွေအတွက် လမ်းပြဖြစ်တယ်။ သာမန်အသိကနေ တိုးတက်လာတဲ့အသိတစ်ခု ရသွားအောင် လမ်းပြတာကို လုပ်ဖို့ စီမံဆောင်ရွက်ထားတာဖြစ်တယ်။
ဒါ့ကြောင့် အားလုံးဟာ မိမိတို့အတွက် ပညာရေးတိုးတက်အောင် နေ့စဉ်နဲ့အမျှ သတိထားပြီးတော့ ကိုယ်ကျင့်သိက္ခာဘက်ကလည်း တိုးတက်အောင်, အသိပညာဘက်ကလည်း တိုးတက်အောင်, ခေတ်နဲ့ကွာမသွားအောင် အမြဲတမ်း ကိုယ့်ကိုယ်ကို ထိန်းညှိပြီးတော့ ကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
၁၃၈၄-ခု တန်ဆောင်မုန်းလဆန်း(၇)ရက်
꧁༺ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒအစီအစဉ် ༻꧂
꧁༺༻꧂ ꧁༺༻꧂ ꧁༺༻꧂
နာယူမှတ်သားရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ
ပြင်ဦးလွင်မြို့နယ်
30 – 10 – 2022
တနင်္ဂနွေနေ့
ည (၁၁:၀၀)နာရီ