လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၃)နှစ်ပြည့် မွေးနေ့ အမှတ်တရ အနုမောဒနာဩဝါဒ
လောကမှာ လူ့ဘဝရလာတဲ့အခါမှာ အသက်ရှည်တာ ဘာကြောင့်လဲ။အရောဂိယ ကျန်းမာတာက ဘာကြောင့်လဲ?
ဥစ္စာကုလီနတံ ဘဝမှာ အဆင့်မြင့်တဲ့ လူတကာလေးစားရတဲ့ အမျိုးအဆွေမှာ ဖြစ်တာ ဘာကြောင့်လဲ?
သဂ္ဂ ကောင်းမြတ်တဲ့အာရုံတွေကို ကြုံတွေ့ရတာ ဘာကြောင့်လဲ?
လူလောကမှာ ပျော်ရွှင်သောအရာ နှစ်သက်ဖွယ် အသုံးအဆောင်တွေ ရရှိတာ ဘာကြောင့်လဲ?
အကြောင်းတရားကို မြတ်စွာဘုရားရှာပြတဲ့အခါမှာ “ကုသိုလ်ကောင်းမှု” ကြောင့်လို့ မြတ်စွာဘုရားက အဖြေထုတ်တယ်။
🔹ကုသိုလ်ကောင်းမှုဆိုတာ လှူတာတန်းတာလည်း ကုသိုလ်ကောင်းမှုပါပဲ။ ကိုယ်ကျင့်သီလ ထိန်းသိမ်းစောင့်ရှောက်တာလည်း ကုသိုလ်ကောင်းမှုပဲ။ မေတ္တာဘာဝနာ ပွါးများတာကအစ ကိုယ်ကျင့်တရားသတိရပြီးတော့ ကိုယ့်ကိုကိုယ်ကောင်းအောင်ပြုပြင်တာလည်း ကုသိုလ်ကောင်းမှုပဲ။ အဲ့ဒီကုသိုလ်ကောင်းမှု “ရတိယော ပတ္ထယန္တေန” လောကကြီးမှာ ပျော်ရွှင်နှစ်သက်ဖွယ်ရာဘဝ အခြေအနေတွေကို လိုလားတယ်ဆိုရင် ဘာလုပ်ရမလဲ။ မြတ်စွာဘုရားက ‘‘အပ္ပမာဒံ ပသံသန္တိ, ပုညကိရိယာသု ပဏ္ဍိတာ” ပညာရှိတွေက အခုပြောခဲ့တဲ့ အကျိုးကျေးဇူးတွေကို ရချင်လို့ရှိရင် ကုသိုလ်ကောင်းမှုကို အပ္ပမာဒ ဆိုတဲ့သတိတရားဖြင့် ပြုဖြစ်အောင်လုပ်ပါ။ဆိုလိုတာက မြတ်စွာဘုရား တစ်လျှောက်လုံး သတိပေးတဲ့စကားက “အပ္ပမာဒေန သမာဒေထ” ပဲ။ အပ္ပမာဒ တရားဖြင့်ပြည့်စုံခဲ့ပါ။ ဘာကိုပြည့်စုံစေတာလဲဆိုတော့ ကုသိုလ်ကောင်းမှုပြုခိုင်းတာ။
🔹သတိနဲ့ပြည့်စုံရတဲ့ အလုပ်ကို ပြောတာမဟုတ်ဘူး။ မမေ့မလျော့သတိတရားဖြင့် ဘာကိုပြည့်စုံစေရမှာလဲဆိုတော့ ကုသိုလ်တရားပြည့်စုံစေရမှာ ဖြစ်ပါတယ်။သတိရှိမှ ကုသိုလ်ဖြစ်တာမို့ ကုသိုလ်ဖြစ်ဖို့ အမြဲတမ်းသတိထားဖို့ပြောတာ။ သတိရှိကြဖို့ပြောတာမဟုတ်ဘူး။ သတိဖြင့် ကုသိုလ်တရားကို ပြည့်စုံအောင်လုပ်ကြလို့ ပြောတာ။
🔹ကုသိုလ်လုပ်ဖို့ သတိဆိုတာ တခါတခါမှ ရကြတာပါ။ နေ့စဉ်ကိစ္စ ဝစ္စတွေပေါ်မှာ နစ်မြောပြီးတော့ နေကြရတာ။အဲ့ဒီတော့ ကုသိုလ်ဘက်ကို များများသတိရအောင် များများသတိရမှ ကုသိုလ်ဆိုတာ အလုပ်ဖြစ်တာ။
အခု ဒီနေ့ တပေါင်းလပြည့်နေ့ကို မွေးနေ့အမှတ်တရ အကြောင်းပြုပြီးတော့ အသီးသီးကုသိုလ်လုပ်ဖြစ်ကြတာ။
အဲ့ဒီကုသိုလ်လုပ်တာဟာ သတိဆိုတဲ့ ပမာဒ တရားကြောင့် လုပ်ဖြစ်တာ ဖြစ်တယ်။ဒါကြောင့်မို့ အရေးကြီးတာက ဘာတုန်း။ ကုသိုလ်က အရေးကြီးတယ်။အရေးကြီးတဲ့ ကုသိုလ်ရဖို့ နောက်တစ်ခု အရေးကြီးတာက အပ္ပမာဒ။ ကုသိုလ်လုပ်ဖြစ်အောင် အမှတ်ရစေမယ့် သတိတရားပါ။
ကုသိုလ်လုပ်ဖြစ်ဖို့ အမြဲတမ်းအမှတ်ရလေလေ ကုသိုလ်များများဖြစ်လေပဲ။မေ့လေလေ ကုသိုလ်နည်းလေလေပဲ။
အမှတ်ရ ရမယ် သတိရှိရမယ်ဆိုတာ ကုသိုလ်ဖြစ်ဖို့ သတိရှိရမယ်ကိုပြောတာပါ။
🔹အဲ့တော့ ဒါနကုသိုလ်ဆိုတာ အမြဲတမ်းဖြစ်နိုင်လား။ သတိရှိလို့ ဖြစ်တာလား ။ ကိုယ်စားမယ့်ထမင်းလုပ်လေးက စပြီးတော့ သူများစားဖို့ ပေးလိုက်တာ။ ကိုယ်ကွမ်းစားနေရင်းနဲ့ စားပါ ကျွေးလိုက်တာ အဲ့ဒါ ဒါနကုသိုလ်ပဲ။ ကိုယ့်နားမှာ ဘယ်သူမှ မရှိဘူးဆိုရင် ကိုယ်စားမယ့်အစားအစာ မြတ်စွာဘုရားကို ဆွမ်းတော်ကပ်ပါ။ ရဟန်းနာတွေကို လှူဒါန်းပါတယ် အဲ့လို အာရုံပြုပြီးတဲ့အခါမှ စားရတယ်။ ဒါလည်း ကုသိုလ်ဖြစ်တာပဲ။
စိတ်ထဲမှာ အာရုံထားပြီးတော့ လှူတယ်တန်းတယ်။ ဘုရားလက်ထက်က ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလန်တို့ ဆိုတဲ့ ရဟန်းသံဃာတွေကို ရည်စူးပြီးတော့ လှူဒါန်းတယ် လှူပြီးမှ ကျန်တာကို ဆက်စားတယ်။ လှူဒါန်းတယ်ဆိုတာ အဲ့လို ကုသိုလ်ဖြစ်တာ။ အဲ့ဒီကုသိုလ်ဖြစ်ဖို့ ဘာလိုအပ်လဲဆိုတော့ သတိလိုတယ်။ သတိရရင် ကုသိုလ်ဖြစ်တယ်။ ဒါကြောင့်မို့ ဆိုလိုတာ ‘‘အပ္ပမာဒံ ပသံသန္တိ, ပုညကိရိယာသု ပဏ္ဍိတာ” ။ ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာ ကုသိုလ်ကို သတိရပြီး ကုသိုလ်ကိုဖြစ်စေတတ်တဲ့ သတိနဲ့ ကုသိုလ်တွေကို ပြည့်စုံအောင်လုပ်ပါ။ ပြည့်စုံအောင်လုပ်ရမှာက ကုသိုလ်တွေ။ သတိကို ပြောတာမဟုတ်ဘူး။ သတိက လက်နက်။
🔹ဆိုလိုတာက မျက်စိနဲ့မြင်အောင်ကြည့်တယ် မျက်စိက လက်နက်ပဲလေ။ အရေးကြီးတာက ဘာတုန်းဆိုတာမြင်တာက အဓိကပါ။ ဒါပေမယ့် မြင်ဖို့အတွက် မျက်စိမပါရင် မမြင်ဘူး။ အခုလည်းပဲ ကုသိုလ်ပြုဖို့ အပ္ပမာဒ ဆိုတဲ့ သတိမရှိရင် ကုသိုလ်မလုပ်ချင်ဘူး။ သတိရှိမှ ကုသိုလ်ဆိုတာ လုပ်ချင်တာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ‘‘အပ္ပမာဒံ ပသံသန္တိ, ပုညကိရိယာသု ပဏ္ဍိတာ” ကုသိုလ်ကိစ္စတွေမှာ ပညာရှိတွေက အပ္ပမာဒ ဆိုတဲ့ ကုသိုလ်ကိုသတိရအောင် ကုသိုလ်ကို ဖြစ်ပေါ်စေအောင် ကုသိုလ်ကို ပြုလုပ်စေတတ်တဲ့ သတိတရားကို ချီးမွမ်းကြတယ်ဆိုတာ အဲ့ဒါပြောတာ။ အဲ့ဒီတော့ ကိုယ့်ရဲ့လက်မှာ ဒီကနေ့ လှူကြတန်းကြတယ်။ ကိုယ်လုပ်တာတွေ ကိုယ်ရတယ်။ ကိုယ်လှူတာ ကိုယ့်ရင်ထဲမှာ ရောက်သွားပြီ။ သူများ လှူတာတွေကို သာဓုခေါ်နိုင်ခွင့်ကို ရသွားပြီ။ ကိုယ်လုပ်မှ ကိုယ်ရတယ်။ အဲ့တော့ ကုသိုလ်ကောင်းမှုကို ရင်ထဲမှာ ဖြစ်သွားပြီ။
🔹ဖြစ်သွားတဲ့ ကုသိုလ်ကောင်းမှုတွေက ဘာအကျိုးတွေပေးတုန်းဆိုတော့ ဖြစ်လေရာဘဝမှာ အာယုံ အသက်ရှည်စေတယ်။ အရောဂိယံ ကျန်းမာစေတယ်။ ချမ်းသာမှုကိုလည်း ဖြည့်စွက်ပေးတယ်။ ဝဏ္ဏံ အဆင်းလှပမှုကို ပြည့်စုံပြီး အသားအရည်စိုပြေပြီးတော့နေတာ။ သဂ္ဂံ ကိုယ်မြင်သမျှတွေ့သမျှ အကောင်းတွေချည်းပဲမြင်ရတယ်။ အဆိုးကို မတွေ့ရဘူး။ ကောင်းတာတွေချည်းပဲ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတယ်။ မျက်စိက မြင်သမျှ နားက ကြားရသမျှ နှာခေါင်းက အနံရှုရသမျှ ကိုယ့်သန္တာန်မှာ ဆင်းရဲဒုက္ခဖြစ်ပေါ်စေတတ်တဲ့ အဆင်းအသံအနံ့အရသာကို မတွေ့ရဘဲ မြင်မြင်သမျှ ဝမ်းသာစရာ၊ ကြားသမျှ ဝမ်းသာစရာ၊ အနံ့ရသမျှ ဝမ်းသာစရာ၊ အရသာတွေ့တာလည်း ဝမ်းသာစရာ၊ အထိအတွေ့ကလည်း ဝမ်းသာစရာ အဲ့ဒီ ဝမ်းသာစရာဖြစ်စေတတ်တဲ့ ကောင်းမြတ်တဲ့ ဒီအာရုံတွေနဲ့ စုံစည်းတဲ့အနေအထားကို သဂ္ဂံ လို့ခေါ်တယ်။ အဲ့ဒီ သဂ္ဂံ ဆိုတဲ့ အခြေနေကောင်းတစ်ခုကိုလည်း ကုသိုလ်ကပဲပေးတယ်။ ဥစ္စာကုလီန လူ့အသိုင်းအဝိုင်းထဲမှာ ကိုယ်ဟာ အားလုံးက အသိအမှတ်ပြုပြီးတော့ ဂုဏ်ပြုခံရတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်။ဒါလည်းပဲ ကုသိုလ်က ပေးတာပဲ။
🔹မြတ်စွာဘုရားဖော်ထုတ်ပြထားတာက အဲ့ဒါတွေကို တိုးချဲ့ထုတ်နုတ်တာ မဟုတ်ပေမယ့် သရက်စေ့စိုက်ရင် သရက်ပင်ပေါက်မယ်။သရက်သီး သီးမယ် ဒါဟာ သဘာဝပဲ။ ကုသိုလ်လုပ်ရင် ဒီအကျိုးတွေ ရကိုရမယ်။ အဲ့ဒီတော့ ဒီထဲမှာ ဘာပါလဲ။ အကျိုးတစ်ခုရဖို့အတွက် အသက်ရှင်တာလဲ မလိုချင်ဘူး။ချမ်းသာတာလည်း မလိုချင်ဘူး။ နိဗ္ဗာန်ပဲလိုချင်တယ်။ အဲ့ဒီတော့ ဒီထဲမှာ ဖော်ပြမထားပေမယ်လို့ နိဗ္ဗာန်ကိုရချင်တယ်ဆိုရင်လည်း နိဗ္ဗာန်ရနိုင်တဲ့ အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးမှာပဲ ဖြစ်တယ်။အခြေအနေကောင်းဆိုတာ ဘုရားပွင့်တဲ့အချိန်နဲ့တိုက်ဆိုင်ပြီး ဘုရားတရားတော်ကိုကြားနာခွင့်အခြေအနေတွေ ဖန်တီးပေးတယ်။
အဲ့ဒီနောက်မှာ ကိုယ်ကလုပ်ရမှာ မလုပ်ရင်တော့ ဘာတစ်ခုမှ မရဘူး။ ဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာ ကိုယ်လိုချင်တဲ့အချိန်တစ်ခုကို ရောက်အောင်ယူဖို့ အခွင့်အရေးလေးတော့ရှိမယ်။ဒါပေမယ့် ရအောင်ယူမှ ရမယ်။ မြစ်ရေတွေကတော့ စီးနေတာပဲ။ အဲဒီမြစ်ထဲမှာ ရေတွေကတော့ ရှိနေတယ်။ ကိုယ့်မှာလည်းပဲ ပူအိုက်နေတယ်။ ရေ ရှိရဲ့သားနဲ့ရေမချိုးရင်တော့ ကိုယ့်အပြစ်ပဲဖြစ်တယ်။ရေက ကိုယ့်သန္တာန်မှာ အညစ်အကြေးတွေကို ဆေးကြေားပေးမှာ သေချာတယ်။ အဲ့တော့ ကိုယ်ကမဆေးကြောဘူး မျက်နှာလွှဲနေတယ်ဆိုရင် ဒါ ကိုယ့်အပြစ်ဖြစ်သွားပြီ။
🔹လူတွေဝိုင်းထားလို့ ထွက်ပေါက်ကြီးရှိရဲ့သားနဲ့မပြေးဘူး ဒီထဲမှာ အမိခံတယ်ဆိုရင် သူ့အပြစ်မဟုတ်ဘူး ကိုယ့်အပြစ်ဖြစ်သွားပြီ။ သံသရာထဲမှာလည်းပဲ ဒီတိုင်းပဲ။ ကိလေသာဆိုတဲ့အညစ်အကြေးတွေကို ဆေးကြောဖို့ မြတ်စွာဘုရားဟောထားတဲ့တရားတွေ ရှိတယ်။မဆေးဘူးဆိုရင် ကိုယ့်ရဲ့တာဝန်မဲ့တာပဲဖြစ်တယ်။ အခြေအနေကတော့ သေချာပြီးသားပဲ။ ထွက်ပေါက်ကိုလည်းပဲ လမ်းပြထားပြီးသား။အဲ့ဒါ ကိုယ်ကမလုပ်လိုက်ဘူးဆိုရင် အဲ့ဒါ ကိုယ့်အပြစ်။ အဲ့တော့ ကုသိုလ်ကောင်းမှုအခွင့်သာတိုင်း ကုသိုလ်ကောင်းမှုလုပ်ဖို့ သတိကရတယ်။မလုပ်လိုက်ဘူးဆိုရင်လည်း ကိုယ့်အပြစ်ဖြစ်တယ်ပေါ့။ အဲ့ဒါကြောင့်မို့ အပ္ပမာဒ ဆိုတဲ့ သတိတရားကို ပညာရှိသူတော်ကောင်းတွေက သိပ်အရေးကြီးတယ်လို့ အဓိကအချက်ဖြစ်တယ်လို့ ဟောတာဖြစ်တယ်။
🔹ဒါကြောင့်မို့ မြတ်စွာဘုရားက နေ့စဉ်နဲ့အမျှ လေးဆယ်နဲ့ငါးဝါ သီတင်းသုံးနေထိုင်တဲ့အချိန်မှာ နေ့စဉ်နေ့စဉ် တနေ့တနေ့ ၃၆၅ ကြိမ် နှစ်ပေါင်း ၄၅ နှစ်ထိအောင် ဒီစကားပဲပြောတယ်။ “အပ္ပမာဒေန သမာဒေထ” တဲ့။ အပ္ပမာဒ သတိတရားနဲ့ပြည့်စုံစေကြဆိုတာ ကုသိုလ်ဖြစ်ဖို့အတွက် ကိုယ့်အဆင့်နဲ့ကို ကုသိုလ်ကောင်းမှု လုပ်ဖို့ပဲတိုက်တွန်းတာ။ အဲ့ဒီ ကုသိုလ်ကောင်းမှုသည် လူ့လောကမှာ အာယုံ၊အရောဂိယံ စတဲ့ သက်ရှိခြင်း၊ကျန်းမာခြင်း အကျိုးတရားတွေရဲ့ အပြင် ဘဝဒုက္ခအားလုံးကို ဖယ်ရှားပစ်နိုင်တဲ့ အခြေခံကုသိုလ်တွေဖြစ်တယ်ဆိုတာကို မြတ်စွာဘုရားက အားလုံးကို သိစေချင်တာဖြစ်လို့ ဒီနေ့ ပွဲနေ့လက်ဆောင်အနေနဲ့ “အပ္ပမာဒေန သမာဒေထ” ကုသိုလ်ကောင်းမှု ဘယ်အခါမဆို မမေ့ဘဲနဲ့ ကုသိုလ်လုပ်ချင်အောင်ကြိုးစားပြီးတော့ အပ္ပမာဒ တရားဖြင့် ကုသိုလ်ကို ပြည့်စုံအောင် ဆောင်ရွက်လုပ်ကိုင်နိုင်ကြပါစေ။
၁၃၈၄ ခု တပေါင်းလပြည့်အခါသမယ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၃)နှစ်ပြည့် မွေးနေ့ အမှတ်တရ ဂုဏပူဇာ ဝိဇာတ ကုသိုလ်မင်္ဂလာ နှင့် သံဃ ဒါန ဆွမ်းကြီးလောင်းလှူပွဲ အလှူတော် အခမ်းအနား၌ ဆရာတော်ဘုရားဟောကြားခဲ့သည့် အနုမောဒနာတရား
၀၈/၀၃/၂၀၂၃
ဓာတ်ပုံ ရတနာ
Transcript ဆည်းဆာ