လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားချီးမြှင့်ပေးခဲ့သည့် Healthy Body Healthy Mind အဆုံးအမဩဝါဒ
၀၂/၀၃/၂၀၂၃ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်မြို့နယ် အောင်ချမ်းသာရွာ ရှိ ဓမ္မသဟာယသာသနစင်တာ တွင် ရပ်ဝေးရပ်နီး တရားနာပရိတ်သတ်တ်ို့မှ စိတ်နှင့် ရုပ်တရားဆက်စပ်ပုံ၊ ကြည်လင်တဲ့စိတ် ပူလောင်တဲ့စိတ် တို့ နှင့်ရုပ်တရားတို့ ဆက်စပ်ပုံ၊ ရုပ်တရားနာမ်တရားကို ဝိပဿနာ ရှူမှတ် နည်း တို့ကို မေးလျှောက်ထားသည်ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားချီးမြှင့်ပေးခဲ့သည့် Healthy Body Healthy Mind အဆုံးအမဩဝါဒ အား ဖေါ်ပြအပ်ပါသည်။
စိတ္တဇရုပ်ဆိုတာ စိတ်ဖြစ်လိုက်တာနဲ့ တစ်ခါတည်း ရုပ်တရားကို ထုတ်လုပ်ပြီးသွားဖြစ်သွားတယ်။ဘာနဲ့တူလဲဆိုတော့ မီးထွန်းလိုက်တာ နဲ့တပြိုင်နက် အလင်းကို မွေးဖွားပေးလိုက်သလိုပဲ။ မီးနဲ့အလင်းနဲ့က တခြားစီ။ မီးကတစ်ခု အလင်းက တစ်ခု၊ လျှပ်စစ်ဆိုရင် လျှပ်စစ်က တခြားစီ၊ လာတဲ့ဟာက အလင်းက တစ်ခုလေ။ ဖယောင်းတိုင်မီးထွန်းလိုက်ရင် မီးတောက်လေးက တစ်ခု အလင်းရောင်က တစ်ခု။ အဲ့လိုပဲ စိတ်က စိတ္တဇရုပ်ကို ဖြစ်စေတယ်။ စိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက် ရုပ်က ထုတ်ပြီးသားဖြစ်တယ်။ အဲ့တာကြောင့်မို့ ဗောဇ္ဇင်သုတ် ကို နာရင် ကျန်းမာတယ် ဆိုတာပြောတာ။ ဗောဇ္ဇင်သုတ် နာရင် ပီတိတွေဖြစ်ပြီး အဲ့လို နာမှရမှာ။ ရိုးရိုးနာလို့ မရနိုင်ဘူး။အားလုံးဟာ တရားနဲ့ ပတ်သတ်ပြီးတော့ ဝမ်းသာပီတီဖြစ်ပြီဆိုရင် အဲ့ဒီဖြစ်တဲ့ ပီတိနဲ့ ကျန်းမာတဲ့ ရုပ်ကို ထုတ်တယ်။ မြတ်စွာဘုရားက ကျတော့ သမာပတ်ဝင်စားတာရှိတယ် အာယုသင်္ခါရ ဖလသမာပတ်လို့ ခေါ်တယ်။ အဲ့ဒီ အာယုင်္သခါရဖလသမာပတ်က ကျတော့ ဖြစ်နေတဲ့ရောဂါကို သူက ဖယ်ထားလို့ ရတယ်။အဲ့ သမာပတ် ဆက်ဝင်စားနေရင် ရောဂါပြန်လာ လို့ ရတယ် ။ အဲ့တော့ အသက်ရှိတယ်။ အသက်ကိုတောင် ဆွဲဆန့်ထားလို့ရတယ်။ ……. ဘုရားက ၁၀ လ အဲ့ဒီဟာမဝင်စားဘူးဆိုရင် ဘုရားက ၁၀ လစောပြီးပရိနိဗ္ဗာန်စံလို့ရတယ်။ အဲ့ဒီအာယုင်္သခါရဖလသမပတ်နဲ့ပြန်ထိန်းထားလို့ ၁၀ လ ဆက်နေလို့ရတာ။ အဲ့ဒါကို အာယုသင်္ခါရ ဖလသမာပတ်လို့ခေါ်တယ်။ ဒီပြင့် သမာပတ်နဲ့မတူဘူး သူက အသက်ကို ပိုပြီးတော့ ဆွဲဆန့်ထားတာ အဲ့ဒါတစ်ခု။
သာမန်အားဖြင့် လူတွေရဲ့စိတ်က ပူလောင်တဲ့ စိတ်တွေက ပူလောင်တဲ့ ရုပ်ကိုထုတ်ပေးတယ်။စိတ်ညစ်နေတဲ့ လူတစ်ယောက်က ရုပ်ပါ ညှိုးသွားတာနော်။ အဲ့တော့ ကျန်းမာရေးပါ ထိခိုက်သွားတာလေ စိတ်ကကျနေပြီဆို လူက ထိခိုက်သွားတာ အဲ့ဒါ သဘာဝပဲ။ အဲ့တော့ စိတ်က လန်းဆန်းနေတယ်ဆို ရုပ်က လန်းဆန်းတယ်။တချို့စိတ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေက တော်တော်များများ မသေဘူး။ သူ့စိတ်စွမ်းအား ကြီးမားတာ ကြီးမားတော့ သေမှာတောင် တော်တော်နဲ့ မသေဘူး ရုပ်ကတော့ ပျက်နေပေမယ့် သူက တော်တော်လေးထိန်းနိုင်တဲ့သဘောရှိတယ် စိတ်က ။ တချို့ပြောကြတယ်မလား။ သားသမီးမလာသေးလို့ အသက်မထွက်သေးဘူးလို့။ သူ့ရဲ့ မျှော်လင့်တဲ့ စိတ်က တားထားသလိုဖြစ်တာပေါ့။ မလာသေးဘူး လာတယ် ဆိုတာနဲ့ပဲ သူက လျှော့လိုက်တာ။စိတ်လျှော့လိုက်တယ်ဆိုတာ အဲ့ဒီသဘောပဲ။ စိတ်တင်းထားရင် တင်းထားတဲ့သဘောပဲ။ အဲ့ဒါအဘိဓမ္မာသဘောအရဆိုရင် စိတ်ကဖြစ်ဖြစ်ချင်း ရုပ်ကိုထုတ်တယ်။ အဲ့တော့ ပူလောင်တဲ့စိတ်သည် ပူလောင်တဲ့ ရုပ်ကို ထုတ်တယ်။ အေးချမ်းတဲ့ စိတ်က အေးချမ်းတဲ့ ရုပ်ကိုထုတ်တယ်။ အများအားဖြင့်တရားဘက်စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေက အမြဲတမ်းခေါင်းထဲမှာ တရားပဲ နှလုံးသွင်းတယ်။ စာပဲ နှလုံးသွင်းနေတယ်။စာဘက်ကို အာရုံစိုက်တာ များရင် ခုန ဆရာမကြီး ရောဂါသက်သာသွားတယ်ဆိုတာ ဖြစ်နိုင်တယ်။ ကုသိုလ်ကောင်းမှုတွေလည်း လုပ်နေတယ်။ စိတ်ကလည်း အဲ့ထဲမှာပဲ အာရုံစိုက်နေတယ်။ စာသင်ဖို့အာရုံစိုက်နေတဲ့ ကိုယ်သင်တဲ့ စာတွေကို တွေးနေတယ်ဆိုတဲ့ နောက်လည်း တူတူပဲ၊ စိတ်က ဒီဘက်မှာရှိတာ ဟိုဘက်မှာ မရှိဘူး။ ပူပန်တဲ့စိတ်မရှိဘူး၊ ကြောင့်ကြတဲ့စိတ်မရှိဘူးဆိုရင် ရုပ်က ကြည်လင်တယ် အဲ့ဒါ သဘာဝတရားပဲ။
ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတာ ဒီရုပ်အကြောင်းတရား ၄ မျိုး။ ကံကြောင့်ဖြစ်တာ မျက်စိ၊နား၊နှာ၊လျှာ၊ကာယ အဲ့ဒါတွေက ကံကြောင့်ဖြစ်တာတွေ။ နောက် စိတ်ကြောင့်ဖြစ်တာရှိတယ် စိတ်ကြောင့်ဖြစ်တာတော့ ပစ္စုပ္ပန်နဲ့ ဆိုင်တယ်။ ကံကြောင့်ဖြစ်တာကတော့ အတိတ်နဲ့ဆိုင်တယ်။ စိတ်ကြောင့်ဖြစ်တာက ပစ္စုပ္ပန်၊ ဥတုကြောင့်ဖြစ်တာလည်း ပစ္စုပ္ပန်နဲ့ ဆိုင်တယ်။ အာဟာရကြောင့်ဖြစ်တာလည်း ပစ္စုပ္ပန်နဲ့ပိုဆိုင်တယ် ၊ သူစားတဲ့ အစာအာဟာရကလည်း သူ့ရဲ့ရုပ်ခန္ဓာကို ပြောင်းလဲစေတတ်တယ်။ ဥတုကလည်း ရုပ်ခန္ဓာကို ပြောင်းလဲစေတတ်တယ်။ ခုဆို ပူတော့မယ် ပူတဲ့အခါမှာဆိုရင် ရုပ်တစ်မျိုးဖြစ်လာတယ်။ အေးတဲ့နေရာမှာဆိုရင် အေးတော့ ရုပ်ကတစ်မျိုုးဖြစ်လာတယ်။
ကံ၊စိတ် ဥတု၊အာဟာရ ဆိုတာ ရုပ်ရဲ့အကြောင်းတရား အဲ့တော့ ကံနဲ့ စိတ်က နာမ်တရား၊ ဥတုနဲ့ အာဟာရက ရုပ်တရား။ ရုပ်တရားက ရုပ်တရားကို ပြန်အကျိုးပြုတယ်။ နာမ်တရားကလဲ ရုပ်တရားကို အကျိုးပြုတယ်။ ရုပ်နဲ့နာမ် နှစ်ခုစလုံးက အမြဲတမ်း ဆက်စပ်နေတယ်။ ရုပ်မကောင်းရင်လည်း နာမ် ပျက်တာပဲဆိုတော့ ဒါမယ့် ဥပမာ သူ့ရဲ့ဦးနှောက်မေကောင်းတော့ဘူး ကောင်းကောင်း အလုပ်မလုပ်တော့ဘူး ဆိုရင် အသိဉာဏ်တွေတုံးသွားတယ်။ အယ်ဇိုင်းမားတို့ ဘာတို့ဖြစ်တယ်ဆိုတာ စိတ်နဲ့ တခါလေမဆိုင်ဘူး။ ရုပ်နဲ့ ဆိုင်တာ။ သူရဲ့ ရုပ်ပိုင်းက ဘာနဲ့သွားတူတုန်းဆို မျက်စိမှုန်သွားရင် သိပ်မမြင်တော့ဘူး။စာတွေဘာတွေကြည့်လို့ မြင်အားညံ့သွားပြီလေ။ အဲ့တော့ မျက်စိက ချုပ်ကိုင်ထားတဲ့သဘော၊ နားလည်း ကြားအားလျော့သွားပြီဆိုရင် အသံတော့ ချက်ချင်း ကြားနိုင်တာမရှိဘူး။ ချက်ချင်းမကြားသည့်အတွက်ကြောင့် ကြားသိစိတ်ကလည်း လျော့သွားတယ်။ မြင်သိစိတ်ကလည်း လျော့သွားတယ်။ ထို့အတူပဲ အနံ့ရတဲ့စိတ်၊ နေရာနဲ့အရပ်သိတဲ့စိတ်၊ ခန္ဓာကိုယ်က ဖြစ်တည်တဲ့စိတ် ဒါတွေလည်း လျော့သွားတယ်။ ရုပ်နဲ့ နာမ်က ပေါင်းစပ်ထားတယ်။
ဥပမာ မှန်ကြည့်တယ်ဆိုရင် မှန်ပြင်က မကြည်ဘူးဆိုရင် အဲ့ထဲမှာ ပေါ်တဲ့ပုံက မကြည်တော့ဘူး။ဝါးတားတားဖြစ်မယ်။ မှန်ပြင်ကြည်ပြီဆိုရင်တော့ ပီပီပြင်ပြင်ပေါ်မှာပဲ။အဲ့သဘောတွေပဲ၊
စိတ်က မကြည်ဘူးဆိုရင် အသိကလည်း မရွှင်တော့ဘူး။ စိတ်ကြည်နေဖို့ လိုတယ်နော်။ စိတ်မကြည်အောင် ဘာတွေကဖြစ်စေတုန်းဆိုတော့ လောဘ၊ဒေါသ၊မောဟ ဒီ ကိလေသာတွေ ကဖြစ်စေတာ။စိတ်ကို မှုန်ဝါးသွားစေတယ်။ စိတ်မှုန်ဝါးသွားသည့်အတွက် ရုပ်က မကြည်မလင်ဖြစ်လာတယ်။ အသိညဏ်တွေပါ ဝေဝါးသွားတယ်။ ဒါကြောင့် ရုပ်နဲ့နာမ်က အညမညသဘောတရားဆိုတာ တကယ် ရုပ်နဲ့နာမ်နဲ့ ဆက်စပ်နေတာဖြစ်တယ်၊ အပြန်အလှန် တည်မှီနေတာ။နာမ်ကောင်းပေမယ့် ရုပ်ပျက်သွားတာ တွေ ရှိတယ်လေ။ အဲ့တော့ ဒါပေမယ့် နာမ်နဲ့ရုပ်က နာမ်က ဖြစ်ချင်တယ် ရုပ်က မလိုက်တော့ဘူး။ ရုပ်ပျက်သွားတာလည်း ရှိတယ်။ရုပ်ကို မှီတဲ့ နှစ်ခုရှိတဲ့အတွက် ရုပ်ကို မှီပြီး ဖြစ်တဲ့ နာမ် ရှိတယ်။နာမ် ကို မှီပြီးတော့ ဖြစ်တဲ့ ရုပ်ရှိတယ်။ ရုပ်ကို မှီပြီးတော့ ဖြစ်တဲ့ နာမ်တရားတွေက ဘာတုန်းဆိုရင် မျက်စိကို မှီတယ်၊ နားကို မှီတယ်၊ နှာခေါင်းကို လျှာကို ကိုယ်ကာယကို မှီတယ်။ အဲ့တာတွေက မျက်စိ နား ကာယတွေက ကြည်နေမှ ပိုပြီးတော့ တောက်ပတာ။နှလုံးကို မှီဖြစ်တဲ့ စိတ်ကျတော့ ဒါတွေနဲ့ မပတ်သက်တော့ဘူး။နှလုံးသားရဲ့ဟာနဲ့ ပတ်သက်တယ်ပေါ့။ ရုပ်ကို မှီတဲ့ဟာရှိတယ်။ ဒီနာမ်က ရုပ်ကို မမှီပဲဖြစ်တဲ့နာမ် ရှိတယ်။
ဥပမာပြောရရင် လူတွေက စိတ်ကတော့ ကောင်းတယ် နာမ်ကတော့ရှိတယ်။ လူက လက်ခြေမမြှောက်နိုင်တော့ဘူး။ ပါရာလိုက်စ် (Paralyse) ဖြစ်တယ်ဆိုရင် ဒါ သူက ရုပ်နဲ့ဆိုင်သွားပြီ။ ရုပ်ဘက်က ပျက်စီးတာ စိတ်ဘက်ကတော့ မပျက်စီးဘူး။ အဲဒါကျတော့ ဘာသွားပြီးတော့ လူတွေအားလုံးက ထင်နေကြတာ
ငါ လုပ်ရင် ရတယ်လို့ နဂိုတုန်းက ထင်နေကြတာ လုပ်ချင်သော်လည်း မရတော့ဘူးဆိုရင် ခုနက ရုပ်ပိုင်းက ပျက်သွားပြီဆိုလို့ရှိရင် လုပ်ချင်တာတွေ လုပ်လို့ မရဘူး လက်လှုပ်ချင်တယ် လှုပ်မရဘူး ခြေလှုပ်ချင်တယ် လှုပ်မရဘူးဖြစ်သွားမယ် အဲ့ဒါ ရုပ်နဲ့နာမ်နဲ့ တွဲဖြစ်တဲ့သဘောပဲ ရုပ်ပိုင်းက ပျက်စီးသွားတဲ့သဘောပဲ။ သို့သော် အဲ့ဒီရုပ်သည် စိတ်၏ မှီရာရုပ်ဆိုရင်တော့ စိတ်ပါထိခိုက်မှာ။ သူက ခြေတို့ လက်တို့ဆိုတာ စိတ်ရဲ့မှီရာ ရုပ် မဟုတ်ဘူး။ သူ့အပိုင်းလိုက်ပေါ့နော်။
မျက်စိဆိုရင် စက္ခုဝိဉာဏ်စိတ်ရဲ့ မှီရာဖြစ်တယ် မျက်စိမှုန်သွားရင် အဲ့ဒီစိတ်က မျက်စိကန်းသွားရင် အဲ့ဒီစိတ်မဖြစ်တော့ဘူး။ အဲ့တော့ သူ့ဟာနဲ့သူရှိတယ်ပေါ့။ ဒါက လူတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်နဲ့နာမ်အကြောင်းကို မြတ်စွာဘုရားဟောတာ ဝိပသနာရှုတော့လည်း အဲ့တာကိုပဲရှုတာ။ အဲ့တာကို သိတာ ၊ဘယ်လိုသိအောင်လုပ်ရမလဲဆိုရင် သတ္တဝါဆိုတာ မရှိဘူး ရုပ်နဲနာမ် နှစ် ခုပဲရှိတယ်ဆိုတာကို သိအောင်လုပ်ရမှာ သတ္တဝါရှိနေသေးရင် ဝိပသနာဉာဏ် မဖြစ်နိုင်သေးဘူး။ ရုပ်နဲ့နာမ် နှစ်ခုတည်းပဲလို့မြင်မှ ဝိပသနာဉာဏ်ဖြစ်တာ ၊ ဒိဌိဝိသုဒ္ဓိဆိုတာ အဲ့တာ ခေါ်တယ်။ သတ္တဝါဆိုတာ ပျောက်သွားတယ်။
လူတွေက ပြောကြတယ် အားလုံးက ငါမြင်တယ် ငါ့မျက်စိနဲ့မြင်တာ ငါမြင်တာလို့ပြောမယ် ။တကယ်ကတော့ မျက်စိလည်းကောင်းတယ်၊ မျက်စိမှာ အဆင်းရောင် လာထင်တယ်။ မြင်သိစိတ်ဖြစ်တယ်။ဒါပဲရှိတာ အဲ့ထဲမယ် ငါမြင်တာလို့ ပြောစရာအကြောင်းမရှိဘူး။ ဒီ သုံး ခုဖယ်လိုက်ရင် ငါမြင်တယ်ဆိုတာ မရှိတော့ဘူး။ အဲ့တော့ ဒီထဲက ငါဆိုတာ ဘယ်သူ့ပြောတာတုန်းဆိုတော့ ဒီ သုံး ခုပဲ ပြောတာ ဒီ သုံး ခုပေါင်းစုံလို့ မြင်တယ်ဆိုတာ ဖြစ်တာ။
အဲ့လိုပဲ ငါဆိုတာ အတိအကျ ဘယ်သူတယောက်မှ မရှိဘူး။ သတ္တဝါလည်း သီးသန့် မရှိဘူး။ အဲ့ဒီလို မြင်ဖို့ လိုတယ်ပေါ့ ဝိပဿနာဉာဏ် က၊ အဲ့လိုမြင်မှ ရုပ် နာမ် သက်သက်ပဲဆိုတာ သိမှာ။
ကားမောင်းတာတောင်မှ ကြည့်လိုက်တယ်ဆိုရင် အော် Driver က မောင်းသွားတယ်လို့ ထင်မှာ။ Driver မောင်းတာမဟုတ်ဘူး။ Driver က သူက အခြေနေ တစ်ခုကို ဖန်တီးပေးလိုက်လို့ ဖန်တီးပေးလိုက်တော့ ကားရဲ့ အင်္ဂါရပ်တွေ က သူ့ဟာနဲ့သူ အလုပ်လုပ်သွားတာ။ Driver က Battery down သွားရင် မောင်းလို့မရဘူး။ အင်ဂျင်၊ Petrol ကုန်သွားရင် မောင်းမရဘူး၊ ဘီးပေါက်နေရင် မောင်းလို့မရဘူး၊ ဝါယာကြိုးလေးတစ်ချောင်းပြုတ် နေရင် မောင်းမရဘူး။ အဲ့တော့ သူလုပ်တာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်ပေါ့၊
အဲ့တော့ အားလုံးဟာ စုလုပ်တယ် အကြောင်းညီညွတ်နေမှ မောင်းလို့ရတာ ဒါပေမယ့် ကားက သူ မောင်းတာလို့ပဲ ထင်ကြတယ်။ဒါပေမယ့် သူလုပ်နိုင်တာက driving ဆိုတဲ့ function တစ်ခုပဲ လုပ်နိုင်တယ်။ ဓာတ်ဆီလို သူမလုပ်နိုင်ဘူး အင်ဂျင်လည်အောင် သူမလုပ်နိုင်ဘူး ။ အင်ဂျင်လည်အောင်က ခုန battery တို့ ဘာတို့လုပ်တာ ဘီးကိုလည်း လည်ပြီး လှိမ့်အောင် သူမလှိမ့်နိုင်ဘူး။ အဲ့တော့ သေချာစဉ်းစားကြည့်လိုက်ရင် ကားဆိုတာ အစိတ်အပိုင်းတွေ အားလုံး ညှိပြီးတော့ သွားအောင်လုပ်ထားတဲ့အရာ။
လူလည်း ထို့အတူပဲ။ ရုပ်နဲ့နာမ် ၂ ခုပေါင်းပြီးတော့ စကားပြောတယ်၊တွေးတယ်။ ဘာလုပ်တယ် ညာလုပ်တယ် အဲ့ဒါတွေက ။ အဲ့တော့ သတ္တဝါလို့ထင်သွားတာ လူတွေက။ အဲ့ဒီအထင်ကို ပျောက်အောင် လုပ်တာ ဝိပဿနာ ဆိုတာ ။ အဲ့ဒီအထင် မပျောက်ဘဲနဲ့ တရားရှုနေတယ်ဆိုရင် သမာဓိတော့ဖြစ်တယ်။ ဝိပဿနာကျ မဖြစ်ဘူးပေါ့။ မဟာစည်ဆရာတော်ကြီးက ငယ်ငယ်တုန်းက ဘုန်းကြီးကို ပြောဖူးတယ် ခုခေတ်တရားတွေကတဲ့ သမာဓိတော့ဖြစ်ကြပါတယ် အသိဉာဏ်မဖြစ်ဘူးတဲ့။ အဲ့လိုပြောသွားတယ် ဆရာတော်ကြီးက ………သမာဓိတော့ဖြစ်တယ် ဒါပေမယ့် ဘယ်နာနာရီ ထိုင်နိုင်တယ်တို့ဘာတို့ ၁ နာရီ ထိုင်နိုင်တယ်ဆိုတာ သမာဓိပဲလေ ဉာဏ်မဟုတ်သေးဘူး။ အသိဉာဏ်ကျတော့ ခုန ရုပ်နဲ့နာမ် ၂ ခုတည်းဆိုတာ သိဖို့လိုတယ်ပေါ့နော်။ အဲ့လိုသိသွားရင် ခုန သတ္တဝါဆိုတဲ့ အတွေ့ကရောက်သွားတယ်။ ရောက်သွားတော့မှ အမှန်မြင်တယ်လို့ခေါ်တာ။အဲ့လို သဘောရတာပဲ နော်။ ကဲကောင်းပါပြီ။
Transcript By Shane and Seesar