လှုပ်ရှားမှု ပုံရိပ်များ
စိတ်ဖြူစင်အောင်ထား အများကောင်းအောင်ကြိုးစား” Keep Your Mind Pure, Be Good To Others” အနုမောဒနာတရား
၂၂/၀၃/၂၀၂၃ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်မြို့နယ် အောင်ချမ်းသာရွာ ရှိ ဓမ္မသဟာယသာသနစင်တာ တွင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားချီးမြှင့်ပေးခဲ့သည့် “စိတ်ဖြူစင်အောင်ထား အများကောင်းအောင်ကြိုးစား” Keep Your Mind Pure, Be Good To Others” အနုမောဒနာတရားအား ဖေါ်ပြအပ်ပါသည်။ ဆရာတော်ဘုရားကြီးမှ နှစ်ပေါင်းလေးဆယ်ကျော် ကာလက မိမိကိုယ်ကို ဆုံးမတဲ့ အနေနဲ့ရေးသားထားတဲ့ စာပိုဒ်လေး နှစ်ပိုဒ် ကို သက်တော် (၈၃) နှစ်ပြည့်မွေးနေ့ လက်ဆောင်အဖြစ် နာကြားနိုင်ကြစေရန် ဟောကြားခဲ့သည်။
🔹🔹🔹🔹🔹🔹🔹🔹
နိုင်ငံတကာ ပြက္ခဒိန်အရ ဒီနေ့ ၂၀၂၃ ခု မတ်လ ၂၂ ရက် ဘုန်းကြီးတို့ မွေးဖွားစဉ်တုန်းက မြန်မာ ပြက္ခဒိန်အရ ၁၃၀၁ ခု တပေါင်းလပြည့်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနေ့က နိုင်ငံတကာ ပြက္ခဒိန်အရဆိုရင်တော့ ၁၉၄၀ ပြည့်နှစ် မတ်လ ၂၂ ရက်။
အဲ့တော့ Solar System နဲ့ Lunar System တို့ စနစ်ခြင်းမတူသည့်အတွက်ကြောင့် နိုင်ငံတကာမှာသုံးတဲ့ရက်စွဲ၊ မြန်မာနိုင်ငံမှာ သုံးတဲ့ရက်စွဲဟာ ထပ်တဲ့အခါရှိတယ် လွဲတဲ့အခါရှိတယ် ရှေ့ရောက်တဲ့အခါရှိတယ် နောက်ရောက် တဲ့အခါ ရှိတယ်။ အဲ့ဒီပြက္ခဒိန်နှစ်အရ ကုသိုလ်ပြုဖြစ်ဖို့အတွက် ဒီနေ့ကို အမှတ်အသား လုပ်ပြီးတော့ ကုသိုလ် လုပ်ကြရမှာပေါ့နော်။ မွေးနေ့အမှတ်တရဆိုပြီး လောကမှာရှိတဲ့လူတွေကတော့ အများအားဖြင့် မွေးနေ့ပါတီ ဆိုပြီးတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့စုံစည်းကြ အပြန်အလှန်ကျွေးမွေးကြ ရယ်မောကြနဲ့ပျော်ရွှင်မှုကို ရယူကြတယ်။ အဲ့တော့ မွေးနေ့နဲ့ပတ်သတ်လာရင် ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ် တွေကြတော့ မွေးနေ့ပွဲမှာ အထူး ကုသိုလ်ကောင်းမှုလုပ်ဖို့ စိတ်ဝင်စားကြတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လူ့ဘဝဆိုတဲ့ဘဝရလာတာဟာ ကုသိုလ်ကောင်းမှုကြောင့်ရလာတာဖြစ်တယ်။ ကုသိုလ်ကောင်းမှုဆိုတဲ့အကြောင်းကို ပြန်ပြီးအသိအမှတ်ပြုတဲ့ အနေနဲ့ ထပ်ပိုးပြီးတော့ ကုသိုလ်လုပ်တယ်ဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့ ကိုက်ညီတယ်လို့ပြောရမှာ ပေါ့နော်။
ယံ ကိဉ္စ အာရမ္မဏံ ကတွာ၊ ယံ ကိဉ္စ အာရမ္မဏံ ကတွာ ဆိုတာ ဘာကိုပဲအကြောင်းပြုပြု တစ်ခုခုကို အကြောင်းပြုပြီးတော့ လှူမှုတန်းမှုဆိုတဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတယ်။ အဲ့ဒါက အကျိုးအမြတ် တစ်ခုတော့ ရမှာပေါ့။ ကုသိုလ်လုပ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲရင်းပါတယ် ဘာဖြစ်လို့တုန်းဆိုတော့ တခြားလုပ်ငန်းတွေရဲ့လွှမ်းမိုးမှုကြောင့် ကုသိုလ်လုပ်ဖြစ်ဖို့ အခွင့်သာဖို့ဆိုတာ အင်မတန်မှ ခဲရင်းတယ်။ စိတ်ထဲမှာလည်းပဲ ကုသိုလ်လုပ်မယ်ဆိုတာ စိတ်ထဲဖြစ်ဖို့လည်း ခဲရင်းတယ်။ မြတ်စွာဘုရားကိုယ်တိုင်က အဲ့လိုခဲရင်းလို့ သလ္လေခ သုတ္တံမှာ ဘာဟောထားတုန်းဆို စိတ္တုပ္ပါဒမ္ပိ ဗဟူပကာရံ ဝဒါမိ ကုသလေသု ဓမ္မေသု အဲ့စကားလုံးလေးက မှတ်သားစရာ ကောင်းတယ် ။ကုသိုလ်ရေးနဲ့ ပတ်သတ်ပြီးတော့ ကုသိုလ်လုပ်ချင်တဲ့ စိတ်ကလေးဖြစ်ဖို့တောင် ဖြစ်တာတောင်မှပဲ ကျေးဇူးကြီးမားလှပြီ တကယ်လုပ်ဖြစ်တာတော့ မပြောနဲ့တော့။ ဘာဖြစ်လို့ဒီလိုဟောတာလဲဆိုတော့ ကုသိုလ်ဖြစ်ဖို့ဆိုတာ ခက်တယ်။ သတိရှိမှ အပ္ပမာဒဆိုတဲ့သတိရှိမှ ကုသိုလ်ဆိုတာ ဖြစ်တယ်။အပ္ပမာဒဆိုတာ ဘယ်လိုသတိတုန်းဆိုတော့ ကုသိုလ်လုပ်ဖြစ်စေတဲ့ သတိကို ဆိုလိုတယ်။
သာမန်အားဖြင့်ပြောမယ်ဆိုရင်တော့ လူတွေဟာ စားရမှာလည်း သတိရတယ် သွားရမှာလည်း သတိရတယ်။ အလုပ်လုပ်ရမှာလည်း သတိရတယ်။ အဲ့ဒီသတိတွေကို ပြောတာမဟုတ်ဘူး။ ကုသိုလ်လုပ်ဖို့ ကုသိုလ်လုပ်လိုတဲ့ ရတဲ့သတိကို အပ္ပမာဒ လို့ခေါ်တာ၊ ကျန်တဲ့သတိကိုပြောတာမဟုတ်ဘူး ဘာလို့တုန်းဆိုတော့ ဆယ်ခါ့တစ်ခါဆိုတာလို ကုသိုလ်လုပ်ဖြစ်ဖို့ဆိုတာ အင်မတန်ခဲ့ရင်းတယ် တခြားအလုပ်တွေက လွှမ်းမိုးပြီးတော့နေတာဖြစ်တယ်။ ကုသိုလ်လုပ်ဖို့ဆိုတဲ့အချိန် အင်မတန်မှ နည်းတယ်။စာပေကျမ်းဂန်တွေမှာ ကုသိုလ်ဖြစ်ဖို့ခဲရင်းတာနဲ့ပတ်သတ်ပြီး ဘယ်လောက်ထိပြောထားတုန်းဆိုတော့ ကုသိုလ်ဖြစ်တဲ့အချိန် လေးဟာတဲ့ သံသရာနဲ့ကာလနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်တဲ့ မိုးချုန်းပြီးတော့ လျှပ်စီးလျှပ်လိုက်တဲ့ အချိန်လေးမှာ အလင်းရောင်လေးထွက်လာတယ်။ အဲ့ဒီအလင်းရောင်လေးထွက်လာတဲ့ အချိန်လေးဟာ ဘယ်လောက်မှ မကြာဘူး အဲ့ဒီအလင်းရောင်လေးထွက်လာတဲ့ အချိန်လေးလောက်ပဲ ကုသိုလ်ဖြစ်တဲ့စိတ်ရှိတယ် အဲ့တော့ လျှပ်စီးလျှပ်လိုက်လို့ဖြစ်လာတဲ့ အလင်းရောင်က ဘယ်လောက်မှ မကြာဘူး။ မိနစ်ပိုင်းလေး စက္ကန့်အတွင်း မိနစ််အတွင်းလောက်လေးပဲကြာတာ ကုသိုလ်ဖြစ်ဖို့ဆိုတဲ့ အချိန်ဟာ အလွန်ခဲရင်းတယ်။ ဟုတ်မဟုတ် ကိုယ့်ဘဝနဲ့ကိုယ် ဆက်ဟပ်ပြီးတော့ ကြည့်လိုက်ရင် သိတယ်။ နေ့စဉ်နဲ့အမျှ အမှတ်ရနေတာတွေ ပြောနေကြတာတွေ လုပ်နေကြတာတွေဟာ ကုသိုလ်ဟုတ်ရဲ့လား မဟုတ်တာတွေက များတယ်။ ကုသိုလ်ဖြစ်ဖို့ဆိုတာ အခြားကိစ္စ ဝိစ္စ တွေပေါ်မှာသာ စိတ်ကစိုက်ပြီးတော့ ပြောဆိုလုပ်ကိုင်နေကြတာဖြစ်လို့ ကုသိုလ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ် အင်မတန်မှ တိုတောင်းတယ်။ ဘာနဲ့ပတ်သတ်ပြီးတော့ ဖွင့်ထားတာတုန်းဆိုတော့ မြတ်စွာဘုရားက အဘိဓမ္မာတရားဟောတဲ့အခါမှာ ယသ္မိံ သမယေ ကာမာဝစရံ စိတ္တံ ဥပ္ပဇ္ဇတိ အချိန်အခါ ကာလမှာ ကုသိုလ်စိတ်ဖြစ်တယ်ဆိုတာ အဲ့ဒီကုသိုလ်စိတ်ဖြစ်တယ် ဆိုတဲ့အချိန်ဟာ ဘယ်အခါတုန်း အပ္ပမာဒဆိုတဲ့ သတိတရားလေးပေါ်လာတဲ့အခါ အဲ့ဒီအခါက ဘယ်လောက်ရှည်ကြာတုန်း ဆိုတော့ လျှပ်စီးလျှပ်လိုက်တဲ့ အချိန်ပိုင်းလောက်ပဲရှိတယ်။ ဟုတ်တယ် ၂၄ နာရီမှာ ကုသိုလ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲရင်းတယ်လေ အဲ့ဒီအဖွင့်လေးမှာ အဘိဓမ္မာကျမ်းဂန်မှာ ဖွင့်ဆိုထားတာဖြစ်တယ်။ သံသရာနဲ့ အချိန်နဲ့ကြည့်လိုက်မယ်ဆိုရင်လည်း ဟုတ်တယ်။ ဟုတ်ပြီ ကုသိုလ်ဖြစ်ဖို့ ဒီလောက်တိုတောင်းတဲ့ အချိန်ပိုင်းလေးတွေမှာ ဘာကိုပဲအကြောင်းပြုပြု ကုသိုလ်ဖြစ်တာက မြတ်မှာပဲ။ မွေးနေ့ကို အကြောင်းပြုတဲ့ ကုသိုလ်ပဲဖြစ်စေ အခြားအရာကို အကြောင်းပြုပြီးဖြစ်တဲ့ ကုသိုလ်ပဲဖြစ်စေ ကုသိုလ်ဖြစ်ဖို့က အင်မတန်မှ တန်ဖိုးကြီးလှပါတယ်လို့စိတ်ထဲမှာသတ်မှတ်ပါ။ အဲ့တော့ လောကမှာ လူ့ဘဝမှာ မွေးဖွားလာပြီဆိုရင် ဘာတွေလုပ်သင့်သလဲ ဘုန်းကြီးတို့လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်က စပြီးတော့ ကိုယ့်ကိုဆုံးမတဲ့ အနေနဲ့ရေးထားတဲ့ စာလေး နှစ်ပိုဒ်၊ အဲ့တာလေးကို မွေးနေ့လက်ဆောင်အနေနဲ့နာကြားကြည့်ကြရအောင် ကြိုက်ရင်လည်း ရှု့ပေါ့ မကြိုက်ရင်လည်း ကိုယ့်ပါကို လုပ်ပေါ့နော်။
အဲ့ဒီစကားလုံးက ဘာတုန်းဆိုရင် “စိတ်ဖြူစင်အောင်ထား အများအတွက်ကောင်းအောင်ကြိုးစား” ဒီ နှစ်ခုက သူများအတွက်ရေးတာမဟုတ်ဘူး ကိုယ့်အတွက်ကိုယ်ရေးထားတာ ကိုယ့်ကို သတိပေးဖို့ “စိတ်ဖြူစင်အောင်ထား အများကောင်းအောင်ကြိုးစား” အင်္ဂလိပ်လိုကျတော့ “Keep your mind pure, be good to others” သင့်စိတ်ကို ဖြူစင်အောင်ထားပါ Keep your mind pure ၊ အဲ့တော့ စိတ်ကို ဖြူစင်အောင်ထားဆိုတာ ဘယ်လိုထားရမလဲ အညစ်အကြေးတွေ ရှိသလားဆိုတာ ရှိတယ် ဖြူစင်အောင်ဘယ်လိုထားရမလဲ စိတ်ဆိုတာ အခုဖြစ် ခုပျက်သွားတာ ဘယ်လိုလုပ်ပြီးတော့ ဖြူစင်အောင်လုပ်မလဲ စိတ်ဆိုတာ သိမ်းထားလို့ရတဲ့အရာမဟုတ်ဘူး အကြောင်းတိုက်ဆိုင်ရင် ပေါ်လာတယ် ပြီးရင် ပျက်သွားတယ် မရှိခင်ကလည်း စိတ်ကကြိုတင်ရှိနေတာမဟုတ်ဘူး မဖြစ်ခင်က ကြိုတင်ရှိနေတာ မဟုတ်ဘူး ဖြစ်ပြီးရင်လည်း အချိန်တိုလေးအတွင်းမှာ ပျက်စီးသွားတယ် စက္ကန့်ခဏဆိုတာ တိုတောင်းတာကို ဖြစ် တည် ပျက် ခဏလေးပဲ သို့သော် ဖြစ်စဉ်တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် စိတ်ဖြစ်စဉ်က ရှိတယ် အဲ့ဒါကို သန္တတိ ပစ္စုပ္ပန်လို့ခေါ်တယ် အာရုံတစ်ခုပေါ်မှာ စိတ်ကလေးဟာ ဖြစ်စဉ်လေးတစ်ခုအနေနဲ့သွားတယ် စိတ်တစ်ခုရဲ့ သက်တမ်းကတော့ အလွန်တိုတယ် “ဥပါဒ် ဌီ ဘင်ဆိုတဲ့ခဏငယ်သုံးခု” ဥပါဒ် ဌီ ဘင် ဆိုတဲ့ ခဏငယ်သုံးခုဟာ နားလည်အောင်ပြောရမယ်ဆိုရင် သုံးစက္ကန့် ဆိုတာက ဟိုအရှည်ပေးရုံပဲပေါ့ စိတ်က ဒီထက် လျင်မြန်တယ်လို့ပြောတာ သုံးစက္ကန့် ဘာလို့တုန်းဆိုတော့ လက်ဖြစ်တတွတ်ရဲ့အတွင်းမှာ စိတ်ပေါင်း ကဋေတသိန်း လောက်ဖြစ်နိုင်တယ်ဆိုတဲ့ အဆိုရှိတယ် အဲ့ဒါကြောင့်မို့ သုံးစက္ကန့်ဆိုတာ နားလည်အောင်ပြောတဲ့သဘောပေါ့နော် စိတ်ရဲ့လျင်မြန်မှုနှုန်းက အင်မတန်မှ ကြီးမားတယ် များပြားတယ် ထားလိုက်ပါတော့ သုံးစက္ကန့်ပဲထားကြည့် အဲ့ဒီအတွင်းမှာ ပျက်သွားတဲ့စိတ် သို့သော် စိတ်ဟာဖြစ်စဉ်တစ်ခု အနေနဲ့ကတော့ ရှိတယ် ဖြစ်စဉ်တစ်ခုအနေနဲ့ကတော့ တစ်နာရီလည်း ကြာရင်ကြာမယ် နာရီဝက် ကြာရင်လည်းကြာမယ် ဒီထက်ပိုပြီးတော့ ကြာရင်လည်း ကြာမယ် သို့သော် ပုထုဇဉ်တွေရဲ့စိတ်က်ဟာ အဲ့လောက်ကြီးဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းတယ် ဖြစ်စဉ်တစ်ခုဟာတော့ ကြာကောင်းကြာနိုင်တယ်ပေါ့
အဲ့ဒီကြာတဲ့ ဖြစ်စဉ်တစ်ခုဟာ ဖြူစင်တဲ့စိတ်ဖြစ်ရမယ် လောဘတွေ ဒေါသတွေ မောဟတွေ မာန်မာနတွေ ဝင်ရောက်ပြီးတော့ နှောင့်ယှက်တဲ့စိတ်မျိုးမဖြစ်ဘဲနဲ့ လောဘကင်းစင်တဲ့စိတ် ဒေါသကင်းစင်တဲ့စိတ် မောဟကင်းစင်တဲ့စိတ် မာန်မာနတွေ ဣဿာတွေ မစ္ဆရိယတွေ ကင်းစင်တဲ့စိတ်ဟာ ဒါဖြူစင်တဲ့စိတ်လို့ပြောလို့ရတယ် ဖြူစင်တဲ့စိတ်ဖြစ်ဖို့ရာအတွက် ကောင်းမြတ်တဲ့အာရုံတစ်ခုပေါ်မှာ သတိတို့ ပညာတို့ ဝီရိယတို့ သမာဓိတို့နဲ့ပံ့ပိုးထားတဲ့စိတ်ကလေးကတော့ ဖြစ်စဉ်မှာ ကောင်းတဲ့စိတ်ကလေးတွေဖြစ်တယ် ဥပမာ ထင်ရှားအောင်ပြောရမယ်ဆိုရင် သတ္တဝါတစ်ဦးဦးကိုဖြစ်စေ အများသတ္တဝါကိုဖြစ်စေ အားလုံးအဆင်ပြေပါစေ ချမ်းသာပါစေ ဘေးရန်ကင်းကြပါစေလို့ မေတ္တာပို့နေတယ် အဲ့ဒီ မေတ္တာအာရုံနဲ့စိတ်ကလေးနဲ့တွေ့နေတဲ့အချိန်ဟာ ဒါဖြူစင်တဲ့ စိတ်ပဲ နော် အဲ့ဒီစိတ်ကလေး ဖြူစင်နေတယ် မဟုတ် ကိုယ်လှူခဲ့တဲ့ ဒါနကောင်းမှုတွေကို အာရုံပြုပြီးတော့နေမယ် အဲ့ဒါ ဖြူစင်တဲ့စိတ်ပဲ ဘုရားကို အာရုံပြုပြီးတော့နေမယ် အဲ့ဒီအတွင်းမှာ ဖြစ်နေတဲ့စိတ်က ဖြူစင်တဲ့စိတ်ပဲ စာပေအပြစ်ကင်းတဲ့ ဗုဒ္ဓရဲ့အဆုံးအမစာပေတွေကို ဖတ်ပြီးတော့အသိဉာဏ်တွေဖြစ်နေမယ် ဖြူစင်တဲ့စိတ်ပဲ တရားနာပြီးတော့ တရားထဲမှာ အာရုံစိုက်နေမယ် ဖြူစင်တဲ့စိတ်ပဲ အဲ့ဒီနည်းနဲ့ ကိုယ့်စိတ်ကိုဖြူစင်အောင် Keep Your Mind Pure အဲ့ဒီအချိန်မှာ ဒေါသလည်းမဖြစ်ဘူး မောဟလည်းမဖြစ်ဘူး မြတ်စွာဘုရားက မဟာနာမဆိုတဲ့ သာကီဝင်မင်း မြတ်စွာဘုရားရဲ့နောင်တော် တော်တယ်ပေါ့နော် ဒါပေမယ်လို့ မြတ်စွာဘုရားနဲ့လပိုင်းလောက်ပဲကြီးတယ် သူက အသက်ကြီးတယ် အဲ့ဒီမဟာနာမဆိုတဲ့ သာကီဝင်မင်းက မြတ်စွာဘုရားကို လျှောက်တယ် တပည့်တော်တို့ နှစ်စဉ်ဘဝမှာ ဘယ်လိုနေရင်းကောင်းမလဲဆိုပြီး မြတ်စွာဘုရားကို နေပုံထိုင်နည်း နေပုံနေနည်းကို ဟောကြားတဲ့အခါမှာ နံပါတ် ၁ က ဘုရားကို အာရုံပြုနေမယ် နံပါတ် ၂ က တရားကို အာရုံပြုနေမယ် နံပါတ် ၃ က သံဃာကို အာရုံပြုနေမယ် ကိုယ်သိတာကို အာရုံပြုမယ် လှူခဲ့တဲ့ကုသိုလ်ကောင်းမှုဒါနတွေကို အာရုံပြုမယ် မေတ္တာဘာဝနာပွားနေမယ် ဆိုပါစို့ အဲ့ဒီအချိန်မှာ လောဘဆိုတဲ့တရားရဲ့ လွှမ်းမိုးမှုလည်း မခံရဘူး ဒေါသဆိုတဲ့တရားရဲ့ လွှမ်းမိုးမှု မခံရဘူး မောဟဆိုတဲ့ အဆိုတရားရဲ့လွှမ်းမိုးမှု မခံရဘူး အဲ့ဒီအချိန်တွေမှာ စိတ်တွေက ငြိမ်းချမ်းနေတာ ဖြောင့်ဖြောင့်မတ်မတ် ဘုရားအာရုံ၊တရားအာရုံ၊သံဃာအာရုံပေါ်မှာ ရောက်ရှိနေတယ် အဲဒီအချိန်တွေဟာ အကောင်းဆုံးအချိန်ပဲ အဲလိုသိရမယ်လို့ပြောတာ ဒါက Keep Your Mind Pure သင့်စိတ်တွေကို ဖြူစင်အောင်ထားဆိုတာ အဲ့ဒီလို အာရုံနဲ့ပဲ ထားရမှာ ဖြစ်တယ် အဲ့လိုထားနိုင်မှ ကိုယ့်စိတ်က ဖြူစင်မှာဖြစ်တယ် အဲ့ဒီလို မထားဘူးဆိုရင် အာရုံတွေနောက်လာတယ် အာရုံကတော့ နောက်တာမဟုတ်ဘူး အာရုံကို အကြောင်းပြုပြီး မဖြူစင်တဲ့စိတ်တွေက လွှမ်းမိုးပြီးရောက်လာတာ မကျေနပ်တဲ့ စိတ်ဖြစ်တယ် တွယ်တာတဲ့စိတ်ဖြစ်တယ် တပ်မက်တဲ့စိတ်တွေဖြစ်တယ် အမျိုးစုံဖြစ်လာတတ်တယ်။ အဲ့ဒီ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာတွေ ဝင်လာလို့ရှိရင် ဖြူစင်တဲ့စိတ်ဟာ ညစ်နွမ်းသွားတာပဲဖြစ်တယ် ဒါကြောင့်မို့ ဘဝတစ်ခုမှာ ဖြူစင်တဲ့စိတ်အပိုင်းအခြားလေး ဖြစ်စဉ်လေးတစ်ခုရအောင် နေ့စဉ်မှာ သတိထားပြီးတော့ ကြိုးစားအားထုတ်ရမယ်။ Keep Your Mind Pure ကိုယ့်စိတ်ကို ဖြူစင်အောင်ထားဆိုတာ အကျဉ်းချုပ်ထပ်ပြောရရင် ကိလေသာတွေနဲ့မတွဲစေနဲ့။
ကိုယ့်စိတ်တွေကို လောဘနဲ့မတွဲစေနဲ့ ဒေါသနဲ့မတွဲစေနဲ့ မောဟတွေ၊မာန်မာနတွေ၊ ဣဿာတွေ မစ္ဆရိယတွေနဲ့မတွဲမိစေနဲ့။ ဘာနဲ့တွဲရမတုန်းဆိုသတိနဲ့တွဲရမယ် ၊ပညာနဲ့တွဲရမယ်၊သမာဓိနဲ့တွဲရမယ်၊ သဒ္ဓါ နဲ့တွဲရမယ် ၊သီလနဲ့တွဲရမယ်၊ စာဂနဲ့တွဲရမယ်၊ပညာနဲ့တွဲရမယ် အဲ့ဒီလို ကောင်းတဲ့အာရုံတွေနဲ့တွဲဖက်ပြီး နေလို့ရှိရင် စိတ်ဟာ ဖြူစင်တဲ့စိတ်ဖြစ်သွားရော။ နောက်တစ်ခုက “be good to others” တခြားပုဂ္ဂိုလ်တွေ အပေါ်မှာ ကိုယ်က ကောင်းအောင်လုပ်ပါ လူတိုင်းကတော့ ကိုယ့်ပေါ်မှာကောင်းမယ်လို့ဘယ်တော့မှ မမျှော်လင့်နဲ့ မြတ်စွာဘုရားတောင် ဘုရားပေါ်မှာ လူတိုင်းကောင်းတာ မဟုတ်ဘူးလေ မြတ်စွာဘုရားရဲ့ အမျိုးတွေရှိတဲ့ထဲမယ် မြတ်စွာဘုရားကို ဆန့်ကျင်ဘက်လုပ်တာ ဘုရားရဲ့ လူ့ဘဝတုန်းက ယောက္ခမ သုပ္ပဗုဒ္ဓ မြတ်စွာဘုရားကို အမြဲတမ်းဆန့်ကျင်ဘက်လုပ်တယ် မကြည်ညိုဘူး။ သူ မကြည်ညိုခြင်းကလည်း အကြောင်းတော့ရှိတာပေါ့ သူ့စိတ်နဲ့သူ့ခံစားချက်။ နောက်ပြီးတော့ သုပ္ပဗုဒ္ဓရဲ့ သား ဒေဝဒတ် ဘုရားပေါ်မှာ အမြင်မကြည်ဘူး အမြဲတမ်း ဒုက္ခပေးတယ်။အဲ့တော့ မြတ်စွာဘုရားပေါ်မှာ မကောင်းတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ် အဲ့တော့ သူများက ကိုယ့်ပေါ်ကောင်းတာ မကောင်းတာ ကိုယ့်အလုပ်မဟုတ်ဘဲနဲ့ “be good to others” ကိုယ်ကတော့ သူများအပေါ်ကောင်းရမယ်လို့ပြောတာ ကိုယ်က သူများအပေါ် ကောင်းရမယ်။
ဘယ်လိုကောင်းမလဲ တဖက်သားနစ်နာအောင်မလုပ်ဘူး၊ တဖက်သားအကျိုးမဲ့သွားအောင်မလုပ်ဘူး၊ တဖက်သားအပေါ်မှာ မေတ္တာမပျက်နေမယ်၊တဖက်သားအပေါ်မှာ သည်းခံခြင်းတရားနဲ့နေမယ် ဒါဟာ “be good to others” ပဲ သူ့အတွက်ကို ကိုယ်က ကောင်းတဲ့ဘက်ကနေမယ်လို့ပြောတာ သူ့ကို အကျိုးပြုတယ် မကောင်းတဲ့ဘက်ကို မဖြစ်စေဘူး။ အဲ့လိုနေနိုင်ဖို့ ကိုယ့်ဘဝမှာ ဆုံးဖြတ်ချက်နှစ်ခုပေါ့ ကိုယ့်စိတ်လေးကို ဖြူစင်အောင်ထားခြင်း၊ သူများအပေါ်မှာ ကိုယ်ကကောင်းခြင်းဆိုတဲ့ အဲ့ဒီနှစ်ခုဟာ အင်မတန်မှ အရေးကြီးတယ်လို့ထင်တယ် နော်။ သူများအပေါ်ကောင်းဖို့ ဘာဖြစ်လို့တုန်းဆိုရင် လူ့လောကမှာ လူရယ်လို့ မွေးဖွားလာကြတယ် မွေးဖွားလာတဲ့အချိန်က ကိုယ်မွေးဖွားလာခြင်းကြောင့် ကိုယ့်ရဲ့ပတ်ဝန်းကျင်က တန်ဖိုးတက်သွားသလား တန်ဖိုးလို့ဆိုတာ မကောင်းတဲ့စိတ်တွေက လွတ်မြောက်ပြီး ကောင်းတဲ့စိတ်တွေ ရောက်လာဖို့၊ အမြင်မှားရတာတွေ အမြင်မှန်ရောက်လာဖို့၊ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ဘဝက ကိုယ်ကျင့်တရားကောင်းလာတယ် ကိုယ့်ကို အကြောင်းပြုပြီးတော့ အဲ့လိုကောင်းတဲ့ ပုဂ္ဂိုလ်တွေ တနည်း အားဖြင့် ကိုယ့်ကို အကြောင်းပြုပြီး ဘဝမှာ အဆင်မပြေတာတွေ အဆင်ပြေသွားတယ်၊ ကိုယ့်ကို အကြောင်းပြုပြီး အသိဉာဏ်မရှိတာတွေ အသိဉာဏ်ရှိလာတယ်၊ ကိုယ့်ကို အကြောင်းပြုပြီး စိတ်ကောင်းနှလုံးကောင်းတွေ ရလာတယ်ဆိုရင် ကိုယ်ဟာသူများအတွက် ကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်လာတယ်။
ဆိုလိုတာက ကိုယ်ကသူများအပေါ်မှာ ကောင်းကျိုးပဲလုပ်မယ် မကောင်းကျိုးမလုပ်ဘူး သစ်ပင်တစ်ပင်သည် သူ့အောက်ဝင်လာတဲ့ ပုဂ္ဂိုလ်ဟာ အနူအဝဲ ဘယ်သူပဲ ဖြစ်ဖြစ်၊ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲ ဖြစ်ဖြစ် သူ့ သစ်ပင်ကြီးက အရိပ်နဲ့အေးမြစေတယ်။ အဲ့ဒါလိုပဲကိုယ်နဲ့ပတ်သတ်လာလို့ရှိရင် စိတ်ချမ်းသာ သွားရမယ် ကောင်းကျိုးချမ်းသာတွေ ရဖို့ပဲဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးထားရမယ် အဲ့ဒါ “be good to others” ပဲ သူများအတွက် ကိုယ်က ကောင်းတယ် ကိုယ်က မကောင်းတာတစ်ခုမှ မလုပ်ဘူးဆိုရင် ဒါ မြတ်စွာဘုရားအလောင်းတွေရဲ့ စိတ်ဓာတ်ပဲဖြစ်တယ် သူများကောင်းအောင်ကျိုးစားမယ် အဲ့ဒီလို ကိုယ်မွေးဖွားလာခြင်းဟာ လောကကို အကျိုးပြုဖို့မွေးဖွားလာတယ်။ ဥပမာ လောကမှာ နေပေါ်လာတယ်ဆိုတာ လောကကြီးကို အလင်းရောင်ပေးဖို့ပဲ သူ့အတွက် မဟုတ်ဘူး။ လောကမှာ မြစ်ချောင်းအင်းအိုင်တွေဟာ သူ့သဘာဝအရဖြစ်လာတယ် သို့သော် လောကကို အကျိုးပြုဖို့ ဖြစ်လာတယ် သစ်ပင်တွေ၊တောတောင်တွေ လောကကို အကျိုးပြုဖို့ဖြစ်လာကြတယ်။ သူတို့က လောကလူသားတွေကို နှိပ်စက်ဖို့မဟုတ်ဘူး အဲ့တော့ လောကမှာ မြစ်တွေ ချောင်းတွေ အင်းအိုင်တွေ ပေါ်လာတဲ့အတွက်ကြောင့် လောက လူတွေဟာ အေးမြစေတယ် အညစ်အကြေးတွေကို ဆေးကြောသန့်စင်နိုင်တယ် သို့သော် တဖက်ကကြည့်လို့ရှိရင်မြစ်ရှိလို့ မြစ်ထဲမှာ ရေနစ်သေတဲ့သူမရှိဘူးလား ရှိတယ် သစ်ပင်ပေါ်က ကျပြီးတော့ သေတဲ့သူ မရှိဘူးလား ရှိတယ် ဒါဟာ သစ်ပင်အပြစ်လည်းမဟုတ်ဘူး မြစ်ရဲ့အပြစ်လည်း မဟုတ်ဘူး မဆင်မခြင်လုပ်တဲ့ ပုဂ္ဂိုလ်ရဲ့အပြစ်သာဖြစ်တယ် သစ်ပင်က တွန်းမချတာ မလုပ်ဘူး မြစ်ကလည်းရေထဲဆွဲနှစ်တာမလုပ်ဘူး မဆင်မခြင်လုပ်လို့ ခံရတာဖြစ်တယ် ထို့အတူပဲ လောကမှာ မြတ်စွာဘုရားပွင့်လာသည့်အတွက်ကြောင့် ကောင်းကျိုးချမ်းသာ ရသွားတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲ အဆင့်အနိမ့်ဆုံးဆိုရင် ကောင်းရာ သုဂတိဘုံရောက်တယ် အဲ့ဒီထက်အဆင့်မြင့်ရင် သောတာပန်ဖြစ်တယ်၊ သကဒါဂါမ်ဖြစ်တယ်၊အနာဂါမ်ဖြစ်တယ် နောက်ဆုံးကျတော့ ရဟန္တာထိအောင်ဖြစ်သွား ကြတယ် ဒါ ဘုရားကို အကြောင်းပြုပြီး သံသရာဝဋ်က လွတ်သွားကြတယ် ဒေဝဒတ်တို့လို့ ပုဂ္ဂိုလ်ကျတော့ ဘုရားနဲ့ပတ်သတ်ပြီး သူတို့ဟာ အဝီစိငရဲ ကျသွားကြတယ် အဲ့ဒါ ဘုရားအပြစ်လားဆိုတော့ ဘုရားရဲ့အပြစ်မဟုတ်ဘူး ကိုယ့်ရဲ့အပြစ်သာလျှင်ဖြစ်တယ် ဘုရားက အဝီစိငရဲကျအောင်လုပ်တာမဟုတ်ဘူး။
ဒါတောင်မှ စာပေထဲမှာ မှတ်တမ်းလေးတစ်ခုရှိတယ် ဒေဝဒတ် ငရဲရောက်တာဟာ ဂေါတမဗုဒ္ဓ ကျိန်ဆဲလို့ လို့ဆိုတယ် အဲ့ဒီခေတ်က ကောလဟာလဖြစ်သေးတယ်။ ဒေဝဒတ်ကြီး မြေမြိုသွားတာဟာ ဂေါတမ ဗုဒ္ဓရဲ့ ကျိန်ဆဲမှုကြောင့်ဆိုပြီး၊ ခုခေတ်ကလည်း ကျိန်တာတွေက ရှိတယ်လေ ကျိန်စာတိုက်တာတွေရှိတယ် အဲ့တော့ ဘုရားက ကျိန်လို့ ဒေဝဒတ်ဟာ မြေမြိုရတာပါလို့ဆိုတဲ့ ကောလဟာလကို မြတ်စွာဘုရားက ခြေဖျက်တယ် ဘာနဲ့ရှင်းပြတုန်းဆိုတော့ ဒေဝဒတ်မြေမြိုတာဟာ ကျိန်ဆဲလို့မဟုတ်ဘူး ဘုရားက ကျိန်ဆဲလို့မဟုတ်ဘူး သူ့ရဲ့ ယုတ်မာတဲ့စိတ်ဓာတ် ယုတ်မာတဲ့လုပ်ရက်နဲ့ မိတ်ကောင်းဆွေကောင်း ၊ယုတ်မာတဲ့မိတ်ဆွေ အဲ့ဒီအကြောင်းသုံးမျိုးကြောင့်သာလျှင် ဖြစ်တယ်ပေါ့။ အဲ့ဒါတွေကြောင့်သာဖြစ်တယ်ဆိုတဲ့ သုတ္တန်တစ်ခုရှိတယ် အဲ့တော့ ဆိုလိုတာက ပြင်ဘက်က အကြောင်းကြောင်းကြောင့်မဟုတ်ဘူး သူ့ရင်ထဲ နှလုံးထဲမှာဖြစ်တဲ့တရားက သူ့ကို မြေမြိုခံရစေတယ်လို့ ဆိုလိုတယ်ပေါ့ လောကကြီးမှာ ဘယ်လောက်ကောင်းကောင်း ကောင်းသတင်းကလည်း ဖြစ်ချင်မှဖြစ်တယ် မကောင်းသတင်းဆိုတာလည်း ဖြစ်တတ်သေးတယ်။ အဲ့တော့ ကောင်းမကောင်း ဘာပဲဖြစ်ဖြစ် လောကရဲ့သဘာဝမှာ အဓိကကတော့ ကိုယ်ကိုတိုင်ကောင်းနေဖို့ပဲ အရေးကြီးတယ်။ ကောင်းခြင်းမကောင်းခြင်းဆိုတာ ကိုယ့်ဟာကို အသိဆုံးပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေက တဆင့်မှ သိရတာဖြစ်တယ် မြတ်စွာဘုရားက ဟောတယ် အတ္တာ တေ ပုရိသ ဇာနာတိ သစ္စံ ဝါ ယဒိ ဝါ မုသာ ကောင်းခြင်းမကောင်းခြင်း မင်းအသိဆုံးပဲတဲ့ ကိုယ်လုပ်တာ မလုပ်တာကိုယ်ဟာ ကိုအသိဆုံးပဲ အဲ့ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် သိတာကတော့ အကောင်းဆုံးပဲ ပြင်ဘက်က လူကတော့ ချီးမွမ်းချင်ရင် ချီးမွမ်းမယ် ကဲ့ရဲ့ချင်ရင် ကဲ့ရဲ့မယ် ဒါတွေက အဓိက မဟုတ်ဘူး။
ဒါကြောင့်မို့ “be good to others” အားလုံးပေါ်မှာ ကောင်းခြင်း တနည်းအားဖြင့်ပြောလို့ရှိရင် ကိုယ်မွေးဖွားလာခြင်းကြောင့် ကိုယ့်ရဲ့မျိုးနွယ်တွေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်တွေ၊ ကိုယ့်ရဲ့အသိုင်းအဝိုင်း အနည်းဆုံးပေါ့ ဒီထက် ကျယ်ပြန့်ချင်လို့ရှိရင် ကိုယ်မွေးဖွားရာမြေ၊ ကိုယ်မွေးဖွားရာနိုင် ငံ၊ ကိုယ်မွေးဖွားရာ ကမ္ဘာ ကိုယ့်ကို အကြောင်းပြုပြီးတော့ ကြီးပွားတိုးတက်တာဖြစ်စေရမယ်။ ကိုယ့်ကို အကြောင်းပြုုပြီးတော့ ဒုက္ခရောက်တာမျိုးမဖြစ်စေရဘူး အဲ့ဒါကိုပြေတာ “be good to others” ဆိုတာ အားလုံးအတွက် လောကမှာ မြတ်စွာဘုရားနဲ့ပတ်သတ်ပြီးတော့ ဟောထားတယ် ဘုရားလောကမှာ ပွင့်လာတာဟာ ဗဟုဇနဟိတာယ အများကောင်းကျိုးချမ်းသာတွေအတွက်ဖြစ်တယ် အများကောင်းကျိုး အကြောင်းကောင်းဖို့အတွက်ဖြစ်တယ် ဗဟုဇနသုခါယ အများချမ်းသာဖို့အတွက် ဖြစ်တယ်။ ဘုရားပွင့်လာတာဟာ သူ့အတွက်မဟုတ်ဘဲနဲ့ အားလုံးကောင်းစားဖို့အတွက် ဖြစ်လာတာ လောကမှာ နေမင်းကြီးပေါ်လာတာဟာ အမှောင်ပျောက်ပြီးတော့ အလင်းရဖို့အတွက်ဖြစ်လာတာ အဲ့ဒီအလင်းကို အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ အကောင်းဆုံ းအကျိုးအမြတ်တွေ ရသွားတာပဲဖြစ်တယ် အသုံးချမှုပေါ်မှာသာလျှင် မူတည်တာဖြစ်တယ်။ဒါကြောင့်မို့ ကိုယ့်ရဲ့မွေးနေ့တိုင်းမွေးနေ့တိုင်းမှာ အမှတ်တရကိုယ့်ကိုကိုယ် သတိပေးဆုံးမပြီး ဘဝခရီးဖြတ်သန်းတဲ့အခါမှာ “Keep your mind pure, be good to others” ကိုယ့်ကိုကိုယ်ဆုံးမပြီးတော့ ကိုယ့်စိတ်ကို ဖြူစင်အောင်ထားရမယ်။ အများကောင်းစားဖို့အတွက် လုပ်ရမယ်ဆိုတဲ့ ခံယူချက်ကို အားလုံးကို ဒီကနေ့ မွေးနေ့လက်ဆောင်အနေနဲ့အမှတ်တရ ဟောကြားပြောဆိုတာ ဩဝါဒအနေနဲ့ပြောဆိုတာဖြစ်ပါတယ် အားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ။
Transcript by Shane, Seesar