လှုပ်ရှားမှု ပုံရိပ်များ
ကျောင်းတိုက်ခွဲတပည့်များသို့ မိန့်ကြားသော ပါမောက္ခချုပ်ဆရာတော်ကြီး၏ အဖိတ်နေ့ ညချမ်းကာလ ဩဝါဒအစီစဉ်
☸️ ကျောင်းတိုက်ခွဲတပည့်များသို့ မိန့်ကြားသော ပါမောက္ခချုပ်ဆရာတော်ကြီး၏ အဖိတ်နေ့ ညချမ်းကာလ ဩဝါဒအစီစဉ်
☸️ ခဏဆိုတဲ့ စကားလုံးက မြန်မာလို အခွင့်အရေး အခွင့်ကောင်းကို ခေါ်တယ်၊အခွင့်ကောင်းဆိုတာ ကိုယ့်ဘဝကို တိုးတက်အောင်လုပ်ဖို့ အခြေနေပေးတာကို ဆိုလိုတယ်ပေါ့။
ခဏသမ်ပတ်တိ ခဏသမ်ပဒါ-
အခွင့်အခါနဲ့ ပြည့်စုံခြင်း, အခွင့်ကောင်းနှင့် ပြည့်စုံခြင်း။
💠 ခုချိန်မှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် အခက်ခဲမျိုးစုံ ကြုံတွေ့နေတဲ့အချိန်ပဲ၊
သုဗောဓာရုံတိုက်ခွဲတွေမှာ နေထိုင်ကြတဲ့ သံဃာတွေအနေနဲ့ ကြည့်မယ်ဆိုရင် အခွင့်ကောင်းတွေ ရှိနေသေးတယ်လို့ ပြောရမှာဖြစ်တယ်။
အခွင့်ကောင်း ရှိနေတဲ့အချိန်မှာ ကိုယ်သင်ယူနေတဲ့စာပေတွေ တတ်မြောက်အောင် ဆုံးခန်းတိုင်အောင် ကြိုးကြိုးစားစား အားထုတ်ဖို့ လိုအပ်တယ်။
အခွင့်ကောင်းဆိုတာ အမြဲတမ်း ရှိနေတာ မဟုတ်ဘူး၊ တစ်ခါတစ်ရံမှသာ ပေါ်လာတာဖြစ်တယ်။
ပေါ်လာတဲ့အချိန်လေးမှာ ဇွဲလုံ့လဝီရိယတွေ အသုံးချနိုင်မှသာ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေ ရနိုင်မှာဖြစ်တယ်၊ အဲလိုမှမဟုတ်ဘူးဆိုရင် အခွင့်ကောင်းတွေက ဆုံးရှုံးသွားတတ်တယ်။
💠 မြတ်စွာဘုရား ဟောထားတဲ့ အက္ခဏသုတ္တံ မှာဆိုရင် “ခဏကိစ္စော လောကော၊ ခဏကိစ္စော လောကော”
လောကမှာ လုပ်ငန်းတစ်ခု လုပ်ဖို့ရာအတွက် အခွင့်ကောင်းရှိမှ လုပ်လို့ရတယ်လို့ ပြောကြတယ်။
အခွင့်ကောင်းဆိုတာ အပြင်ကလာတာ မဟုတ်ဘူး။
☸️ ခု သုဗောဓာရုံကျောင်းတိုက်တွေမှာ သီတင်းသုံးနေကြတဲ့ စာသင်သားသံဃာတွေ, စာချပုဂ္ဂိုလ်တွေ, ကြီးကြပ်အုပ်ချုပ်နေတဲ့ နာယက တိုက်အုပ် တိုက်ကြပ်တွေ သာသနာ့အလုပ်ကိုလုပ်ဖို့ အခွင့်ကောင်းတွေကြုံနေတယ်လို့ ပြောလို့ရတယ်။
💠 နောက်တစ်နည်းအားဖြင့် အားလုံး တစ်ညီထည်းရတဲ့ အခွင့်ကောင်းကတော့…
သာသနာ့တာဝန်တွေကို စာသင်ရင်း စာချရင်း လုပ်ကိုင်ခွင့်ရနေတာဟာ ဒါ အခွင့်ကောင်းပဲ။
နောက် တစ်ပါးစီကြည့်မယ်ဆိုရင် ကျန်းမာနေတဲ့အချိန်ဟာ အခွင့်ကောင်းပဲပေါ့။
ဒီထဲမှာ အခုလိုအခွင့်ကောင်းတွေ ကြုံနေတာ ဖြစ်ပေမယ်လို့ ကျန်းမာရေးချို့တဲ့သွားပြီဆိုရင် ပညာသင်ဖို့ရာအတွက် အခြေနေမပေးတော့ဘူး။
အခုချိန်မှာ ကျန်းမာရေးကောင်းတယ်၊ စားဝတ်နေရေးအတွက်လည်း အခွင့်ကောင်းတွေ ရှိတယ်၊ စာသင်ချင်တဲ့ပုဂ္ဂိုလ်တွေအတွက် စာပေပို့ချပေးမည့် ပုဂ္ဂိုလ်တွေလည်း ရှိတယ်။
ဒီလိုချိန်မှာ သင်ယူတဲ့ပုဂ္ဂိုလ်တွေက ကြိုးကြိုးစားစား သင်ယူကြဖို့ လိုတယ်ပေါ့၊ ကိုယ့်အတွက် အခွင့်ကောင်းတစ်ခုလို့ သတ်မှတ်ပြီးတော့ ကြိုးစားရမယ်။
💠 ဒါက ပရိယတ္တိစာပေဆိုင်ရာ ပထမငယ် ပထမလတ် ပထမကြီး အစိုးရစာချတန်း အဆင့်ဆင့်နဲ့…
သာမဏေတွေအတွက်တော့ သာမဏေကျော်တန်းအထိ အခွင့်လမ်းတွေ ရှိတယ်။
ဇွဲရှိတဲ့ပုဂ္ဂိုလ်တွေအတွက် အခွင့်လမ်းတွေ အပြည့်အဝ ရှိတယ်။
နောက် ရဟန်းတွေအနေနဲ့ကလည်း (၇)ဝါမပြည့်သေးတဲ့ ငယ်သေးတဲ့ပုဂ္ဂိုလ်တွေဟာ သကျသီဟ စာသင်တန်းနဲ့ စာချတန်းဆိုတဲ့ ဒီအဆင့်တွေကို ဝင်ရောက်ဖြေဆိုနိုင်ဖို့ ကိုယ့်မှာ အခွင့်လမ်းတွေ ရှိတယ်။
ခုလို အခွင့်လမ်းရှိနေတဲ့အချိန်လေးမှာ ကြိုးစားသင့်တယ်။
မကြိုးစားဘူးဆိုရင် ဒီအခွင့်ရေးတွေဟာ ကုန်ဆုံးသွားမှာပဲဖြစ်တယ်။ ဒီတိုင်းနေလည်း ကုန်ဆုံးသွားမှာပဲ။
အဲဒီလို မကုန်ဆုံးခင် ကိုယ့်ကိုယ်ကို တန်ဖိုးရှိရှိ လုပ်တတ်ဖို့ လုပ်ကြဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ပြောတာ။
☸️ နောက် အခွင့်ကောင်းတစ်ခုက ဘာလဲဆိုရင်…
ဓမ္မာစရိယ အောင်ပြီးလို့ရှိရင် လောကီဘွဲ့လို့ ခေါ်တဲ့ မဟာဝိဇ္ဇာဘွဲ့ နဲ့ Doctor of Philosophy ဆိုတဲ့ ပါရဂူဘွဲ့ ၊
ပိဋကတ်စာပေကို မိမိရဲ့ ကျွမ်းကျင်မှုကို ပြသပြီးတော့ ဒီဘွဲ့တွေယူဖို့ရာကလည်းပဲ ခုချိန်ဟာ အခွင့်လမ်း ကောင်းနေတယ်။
💠 စာချတန်း အောင်ပြီးလို့ရှိရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျမ်းပြုနိုင်ရင် မာစတာဘွဲ့ ရနိုင်တယ်၊ မာစတာဘွဲ့ ရပြီးရင် ဒေါက်တာဘွဲ့လည်း ဆက်လက်ကြိုးပမ်းလို့ ရနိုင်တယ်။
အဲဒီအခွင့်ရေးတွေက ရှေးတုန်းက နိုင်ငံခြားသွားမှ ရနိုင်တာဖြစ်တယ်၊ ပြည်တွင်းမှာ အဲဒီအခွင့်ရေးတွေ မရှိဘူး၊ သီရိလင်္ကာနိုင်ငံတို့ အိန္ဒိယနိုင်ငံတို့ အခြားနိုင်ငံတွေမှာ ဒီအခွင့်ရေး ရှိတယ်။
မြန်မာစာသင်သား ဓမ္မာစရိယ အောင်ပြီးသား ပုဂ္ဂိုလ်တွေဟာ အဲဒီအခွင့်ရေးတွေ ရဖို့ရာအတွက် နိုင်ငံခြားတိုင်းပြည်တွေမှာ သွားပြီးတော့ သင်ကြရတာဖြစ်တယ်။
ခုချိန်မှာ ကိုယ့်ဆီမှာ အခွင့်ရေးတစ်ခု ရောက်လာပြီဖြစ်တယ်။
ကိုယ်တတ်သိထားတဲ့ ပါဠိဘာသာ မြန်မာဘာသာနဲ့ပဲ ကျမ်းတစ်ကျမ်း ရေးတင်ပြီးတော့ မဟာဝိဇ္ဇာဘွဲ့နဲ့ ပါရဂူဘွဲ့လို့ခေါ်တဲ့ ဒေါက်တာဘွဲ့ကို ရယူဖို့ရာအတွက် အခွင့်လမ်းတွေ ရှိနေပြီဖြစ်တယ်။
ဒါ အခွင့်လမ်း အသစ်တစ်ခု ရနေတယ်လို့ ဆိုလိုတယ်နော်။
💠 တချို့တက္ကသိုလ်တွေကတော့ အင်္ဂလိပ်လို ရေးကြတယ်၊ တချို့တက္ကသိုလ်တွေကတော့ မြန်မာလို ရေးကြတယ်။
ကိုယ်ရေးနိုင်လို့ ကိုယ့်စွမ်းရည်တစ်ခု ရှိလာပြီဆိုရင် ဓမ္မာစရိယဘွဲ့အပြင် လောကီနဲ့ ပတ်သက်တဲ့ မာစတာဘွဲ့ ပါရဂူဘွဲ့တွေအတွက် ငွေကြေးဓန မကုန်ကျဘဲနဲ့ ပြုလုပ်လို့ရတဲ့ အနေထားမျိုး ရနေတယ်ပေါ့။
လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကဆိုရင် ဒီလိုဘွဲ့မျိုး ရဖို့ရာ အင်မတန်မှ ခဲယဉ်းတယ်၊ ဗမာပြည်မှာ မရှိဘူးဖြစ်နေတယ်ပေါ့။
💠 ကိုယ့်ရဲ့အခွင့်လမ်းကို ကိုယ်ကိုယ်တိုင် သိရှိပြီးတော့ ရှင်ဥပါလိ သတိပေးသလို…
▪️မာ ဝေါ ခဏံ ဝိရာဓေထ
သင်တို့တတွေ အခွင့်ကောင်းကြီးကို လွဲချော်မသွားစေနဲ့။
ဝိရာဓဆိုတာ လွဲချော်သွားတာ။
▪️ ခဏာတီတာ ဟိ သောစရေ
အခွင့်ကောင်းကို လွဲချော်သွားပြီဆိုရင် နောင်မှ နောင်တပူပန်တာမျိုး ဖြစ်တတ်တယ်တဲ့။
အနုသောစန ဆိုတာ မလုပ်မိတာ မှားလေခြင်းဆိုပြီးတော့ စိတ်ထဲမှာ ပြင်လို့မရတော့တဲ့ အမှားတစ်ခုလို ခံစားနေရတတ်တယ်။
တချို့က နောင်တစကား ပြောတတ်ကြတယ်ပေါ့၊ ငါငယ်ငယ်တုန်းကသာ လုပ်ခဲ့ရင် ဘာဖြစ်မယ်, ညာဖြစ်မယ်ပေါ့နော်၊ ငါမလုပ်ခဲ့လို့ မဖြစ်ဘူးပေါ့၊
အဲဒါက ပြန်ပြီးတော့ ပြောရုံမျှပဲ၊ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး၊ ပြန်ယူလို့လည်း မရဘူး ပြင်လို့လည်း မရတော့ဘူး၊
ဒါကြောင့်မို့ ခဏကောင်းကို လွဲချော် မသွားကြစေနဲ့ တဲ့။
▪️ သဒတ္ထေ ဝါယမေယျာထ
(သဒတ်ထဆိုတာ သ+အတ်ထ ၊ သကတ်ထ သက+အတ်ထ)
သဒတ္ထေ- ကိုယ့်ရဲ့အကျိုးစီးပွား အကျိုးရှိရာ ရှိကြောင်းကို
ဝါယမေယျာထ- ကြိုးပမ်းအားထုတ်ကြရာ၏။
အတော်ကောင်းတဲ့ သတိပေးချက်ပဲ၊ လူတွေဟာ ကိုယ့်အကျိုးအတွက် လုပ်နေကြတာဆိုတော့ ဒါတွေက အခွင့်ကောင်းရှိမှ ခဏကောင်းနဲ့ကြုံမှ အခွင့်ခါသင့်မှ လုပ်လို့ရတဲ့ကိစ္စတွေ။
💠 ဒါကြောင့်မို့
သဒတ္ထေ ဝါယမေယျာထ
မိမိရဲ့ အကျိုးစ်ိးပွားကိစ္စမှာ မပေါ့မဆ လုံ့လဝီရိယဖြင့် ကြိုးပမ်းအားထုတ်ရမယ်။
လုံ့လဝီရိယဆိုတာ သူတစ်ခုထည်းတော့ မဟုတ်ဘူး၊ သတိ ရှိရမယ် သမ္ပဇည ရှိရမယ်၊ ကြိုးစားမှုကတော့ အဓိကပေါ့။
▪️ ခဏော ဝေါ ပဋိပါဒိတော
ဝေါ- သင်တို့ရဲ့/သင်တို့မှာ/ သင်တို့အား၊
ခဏော- အခွင့်ကောင်း အခါကောင်းကြီးသည်၊
ပဋိပါဒိတော- ကိုယ့်ရှေ့မှာ ရောက်ရှိပြီးတော့နေပြီ။
အခါကောင်းကြီးနဲ့ တွေ့နေတဲ့အခုချိန်မှာ စာသင်ဖို့ရာလည်း အဆင်ပြေတယ်၊ စားဝတ်နေရေး ပစ္စည်းလေးပါးလည်း ပြည့်စုံတယ်၊ ကျန်းမာရေးလည်း ကောင်းတယ်၊ စာသင်ပေးမည့် ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ စာချမည့်ပုဂ္ဂိုလ်လည်း ရှိတယ်ဆိုတော့ ဘာလိုသေးတုန်း…?
သဒတ္ထေ ဝါယမေယျာထ – ကြိုးစားအားထုတ်ဖို့ပဲ လိုအပ်တယ်။
ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို အမြဲမပြတ် သတိချပ်ပြီးတော့ စာမေးပွဲအဆင့်တန်းအလိုက် တတ်သိနားလည်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ် ဆိုတာကို အစဉ်ထာဝရ သတိရှိပြီးတော့ အားလုံး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
သာဓု…. သာဓု…. သာဓု…..
နာယူမှတ်သား ရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ
ပြင်ဦးလွင်မြို့နယ်
9-7-2023