လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ကြီး က မဟာသုဗောဓာရုံကျောင်းတိုက်ကြီးနှင့် တိုက်ခွဲအသီးသီးရှိ တပည့်သံဃာ ၁၂၀၀-ရာကျော်တို့အား အဖိတ်နေ့ညချမ်းကာလတွင် ဆုံးမဩဝါဒများ မိန့်ကြား
အဖိတ်နေ့ည ဩဝါဒအစီအစဉ်
ပါမောက္ခချုပ် ဆရာတော်ကြီး က မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးနှင့် တိုက်ခွဲအသီးသီးရှိ တပည့်သံဃာ ၁၂၀၀-ရာကျော်တို့အား အဖိတ်နေ့ ညချမ်းကာလတွင် ဆုံးမဩဝါဒများ မိန့်ကြားတော်မူပါသည်။
꧁ ဩဝါဒ အပြည့်အစုံ ꧂
ဒီတစ်ပတ် အဖိတ်နေ့ ဩဝါဒအစီစဉ်မှာ ဩဝါဒဖြစ်ရုံတင် မဟုတ်ဘဲနဲ့ မှတ်သားစရာ ဗဟုဿုတလေးတွေပါ ရှိအောင်, တနည်းအားဖြင့် ကျမ်းတစ်ကျမ်း ပို့ချပေးတဲ့ ပုံစံမျိုးလည်းဖြစ်အောင် အချိန် အကန့်သတ်နဲ့ ပြောပြပေးမယ်။
ဒီနေ့ ရတနသုတ်အကြောင်းကို စတင်ပြီး ပြောပါမယ်၊
ပိဋကတ်တော်ထဲမှာ ခုဒ္ဒကပါဌပါဠိဆိုတာ ရှိတယ်၊ ခုဒ္ဒကနိကာယ်ထဲမှာ အပါဝင်ပေါ့၊ ခုဒ္ဒကလို့ဆိုတဲ့အဓိပ္ပါယ်ကို တော်တော်များများက သေးတယ်ဆိုတဲ့ အဓိပ္ပါယ် ယူကြတယ်၊ သေးတာကို ပြောတာမဟုတ်ဘဲနဲ့ အမျိုးစုံ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတာဖြစ်တယ်။
ခုဒ္ဒကနိကာယ်ထဲမှာ ခုဒ္ဒကပါဌဆိုပြီး ပေါင်းပြီးရိုက်ထားတဲ့ အဲဒီ ပါဠိတော်တစ်ခုမှာ သုတ်ပေါင်း(၉)သုတ် ရှိတယ်။
စီစဉ်ထားပုံက မြတ်စွာဘုရားလက်ထက်က သင်ကြားပို့ချပေးတဲ့ ပုံစံနဲ့ တူတယ်။
ပထမ- သရဏဂုမ် ၃-ပါးအကြောင်း
ဒုတိယ- ၁၀-ပါးသီလအကြောင်း
တတိယ- ဒွတ္တိံသာကာရ (၃၂-ကောဋ္ဌာသ)
စတုတ္ထ- ကုမာရပဉှာ (ကိုရင်ငယ်လေးတွေ တခြားစကားတွေ မပြောဘဲ တန်ဖိုးရှိတာတွေပြောဖို့ ဟောထားတဲ့ အမေး ၁၀-ခု အဖြေ ၁၀-ခု ထုတ်ပြထားတယ်)
ပဉ္စမ- မင်္ဂလသုတ်
ဆဋ္ဌမ- ရတနသုတ်
သတ္တမ- တိရောကုဋ္ဋသုတ်
အဋ္ဌမ- နိဓိကဏ္ဍသုတ်
နဝမ- မေတ္တသုတ်
အားလုံး အပိုင်း၉-ပိုင်းနဲ့ ဟောပြထားတာ။
အဲဒါကို အရှင်မဟာဗုဒ္ဓဃောသ က အဋ္ဌကထာရေးတဲ့အခါမှာ သီးသန့်ရေးတယ်၊ အဋ္ဌကထာရဲ့ အမည်ကတော့ “ပရမတ္ထဇောတိကာ” လို့ ခေါ်တယ်။
ခု ပရိတ်ရွတ်နေတဲ့ ရတနသုတ်မှာကတော့-
ပဏိဓာနတော ပဋ္ဌာယ က စထားတာ၊ ဒါက ဓမ္မပဒကနေ ယူထားတာဖြစ်တယ်၊ ကျန်တဲ့ အမွှန်းဂါထာတွေနဲ့ ရေးထားတယ်။
မြတ်စွာဘုရား စ ဟောတာကတော့-
ယာနီဓ ဘူတာနိ ဆိုတာက စ ဟောတယ်။
အဋ္ဌကထာထဲမှာ တခြားအယူအဆတစ်ခုဖြစ်တဲ့ အပရေဝါဒဆရာ ပြထားတဲ့ မှတ်သားစရာတစ်ခုက ရတနသုတ် တစ်သုတ်လုံးကို မြတ်စွာဘုရား ဟောတာမဟုတ်ဘူးတဲ့၊ မြတ်စွာဘုရားက ရတနသုတ်ထဲက အစ ၅-ပုဒ်ပဲ ဟောတယ်တဲ့၊ ဒါလည်း ဖြစ်နိုင်ချေ ရှိတယ်။
ဘာလို့လဲဆိုတော့ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်ဆိုတာကို အစဉ်တိုင်း ပြောမသွားဘဲ
ပထမဆုံး စတဲ့ဂါထာက ဘုရားဂုဏ်
ဒုတိယနဲ့ တတိယက တရားဂုဏ်
ပြီးတဲ့ခါမှ သံဃာ့ဂုဏ်။
သံဃာ့ဂုဏ်ပြီးတဲ့ခါ ဝနပ္ပဂုမ္ဗေ ဝရောဝရညူ ဂါထာတွေကျ ဘုရားဂုဏ် ပြန်ရောက်လာတယ်၊ ခီဏံ ပုရာဏံ ကျ သံဃာ့ဂုဏ် ပြန်ရောက်သွားတယ်။
မြတ်စွာဘုရား ဟောရင်တော့ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်ဆိုပြီး အစဉ်အတိုင်း ဟောလောက်စရာရှိတယ်။ ဒီအပရေဝါဒရဲ့ မှတ်ချက်လေးပါလာတာ ဒါလည်း မှတ်သားစရာ တစ်ခုပေါ့။
ဘာပဲဖြစ်ဖြစ် နေ့စဉ်နဲ့အမျှ ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့အခါမှာ အဓိပ္ပါယ်သိသိနဲ့ ရွတ်ဖတ်ဖို့ အရေးကြီးတယ်။
ရတနသုတ်ကို သုံးသပ်ကြည့်မယ်ဆိုရင်-
ရတနသုတ်ဟာ ခုဒ္ဒကပါဌ ပါဠိတော်ထဲမှာ ပါတယ်၊
တခြားသုတ်တွေနဲ့ ပေါင်းပြီးတော့ မြတ်စွာဘုရား ဟောထားတာဖြစ်တယ်၊
ဒီတော့ မြတ်စွာဘုရားဟောထားတဲ့ ဂါထာကနေ စ ပြောရအောင်-
ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု ၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
သမန္တာစက္ကဝါဠေသု ရွတ်သလိုပဲ ဒီနှစ်ဂါထာက အလွန်ကောင်းတယ်၊ ဆိုလိုတာက
ယာနိ ဣဓ ဘူတာနိ သမာဂတာနိ- ဤနေရာ ဤဌာနသို့ စုဝေးရောက်ရှိလာကြတဲ့ နတ်တွေ..
(ဘူတ ဆိုတာ ယေဘုယျအားဖြင့် နတ်တွေဆိုပြီး ချုံးဟောလိုက်တာ၊ ဘူတဆိုတဲ့ စကားလုံးက ခန္ဓာ၅-ပါးကိုလည်း ဟောတယ်၊ ဒီနေရာမှာတော့ နတ်ကို ဟောတယ်)
ဒီ ဘူတ ဆိုတာကို အာဋာနာဋိယသုတ်မှာ –
ပုရတ်ထိမသ်မိံ ဒိသာဘာဂေ ၊ သန်တိ ဘူတာ မဟိဒ်ဓိကာ။
တေပိ အမှေ နုရက္ခန္တု ၊ အရောဂေန သုခေန စ။ လို့ ဘူတ သုံးထားသေးတယ်။
ဗမာပြည်မှာ နတ်မင်းကြီး ၄-ပါးကို ရုပ်တုထုတာတွေက လွဲမှားနေကြတယ်။
ဗဟုဿုတအဖြစ် မှတ်ထားကြ။
အရှေ့အရပ်မှာ ဓတရဋ္ဌနတ်မင်း အုပ်စိုးတယ်၊
ဂန္ဓဗ္ဗနတ်ကို အစိုးရတယ်။ ဂန္ဓဗ္ဗတွေက ပဉ္စသီခတို့လို စောင်းတွေနဲ့ သီချင်းဆိုတဲ့ နတ်တွေပေါ့။
ဒီအာဋာနာဋိယသုတ်မှာ ဘူတ လို့ ပြင်ထားတယ်၊ ဘာလို့ပြင်လဲဆို ဂန္ဓဗ္ဗလို့ ရေးရင် စာလုံးရေ တစ်လုံးပိုသွားတယ်၊ ဂါထာဆန်း မကိုက်တော့ဘူး၊ ဒါကြောင့် ဘူတ လို့ သုံးတယ်။
ဒါကို စင်္ကာပူက တရုတ်ကလေးက ကြံကြံဖန်ဖန် လှမ်းမေးတယ်၊ “ဆရာတော် အဲဒါကို ဘာလို့ ဘူတ လို့ သုံးတာလဲ”တဲ့။
တောင်ဘက်အရပ်ကျ ဝိရူဠကနတ်မင်းက ကုမ္ဘဏ္ဍ ကို အစိုးရတယ်၊ ကုမ္ဘဏ္ဍဆိုတာ အရုပ်အဆိုးဆုံး၊ ကုမ္ဘဆိုတာ အိုးစရည်းကြီး၊ အဏ္ဍဆိုတာ လိင်ဥကို ပြောတာ။ သူတို့က အဲဒါတွေ ကြီးတယ်တဲ့၊ အရုပ်ကလည်း ဆိုးသတဲ့၊ မျက်လုံးကလည်း ပြူးတယ်၊ ဗိုက်ကလည်း ဖောင်းတယ်၊ အဲဒါကို ကုမ္ဘန် လို့ ခေါ်တာ၊ ဘီလူးတစ်မျိုးပဲ။
အနောက်အရပ်က ဝိရူပက္ခနတ်မင်းကြီးက နဂါးတွေကို အစိုးရတယ်။
မြောက်အရပ်က ဝေဿာဝဏခေါ်တဲ့ ကုဝေရနတ်မင်းကြီးက ဘီလူးတွေကို အစိုးရတယ်။
အဲဒီနတ်မင်းကြီးလေးပါးကို ရုပ်တုထုတဲ့အခါမှာ တချို့တွေထုတဲ့ခါ ဂဠုန်ပါနေတယ်၊ နတ်မင်းကြီးလေးပါထဲမှာ ဂဠုန်ကို အုပ်စိုးတာ မပါဘူးလို့ မှတ်ထားရမယ်။
ဗမာပြည်က ရုပ်တုထုကြတဲ့ခါ နဂါးတွေကို အစိုးရတဲ့နတ်ကို နဂါးကို ခေါင်းတပ်ထားပြီး ထုကြတယ်၊ အဲဒါ နဂါးမင်းပေါ့။
ဝိရူဠကကို ဂဠုနါတွေကို အစိုးရတယ်ထင်ပြီး ဂဠုန်ရုပ်နဲ့ ထုကြတယ်၊ အမှန်ကတော့ ကုမ္ဘဏ္ဍ ပဲ။
အဲဒီလို နတ်မင်းကြီးလေးပါရဲ့ ရုပ်တုကို ထုကြတဲ့အခါ မှားမှားယွင်းယွင်းတွေ ထုကြတယ်၊ ဒါကြောင့်မို့ ယက္ကန်းစင်တောင်မှာ တည်ထားတဲ့ မဟာဘဒ္ဒမုနိစေတီတော်ရင်ပြင်မှာ နတ်မင်းကြီးလေးပါးရဲ့ ပုံစံကို စာနဲ့အညီ ပြောင်းပြီး လုပ်ပြပေးထားတယ်။
သူတို့က အစိုးရတာ အုပ်ချုပ်တာဆိုတော့ သူတို့ခေါင်းပေါ်မှာ ပုံစံတင်ထားတာမျိုးမဟုတ်ဘဲဘူး။
အဲဒီမှာ
ပုရတ္ထိမသ္မိံ ဒိသာဘာဂေ ၊ သန္တိ ဂန္ဓဗ္ဗာ မဟိဒ္ဓိကာ လို့ မသုံးဘဲ ဘူတာ လို့ သုံးရတာ ဒီအဓိပ္ပါယ်ပဲ၊ နောက်ပိုင်းကျ ဒေဝါ လို့ သုံးတယ်။
ဘူတ ဒေဝ ဒီပါဠိတွေက အားလုံးကို ချုံငုံပြီးပြောတာလို့ ဒီလိုမှတ်သင့်တယ်။
ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိဝ အန္တလိက္ခေ။
ဘုမ္မာနိ
ဘုမ္မာနိဆိုတာ သူတို့ဗိမာန်တွေက မြေကြီးနဲ့ ဆက်စပ်ပြီး တည်ရှိနေတာ၊ ဥပမာ- တာဝတိံသာဆိုတဲ့ သိကြားမင်းနေတဲ့ မြင့်မိုရ်တောင်ထိပ်ဆိုတာ ဘုမ္မာ ပဲ၊ မြေကြီးနဲ့ ဆက်စပ်နေတယ်။
အာကာသဋ္ဌလည်း ရှိတယ်၊ ဘုမ္မဋ္ဌလည်း ရှိတယ်။
အန္တလိက္ခေ
အန္တ+လိက္ခေ လို့ မဖတ်ဘဲ အန္တလိတ်-ခေ လို့ ဖတ်တာ ပိုပြီးအဆင်ပြေတယ်၊ ဘာလို့လဲဆို ပုဒ်ခွဲတဲ့ခါ အန္တရ + ဣက္ခ ခွဲရမယ်၊ ကောင်းကင်ကိုဟောတဲ့ စကားလုံးတစ်ခု၊ ရကို လအဖြစ်ပြောင်းထားတာ၊ မဟာသာရော ကနေ မဟာသာလော ဖြစ်သလိုပေါ့။
ဆိုလိုတာက မြေကြီးနဲ့ဆက်စပ်တဲ့ ဘုံဗိမာန်မှာနေတဲ့ ဘုမ္မစိုးနတ်တွေပဲ ဖြစ်စေ..
ကောင်းကင်ယံမှာနေတဲ့ နတ်တွေပဲ ဖြစ်စေ..
စုဝေးရောက်ရှိလာတဲ့ နတ်တွေအားလုံးဟာ …
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန်တု
ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေ…
မေတ္တာပို့လိုက်တဲ့ သဘောပေါ့။
ဒီဂါထာမှာ ဘုမ္မာနိ ဝါ ယာနိဝ ဆိုတာ ဆန်းကြောင့် နောက်က ဝါ ကို ဝ လို့ ဖြစ်နေတာ။
ဘုမ္မာနိ ဝါ ယာနိ ဝါ-နတ်၂-မျိုးလို့ ဆိုလိုတယ်။
ဒီနေရာမှာ ဗဟုဿုတအဖြစ် မှတ်ထားဖို့ရာက
ဝါ သဒ္ဒါတွေ့ရင် ဘာ ဝါ လဲ?
ဝါ သဒ္ဒါ ၃-မျိုး ရှိတယ်၊ ဝါ တွေ့တိုင်း သတိထားဖို့။
အတ္ထတချို့ တစ်ဖို့ကိုသာ ယူတတ်ရာ သဒ္ဒါ ဝါ ဝိကပ်။
ဝိကပ္ပန ဝါ-ဆိုတာ ၂-ခုထဲက ၁-ခုတင် ယူရမှာ။
“သာရိပုတ္တော ဝါ မောဂ္ဂလာနော ဝါ ဓမ္မံ ဒေသေတိ”
နှစ်ပါးလုံး တရားဟောတာ မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာဖြစ်စေ ရှင်မောဂ္ဂလာန်ဖြစ်စေ တရားဟောတယ်လို့ ယူရမယ်။
၁-ခုပဲ ယူရမယ်၊ ဒါမျိုးကို ဝိကပ္ပန ဝါ လို့ ခေါ်တယ်။
ဥဿုံအနက် တပြိုင်နက်ထည်း ရအောင်းစည်း သမုစ္စည်း ဝါအနက်။
အခု ဒီဂါထာမှာ ပါတဲ့ ဝါ က မြေကြီးနဲ့ပတ်သက်တဲ့ ဘုံဗိမာန်က လာတာပဲဖြစ်စေ၊ ကောင်းကင်ယံ ဘုံဗိမာန်က လာတာပဲဖြစ်စေ ဆိုတော့ ၂-ခုလုံး ဆိုင်နေတာ၊ ဒါကြောင့် ဒီမှာပါတဲ့ ဝါ က ဝိကပ္ပန ဝါ မဟုတ်ဘူး။
သဗ်ဗဝေ ဘူတာ သုမနာ ဘဝန်တု
ဘုမ္မဋ္ဌနတ်တွေ အာကာသဋ္ဌနတ်တွေ အားလုံး စုဝေးရောက်လာကြပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေ…
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြပါစေဆိုတဲ့ အဓိပ္ပါယ်ပဲ။
ပြီးတဲ့ခါ ဆက်လက်တိုက်တွန်းတယ်-
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ
အထောပိ ဆိုတာ ဒါ့အပြင်၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတဲ့အပြင် …
ငါဟောမယ့်တရားကို တလေးတစား နာယူကြပါ… လို့ တိုက်တွန်းတာ။
မြတ်စွာဘုရားဟောထားတဲ့ အဓိပ္ပါယ်က အင်မတန်မှ ကောင်းတယ်။
ဒုတိယဂါထာကျတော့
တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ
ဒါကြောင့် နတ်တွေအားလုံးဟာ နားစိုက်ထောင်ကြပါ။
နိသာမေထ မှာ သမဓာတ်က ကြည့်ခြင်းအနက် နားထောင်ခြင်းအနက် ၂-နက်ရှိတယ်၊ ဒီနေရာမှာ နားထောင်ခြင်းအနက်ကို ယူရမယ်။
မေတ္တံ ကရောထ မာနုသိယာ ပဇာယ
လူသားသတတဝါတွေအပေါ်မှာ မေတ္တာထားကြပါ။
ဘာဖြစ်လို့ မေတတာထားခိုင်းရတာလဲ ဆိုရင်-
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ
လူတွေဟာ နတ်ဆွေကို မပြတ် ပူဇော်ကိုးကွယ်ပြီး နေကြတယ်။
မြတ်စွာဘုရားက နတ်တွေ ကိုးကွယ်ပူဇော်တာကို ရှုံ့ချတာ မဟုတ်ဘူး၊ နတ်ပူဇော်တာကို အစွန်းရောက်တဲ့သူတွေက အပြစ်ပြောတာ မသင့်ဘူးပေါ့၊ နတ်ကိုးကွယ်ခိုင်းတာ မဟုတ်ဘူး၊ ဒါပေမယ့် မပူဇော်ကောင်းဘူး လို့ ဘုန်းကြီးတွေက မဟောသင့်ဘူး၊ ကိုးကွယ်တာနဲ့ ပူဇော်တာ တခြားစီပဲလေ၊ ဒါကိုလည်း ကွဲကွဲပြားပြား သိဖို့လိုတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် အစွန်းရောက်တာ မကောင်းဘူး။
ဒို့ ဓမ္မသဟာယ မှာ တောင်မှပဲ ညောင်ပင်အောက် နတ်နန်းဆောက်ပေးထားတာကို ဘုန်းကြီးက နတ်ကိုးကွယ်တယ်လို့ ထင်နေကြတာ၊ ဒါက ကိုးကွယ်တာ မဟုတ်ဘူး၊ သူတို့ဘုံဗိမာန်ကို မဖျက်ရဘူး၊ နဂိုရှိထားတဲ့ သူတို့ဘုံဗိမာန်ကို ပြန်ပြင်ပြီး လုပ်ပေးထားတာပဲရှိတယ်။
ကိုးကွယ်တာနဲ့ စောင့်ရှောက်တာနဲ့က တခြားစီပဲလေ၊ အဲဒါတွေ မကွဲရင် အလွဲလွဲ အမှားမှားတွေ ဖြစ်တတ်တယ်။
မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒေဝတာဗလိ ဆိုတာကို ဟောထားတယ်၊ အပရိဟာနိယတရားတွေထဲမှာလည်း ဒီလိုပဲ ဟောထားတာ ရှိတယ်။
နတ်စကားနားထောင် နတ်ဆိုင်းတွေတီးပြီး ပူဇော်နေတာဆိုရင်တော့ မသင့်တော်ဘူးပေါ့၊ ဘယ်အရာဖြစ်ဖြစ် အစွန်းရောက်တာ မကောင်းဘူး။
အဲဒီလိုမဟုတ်ဘဲ
မေတ္တာပို့တာဟာလည်း ပူဇော်တယ်လို့ ခေါ်တာပဲ။
ကုသိုကောင်းမှုလုပ်ပြီး အမျှဝေတာဟာလည်း ပူဇော်တယ်လို့ ခေါ်တာပဲ။
ဒါကြောင့် လူတွေကလည်း ကုသိုလ်လုပ်ပြီး အမျှဝေကြတယ်၊ ဘုန်းကြီးတွေကလည်း တရားဟော ဘုရားရှိခိုးကြပြီး အမျှဝေကြတယ်၊ ဒါဟာ ပူဇော်တာပဲ။
ပူဇော်တယ်ဆိုတဲ့ အဓိပ္ပါယ်က –
ကိုယ့်အိမ် ဧည့်သည်လာလို့ ကော်ဖီလေးတစ်ခက် တိုက်တာကအစ ပူဇော်တယ်လို့ ခေါ်ရတယ်။
ပေးတာ ကမ်းတာ လှူတာဒါန်းတာအကုန်လုံး ပူဇော်တယ်လို့ ခေါ်ရတယ်။
မေတ္တံ ကရောထ မာနုသိယာ ပဇာယ
လူတွေအပေါ်မှာ မေတ္တာထားကြပါလို့ နတ်တွေကို တိုက်တွန်းတာ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ
ဗလိ ဆိုတဲ့ လှူဖွယ်ပူဇော်ဖွယ်တွေကို လူတွေဟာ နတ်တွေဆီ နေ့ရောညဉ့်ပါ ပို့ဆောင်နေကြတယ်။
ငယ်ငယ်ကတော့ အိမ်မှာ နတ်တင်တာတွေ တွေ့ဖူးတယ်၊ နတ်တင်ရင် ကိုယ်က စားရတာဆိုတော့ ပျော်တာပေါ့၊ မုန့်ပဲ တင်တာများပါတယ်။
အဲတော့ ဘာပဲဖြစ်ဖြစ် လူတွေဟာ နတ်တွေကို ပူဇော်တာဟာ အပြစ်မဟုတ်ဘူးလို့ မှတ်ရမယ်။
တသ်မာ ဟိ နေ ရက်ခထ အပ်ပမတ်တာ
အဲဒီလို လူနဲ့နတ်ဟာ တစ်ဦးနဲ့တစ်ဦး မေတတာထားပြီး လူတွေက နတ်တွေကို ပူဇော်ဖွယ်တွေ ပေးကြတယ်၊ ဒါကြောင့် အဲဒီလူတွေကို မမေ့မလျော့ စောင့်ရှောက်ကြပါ.. လို့ ဆိုလိုတယ်။
မြတ်စွာဘုရားက ဘေးရန်အနတရာယ်တွေ ကျနေတဲ့အချိန်မှာ ရတနသုတ်ကို ဒီ၂-ဂါထာနဲ့ စပြီးတော့ ဟောတာ။
အဓိက ကတော့ အန္တရာယ်ကင်းဖို့ ဆောင်ရွက်တဲ့ နေရာမှာ မေတ္တာတရားနဲ့ သစ္စာတရားဟာ အဓိကထား ဟောတာ၊ သို့သော် ဓဇဂ္ဂသုတ်တွေမှာတော့ ဗုဒ္ဓါနုဿတိ ဓမမာနုဿတိ သံဃာနုဿတိဆိုတာလည်း ပါတာပေါ့၊ အဓိကတရားဟာ မေတ္တာတရားနဲ့ သစ္စာတရားပဲ။
အခု ရတနသုတ်မှာ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်ကို ပြောပြီးတော့ သစ္စာဆိုတဲ့နည်းနဲ့ ဟောထားတာဖြစ်တယ်။
ကိုယ်ရွတ်တဲ့အခါမှာ အဓိပ္ပါယ်တွေ နားလည်ပြီးတော့ ကိုယ့်စိတ်ကလည်း ပရိတ်တရားထဲ နှစ်ပြီး ဖြည်းဖြည်းမှန်မှန်နဲ့ ပရိတ်တရားကို နှစ်နှစ်ခြိုက်ခြိုက် ရွတ်သင့်ပါတယ်။
အဲဒီလိုမဟုတ်ရင်တော့ ရွတ်လို့ပြီးသာ သွားတယ်၊ အဓိပ္ပါယ်လည်း မသိလိုက်ဘူးဆို မကောင်းဘူးပေါ့၊ ဘာကြောင့် ဒါရွတ်တယ်ဆိုတာကို အဓိပ္ပါယ်နားလည်ဖို့ လိုအပ်တယ်။
ဒါ့ကြောင့် ဒီအဓိပ္ပါယ်တွေကို ရှင်းရှင်းလေး နားလည်အောင်လုပ်ပြီး ပရိတ် ရွတ်တိုင်းရွတ်တိုင်း ခုလို နားလည်အောင် ဂရုစိုက်ပြီး ရွတ်သင့်တယ်ဆိုတာကို သဘောကျပြီး
အားလုံး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း…။
နာယူရေးသားမှတ်သားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ
ပြင်ဦးလွင်မြို့နယ်
1-10-2022
ဓာတ်ပုံမှတ်တမ်း
အရှင်ဝရဉာဏ (ဓမ္မသဟာယ)