လှုပ်ရှားမှု ပုံရိပ်များ
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ၂၄-နှစ်ပြည့်နှစ်ပတ်လည်နေ့
၉/၁၂/၂၀၂၂ ရက်နေ့ တွင် ကျင်းပခဲ့သည့်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ၂၄-နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ဩဝါဒါစရိယ ဂုဏ်ထူးဆောင်ပါမောက္ခ အဘိဓမ္မတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏အမှာစကား အားဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
ဒီကနေ့ဟာ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ ၂၄-နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်လို့ အမှတ်တရနေ့တစ်နေ့ပါ။ ဒီတက္ကသိုလ်မှာ နှစ်ပေါင်း (၂၀)ကျော် သင်ကြားရေး တာဝန်ကို ထမ်းဆောင်ခဲ့ ပါတယ်။ လက်ရှိတာဝန်ယူပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ သင်ကြားရေး ဆရာတော်တွေ၊ စီမံရေးရာပုဂ္ဂိုလ်တွေနဲ့ ကျောင်းသားကျောင်းသူတွေ မိမိတို့ဆောင်ရွက်မည့်ကိစ္စ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်းပါတယ်။
ဒီတက္ကသိုလ်ဟာ ဗုဒ္ဓဓမ္မကို အဓိကထားဖြန့်ဝေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ အမှန်တရားကို သိနိုင်တဲ့ဓမ္မပညာဟာ အရေးကြီးပါတယ်။ “ပရမသစ္စာ”ဆိုတဲ့ နိဗ္ဗာန်ကိုသိနိုင်တဲ့ “အရဟတ္တဖိုလ်ဉာဏ်” ဟာ ဗုဒ္ဓသာသနာရဲ့ ဦးတည်ချက်ဖြစ်တယ်။ ဓမ္မပညာ (Dhamma Knowledge) ဖြင့်သာ ဦးတည်ချက် သို့ ရောက်နိုင်တယ်။ ဒီတက္ကသိုလ်ရဲ့ အဓိကလုပ်ငန်းက ဓမ္မပညာကို ဖြန့်ဝေခြင်းပဲ။ ဒါ့ကြောင့် ဓမ္မပညာရရှိမှသာ လက်တွေ့ကျင့်သုံးနိုင်မှာဖြစ်တယ်။
တက္ကသိုလ်ရဲ့ သင်ကြားရေး၊ စီမံအုပ်ချုပ်ရေးနဲ့ ကျောင်းသား ကျောင်းသူတွေဟာ တာဝန်ရှိသူ တွေဖြစ်ကြလို့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းကြရမှာဖြစ်တယ်။ ဓမ္မပညာတိုးတက်ဖို့ တက္ကသိုလ် ရေရှည်တည်တံ့မှ ဖြစ်နိုင်တယ်။ ဗုဒ္ဓတရားတော်ဟာ “လုပ်သင့်တာကို လုပ်ဖို့၊ မလုပ်သင့်တာကို ရှောင်ဖို့” ဆိုတဲ့ အချက်နှစ်ချက်အပေါ်မှာ မူတည်ပါတယ်။ ဒီတက္ကသိုလ်တည်ရှိနေသရွေ့ ဓမ္မပညာလည်း တည်ရှိနေမယ်။ ဓမ္မပညာနဲ့အသက်ရှင်ဖို့၊ ဘဝမှာ ဓမ္မနဲ့နေဖို့ ဓမ္မပညာဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။
ဒီကနေ့ မဇ္ဈိမနိကာယ်မှ ကီဋာဂိရိသုတ်လာ ဗုဒ္ဓ၏အဆုံးအမစကားကို မျှဝေချင်ပါတယ်။ တက္ကသိုလ်ဆိုတာ သင်ကြားပေးခြင်းနှင့် သင်ယူခြင်းဖြစ်လို့ သင်ကြားပေးခြင်း သင်ယူခြင်းဖြင့်သာ ဓမ္မပညာကို ရနိုင်တယ်။ မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့တရားတော်တွေကို သင်ကြားပေးရမယ်၊ သင်ယူရမယ်။ သင်ယူခြင်းဟာ သိအောင်ပြုလုပ်ခြင်းပါပဲ၊ ပဌမ သင်ယူရမယ်၊ မှတ်သားရမယ်။ နှုတ်တက်ဆောင်ထားရမယ်၊ နှုတ်တက်ဆောင်ထားခြင်းသည် ဓမ္မပညာကို ထိန်းသိမ်းခြင်းဖြစ်တယ်။ ဗုဒ္ဓဓမ္မနှင့်စပ်၍ မသိတာကို မေးမြန်းရမယ်၊ အဲဒီလို မေး၊ ဖြေခြင်းဖြင့် ဓမ္မပညာ တိုးတက်စေနိုင်တယ်။
ရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရဗိုဇ်ဟာ ရှင်အဿဇိကို ဗုဒ္ဓဝါဒ ရှင်းပြဖို့ မေးမြန်းခဲ့တယ်။ “သာသနာတော်ထဲ ဝင်ခါစဖို့ ဗုဒ္ဓဝါဒကို အသေးစိတ် မရှင်းပြနိုင်သေးကြောင်း ရှင်အဿဇိက မိန့်တဲ့အခါ ဗုဒ္ဓဓမ္မ အနှစ်ချုပ်ကိုသာ သိရှိလိုကြောင်း လျှောက်တယ်၊ ရှင်အဿဇိမထေရ်က သစ္စာလေးပါး အနှစ်ချုပ်ကို ရှင်းပြခဲ့တယ်။ သစ္စာတရားဟာ ဗုဒ္ဓဝါဒရဲ့ အနှစ်ချုပ်ဖြစ်တယ်”။
မြတ်ဗုဒ္ဓက တစ်ဦးနဲ့တစ်ဦး ဆုံမိတဲ့အခါ ‘အခြားစကားကိုမပြောဘဲ ဓမ္မစကားကိုသာ ပြောဖို့၊ သို့မဟုတ်ပါက နှုတ်ဆိတ်နေဖို့’ မိန့်တော်မူပါတယ်။ ဒီကနေ့ တွေ့ဆုံကြတဲ့အခါ နှုတ်ဆိတ်မနေဘဲ ဗုဒ္ဓဓမ္မကို မျှဝေချင်ပါတယ်။
ကီဋာဂိရိသုတ်ကို အခြေခံပြီး သင်ကြားပေးခြင်းနှင့် သင်ယူခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြချင်ပါတယ်။ အဆင့်မြင့် ဓမ္မပညာဆိုတာ ချက်ခြင်းမရနိုင်ဘူး၊ စဉ်ဆက်မပြတ် သင်ယူခြင်း လိုက်နာကျင့်သုံးခြင်းဖြင့်သာ ရနိုင်တယ်။
(၁) ယုံကြည်မှုရှိရမယ်၊ အဲဒီယုံကြည်မှုနဲ့ အလုပ်လုပ်ရမယ်။ (၂) ဆရာထံ ဆည်းကပ်ရမယ်။ (၃) သင်ကြားပေးတဲ့အကြောင်းအရာများကို နားစိုက်ထောင်ရမယ်။ (၄) နှုတ်တက်အာဂုံဆောင်နိုင်ရမယ်။
(၅) အနက်အဓိပ္ပါယ်သဘောတရားများကို ဆင်ခြင်သုံးသပ်တတ်ရမယ်။ (၆) ရလိုစိတ်နဲ့ ကြိုးပမ်းအားထုတ်ရမယ်။
(၇) ကြိုးပမ်းအားထုတ်ရင်း ဓမ္မသဘာဝကို ဉာဏ်နဲ့ချင့်ချိန်နိုင်မယ်။
(၈) အသိဉာဏ်နဲ့ချင့်ချိန်ပြီး လမ်းကြောင်းမှန်ပေါ်ကို လျှောက်ရင်း အရဟတ္တ မဂ်ဉာဏ်နဲ့ . ပရမသစ္စာတရားကို ထိုးထွင်းသိမြင်နိုင်မှာ ဖြစ်တယ်။
ဒါ့ကြောင့် ကီဋာဂိရိသုတ်လာ ကျင့်စဉ်အတိုင်း စဉ်ဆက်မပြတ်သင်ယူလေ့လာခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ အဓိကရည်မှန်းချက်ဖြစ်တဲ့ အရဟတ္တဖိုလ် ဉာဏ်အထိ ရရှိအောင် လိုက်နာဆောင်ရွက်နိုင်ကြပါစေဟု အမှာစကား ပြောကြားအပ်ပါသည်။
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ