လှုပ်ရှားမှု ပုံရိပ်များ
၈/၁၀/၂၀၂၂ ရက်နေ့ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒအစီအစဉ်
၁၃၈၄-ခု သီတင်းကျွတ်လဆန်း(၁၄)ရက် (6:30 PM)
ဩဝါဒအပြည့်အစုံ
ဒီနေ့ည ဩဝါဒကိုတော့ တိုတိုပဲ ပြောကြရအောင်…
ဓမ္မပဒထဲမှာပါတဲ့ ဂါထာလေးတစ်ပုဒ်က အားလုံးလည်း ကြားဖူးပြီးသားဖြစ်တယ်။
အစဉ်သတိထားသင့်တဲ့ အကြောင်းအရာပေါ့။
သီလဒဿနသမ်ပန်နံ ၊ ဓမ်မဋ်ဌံ သစ်စဝဒေိနံ ။
အတ္တနော ကမ္မကုဗ္ဗာနံ ၊ တံ ဇနော ကုရုတေ ပိယံ ။
ဒီဂါထာလေးကို အမြဲတမ်း သတိထားပြီး လိုက်နာကျင့်သုံးသင့်တယ်။
သီလဒဿနသမ္ပန္န- သီလ က တစ်ခု၊ ဒဿနသမ္ပန္န က တစ်ခု ။
သာသနာဘောင် ဝင်လာပြီးနောက် ရှင်ရဟန်း ဖြစ်လာပြီဆိုရင် နံပါတ်တစ် အရေးကြီးဆုံးက ကိုယ်ကျင့်သီလ မပျက်ဖို့ပဲ။
နံပါတ်နှစ်က ဒဿနသမ္ပန္န၊
ရဟန်းသံဃာဆိုတာ မှန်ကန်တဲ့အမြင် ရှိဖို့လိုတယ်၊ ဒီကနေ့ခေတ်မှာ အမြင်မှားတဲ့အနေထားတွေလည်း မြင်တွေ့နေကြရတယ်၊ ဒါဟာ သတိထားစရာပဲ။
ကိုယ်ဟာ ဗုဒ္ဓရဲ့သားတော် တပည့်သာဝကဖြစ်တော့ မြတ်စွာဘုရားရဲ့ မှန်ကန်တဲ့အမြင်အတိုင်း မြင်တတ်ဖို့ လိုတယ်ပေါ့၊ တခြား မှားယွင်းတဲ့အယူတွေ မယူဖို့ လိုအပ်တယ်။
ဓမ္မဋ္ဌ- ဆိုတာ ဘယ်ကိစ္စပဲဖြစ်ဖြစ် တရားသဖြင့် လုပ်ကိုင်ဆောင်ရွက် ကြရမှာဖြစ်တယ်၊ တပည့်တွေအပေါ် ဆုံးဖြတ်တာပဲ ဖြစ်ဖြစ် ဆုံးမတာပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ဖြစ်ဖြစ် ဓမ္မဋ္ဌ- မှန်ကန်တဲ့ ဓမ္မအပေါ် ဝိနယအပေါ်မှာ ရပ်တည်ရမယ်။
သစ္စဝေဒီ- အမှန်ကို သိအောင် လုပ်ရမယ် မှန်တာကိုပဲ ပြောရမယ်။
အတ္တနော ကမ္မကုဗ္ဗ- ဒါကတော့ အရေး အကြီးဆုံးပဲ။
(ကုဗ္ဗ-က ကရဓာတ်က လာတာ၊ ကရဓာတ်ကို ကုပြုထားတာ)
အတ္တနော ကမ္မကုဗ္ဗာနံ- ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ အဲဒါဟာ အင်မတန်မှ အရေးအကြီးဆုံးပဲ။
တို့တတွေ လုပ်ရမယ့်အလုပ်ဆိုတာ ပရိယတ်နဲ့ ပဋိပတ်ပဲဆိုတာ အားလုံးလည်း သိပြီးဖြစ်တယ်၊ သို့သော် သိသိကြီးနဲ့ပဲ မဟုတ်တဲ့အလုပ်တွေကို လုပ်နေကြတာဖြစ်တယ်၊ အဲဒီလို မဖြစ်ရအောင် ကိုယ့်ကိုယ်ကို-
ငါလုပ်နေတာဟာ ငါ့အလုပ် ဟုတ်ရဲ့လား?
ငါလုပ်ရမယ့်အလုပ် ဟုတ်ရဲ့လားဆိုတာကို အမြဲတမ်း ကိုယ့်ကိုယ်ကို ဆင်ခြင်စဉ်းစားနေရမယ်။။
တံ ဇနော ကုရုတေ ပိယံ- ဒီအချက်တွေနဲ့ ပြည့်စုံမှ လူတွေရဲ့ ချစ်ခင်ကြည်ညိုလေးစားမှုကို ခံရမယ်၊ အဲလိုမှမဟုတ်ရင် အပြစ်တင်တာတွေ ရှုတ်ချတာတွေ ခံရမယ်ဆိုတာကို မှတ်သားလိုက်နာကြရမယ်။
အဲဒီတော့ နက်ဖြန်ခါ ပဝါရဏာပြုကြတော့မယ် ဆိုတော့ ခေါင်းဆောင်လုပ်ကြတဲ့ နာယက, တိုက်အုပ်, တိုက်ကြပ်, စာချတွေက စာများများ ဖတ်ထားဖို့ လိုတယ်။
ကိုယ်က လူကြီးဖြစ်လာပြီဆိုရင် ရဟန်းခံကိစ္စလည်း ခေါင်းဆောင်ရမယ်၊ ဥပုသ်ပဝါရဏာပြုတဲ့ အချိန်မှာလည်း ခေါင်းဆောင်ရမယ်၊ အမှားအယွင်း မရှိအောင် စာကြိုးစား ဖတ်ကြပါလို့ တိုက်တွန်းချင်တယ်၊ စာချတာကလည်း စာမေးပွဲအတွက်ဆိုတော့ ချနေကြရမယ်၊ အချိန်ထားပြီး စာဖတ်ဖို့တော့ လိုတယ်။
ခေါင်းဆောင်ဖြစ်လာပြီဆိုရင် သိမ်အကြောင်းတွေ သိထားဖို့ လိုတယ်၊ ပဝါရဏာအကြောင်းတွေ ဖတ်ထားရမယ်၊ ဥပုသ်အကြောင်းတွေ ဖတ်ထားရမယ်။
ကိုယ်လုပ်တဲ့ သံဃာ့ကံဟာ ဓမ္မဝိနယနဲ့အညီ ဖြစ်နေရမယ်၊ လူကြီးဖြစ်လာပြီဆိုရင် ဒါတွေ သိရှိနားလည်အောင် စာကြည့်ကြဖို့ လိုတယ်၊ အကြောင်းကိစ္စရှိမှ စာအုပ်ရှာဖတ်နေလို့ မရဘူး။
တချို့ ပဝါရဏာပြုတဲ့ ကိစ္စတွေ ရဟန်းခံတဲ့ကိစ္စတွေမှာ မှားမှားယွင်းယွင်း လုပ်နေကြတာတွေ ရှိကြတယ်၊ ဝိနည်းထဲမှာ မပါတဲ့ကိစ္စတွေ လုပ်နေတာတွေ ရှိနေကြတယ်၊ ဒီလိုကိစ္စတွေ ကိုယ့်အသိုင်းဝိုင်းထဲမှာ မဖြစ်ရအောင် ဂရုတစိုက် လုပ်ကြဖို့၊ စာများများဖတ်ကြဖို့ လိုတယ်။
ကိုယ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ သိရှိအောင် ကြိုးစားဖို့ ဆိုတာကို ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ အထူး ဩဝါဒအနေနဲ့ မှတ်သားနာယူကြစေလိုပါတယ်။
ဒါကြောင့် တပည့်သံဃာအပေါင်းအားလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေ ကိုယ်လုပ်ပြီး တစုံတရာ အပြစ်မရှိအောင် နေထိုင်ပြီး လိုက်နာ ကျင့်သုံးတော်မူနိုင်ကြပါစေကုန်သတည်း။
နာယူမှတ်သားရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာ ၊ ပြင်ဦးလွင်
8-10-2022
မှတ်တမ်းဓာတ်ပုံ
အရှင်ဝရဉာဏ
မှတ်တမ်းဓာတ်ပုံ
အရှင်ဝရဉာဏ (ဓမ္မသဟာယ)