လှုပ်ရှားမှု ပုံရိပ်များ
မြစကြာ ဆရာတော် သက်တော် ၇၅ ပြည့် မနောရထပူရဏီ စာအုပ်၌ ပါမောက္ခချုပ်ဆရာတော်ဘုရားရေးသားချီးမြှင့်ထားရှိသည့် ဩဝါဒ အဆုံးအမ
မြစကြာတိုက်တည် မြစကြာ ဆရာတော် သက်တော် ၇၅ ပြည့် မနောရထပူရဏီ စာအုပ်၌ ပါမောက္ခချုပ်ဆရာတော်ဘုရားရေးသားချီးမြှင့်ထားရှိသည့် ဩဝါဒ အဆုံးအမ ကို ဖေါ်ပြအပ်ပါသည်။
အလုပ်လုပ်ကြပါ
အရေးကြီးဆုံးကတော့ ကိုယ့်ကျောင်းတိုက်၊ ကိုယ့်ပရိသတ်လေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခြင်းဟာ သာသနာအတွက် လုပ်နေခြင်းပဲဖြစ်တယ်။ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ကောင်းအောင် လုပ်တာ ကိုယ်ကျိုးရှာတာမဟုတ်ဘူး။ အားလုံးကို ကောင်းအောင်လုပ်လို့မရသည့်အတွက်ကြောင့် ကိုယ့် အသိုင်းအဝိုင်းကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်နေခြင်းဟာ သာသနာအတွက် ဂုဏ်ယူစရာပါပဲ။ ဘုန်းကြီးကတော့ အဲဒီလို စိတ်ထဲမှာ ဝန်ခံတယ်။
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းဟာ တိုင်းပြည်အတွက် လုပ်ခြင်းပဲ။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ဗမာပြည်က ထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာတယ်ဆိုရင် ဗမာ တစ်မျိုးသားလုံး ဂုဏ်ယူရတာပဲလေ။ သံဃာတွေထဲကလည်းပဲ ဘယ်ကျောင်းကပဲဖြစ်ဖြစ် ထူးချွန်တဲ့ သံဃာတော် ပေါ်လာလို့ရှိရင်လည်း ဒါမြန်မာပြည်က၊ မြန်မာလူမျိုးဆိုပြီး ဂုဏ်ယူရတာပဲ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာတဲ့အခါ ဗမာတစ်နိုင်ငံလုံးပဲ ဂုဏ်ယူရ တာပဲ။ အဲဒီလို ဖြစ်ရမှာပဲ။
လုပ်တာကတော့ ကိုယ်ကောင်းအောင် လုပ်ကြတာပဲ။ ကိုယ်ကောင်းအောင် လုပ်ရင်းကနေပဲ တစ်နိုင်ငံလုံးအတွက် လုပ်ပြီးသားဖြစ်သွားတယ်။ မြတ်စွာဘုရားလည်း ပါရမီတွေဖြည့်ပြီး ဘုရားဖြစ် လာတယ်။ ဘုရားဖြစ်သည့်အတွက်ကြောင့် ဘုရားကိုအကြောင်းပြုပြီး အားလုံးက ဂုဏ်ယူကြရတာပဲ လေ။ အကျိုးတွေလည်း အများကြီးဖြစ်တာပဲ။ ဒါကြောင့်မို့ လောကကြီးမှာ ကိုယ်ပေါ်ထွန်းလာတာဟာ ဗဟုဇနဟိတဖြစ်ရဲ့လား။ အများအတွက် ဘယ်လောက်အကျိုးပြုနိုင်သတုံး။ အဲ့ဒါအဓိကပဲ။
ကျောင်းတိုက်တစ်တိုက်မှာ ဘွဲ့ထူးဂုဏ်ထူးတွေရပြီး စာတတ်ပုဂ္ဂိုလ် အကြီးကြီးတွေချည်း လိုအပ်တာမဟုတ်ဘူး။ ကလေးတွေကို စိတ်ရှည်လက်ရှည်နဲ့ အနီးကပ်သင်ပေးမယ့် ပုဂ္ဂိုလ်တွေလည်း လိုအပ်တယ်လို့ စံကင်းဆရာတော်ကြီး အမိန့်ရှိခဲ့ဖူးတယ်။ ဘုန်းကြီးတို့တုန်းကဆိုရင် စံကင်းဆရာ တော်ကြီးရဲ့ ကြီးကြပ်မှုရှိတယ်။ ငယ်ငယ်တုန်းက ဘယ်စာသင်တိုက်ကြီးတွေမှ မနေဖူးဘူး။ ဝိပဿနာ ချောင် တောထဲမှာပဲ နေခဲ့ရတယ်။ သုဗောဓာရုံနာယကဆရာတော်က အစ်ကိုကြီးလည်းဖြစ်တော့ လေးငါး ပါးလောက် သူ့ဆီ စာတက်ရတယ်။
သဒ္ဒါကုန်လို့ သင်္ဂြိုဟ်ချတော့ စံကင်းဆရာတော်ကြီးက ခေါ်ပြီးမိန့်တယ်။ “ခုမှ သဒ္ဒါက အခြေတည်ကာစ ရှိသေးတယ်။ သင်္ဂြိုဟ်မချနဲ့အုံး။ သဒ္ဒါပဲ ပြန်လုပ်ဦး”လို့ မိန့်တော်မူတယ်။ သဒ္ဒါကို နှစ်နှစ်လောက် လုပ်ခဲ့ရတယ်။ ရုပ်ဆိုတာလည်း အကြိမ်ကြိမ်အထပ်ထပ်၊ ဂိုဏ်းဆိုတာလည်း အကြိမ်ကြိမ် အထပ်ထပ်ပဲ။ အဲ့ဒီစာကျေတဲ့ ကျေးဇူးက တစ်သက်လုံး အကျိုးပြုတယ်လို့ ပြောရမှာပဲ။ သဒ္ဒါနဲ့ ပတ်သက်ရင် အခြေခံကျေသွားတဲ့အတွက် ရှေ့တိုးတာက ကိုယ့်ဘာသာကိုယ် တိုးသွားလို့ရတယ်။ သဒ္ဒါအခြေခံမရှိရင် ရှေ့တိုးလို့မရဘူး။ သဒ္ဒါကိုးခေါက် စာပြိုးပြောက်လို့ ရှေးက ပြောခဲ့ကြတယ် မဟုတ်လား။ အရေးကြီးဆုံး ကတော့ ပုဒ်၊ ပါဌ်၊ အက္ခရာမြင်လိုက်တာနဲ့ ဓာတ်+ပစ္စည်းကြံနိုင်တဲ့ အတိုင်းအတာ၊ လိင်ဂိုဏ်းကာရန် ခွဲတတ်တဲ့အတိုင်းအတာ ရှိဖို့လိုတယ်။ စာချတန်းကျတော့ အဲ့ဒါမှ အဆင်ပြေတယ်။
နယ်သားတွေ ဆက်ခံနိုင်တယ်ဆိုတာ အလွန်ရှားတယ်။ ဆွေမျိုး၊ နယ်သား စသည်ကို မကြည့် သင့်ဘူး။ အရည်အချင်းပဲ ကြည့်သင့်တယ်။ ဘုန်းဘုန်းတို့ကြည့်ပါလား။ ငါ့တူ၊ ငါ့မြေးဆိုတာ မရှိဘူး။ သာသနာမှာ ဆွေမျိုးမရှိဘူး။ အရည်အချင်းသည်ပင် ဆွေမျိုးပဲ။ ထိုက်တဲ့သူပဲ ဆက်ခံရမယ်။ ကိုယ့်တူတို့ ကိုယ့်အမျိုးတို့ ကျောင်းပေးချင်တာနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ကြရတာပဲ။ ကျောင်းတိုက်တွေ ကျဆင်း သွားကြရတာပဲ။ အရည်အချင်းကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပဲ ကြိုတင်ပြီး ရွေးချယ်ထားသင့်တယ်။ အလုပ် လုပ်နေကြဖို့ပဲ။ အလုပ်လုပ်တဲ့သူက ထင်ရှားတာပဲ။ ဘုန်းဘုန်းတို့ဆရာတော်ကြီးရှိတုန်းက ပိုးစုန်းကြူး တွေတောင်မှ ချောင်ပိတ်အိပ်နေရင် အလင်းရောင်မထွက်ဘူး။ တောင်ပံလေးဖြန့်ပြီး ဟိုပျံဒီပျံ ပျံမှ အလင်းရောင်ထွက်တယ်။ အဲ့ဒါ အလုပ်လုပ်ဖို့ပြောတာ။
ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
ပါချုပ်ဆရာတော်
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာ၊ ပြင်ဦးလွင်။
၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၆) ရက်၊
(၂၆-၃-၂၀၂၃) စနေနေ့
Credit Ko Mg Myo Swe
Transcribed Zin Htet