လှုပ်ရှားမှု ပုံရိပ်များ
“စံကျောင်းအဝင် တစ်ထစ်ချင်းနင်း၍တက်ရသော လှေကားထစ်လေးများကိုရေတွက်ကာ..လှမ်းတက်ရင်းဖြင့်..”
ပညာဘူမိတက္ကသိုလ်၏ ရည်ရွယ်ချက် (၃)ရပ်ထဲမှ ပိဋကတ်သုံးပုံ စာပေကျမ်းဂန်တို့နှင့်ပတ်သက်၍ ” အဟောင်းစု အသစ်ပြု”ဟူသောရည်ရွယ်ချက်အတိုင်း ရှေးဟောင်းကျမ်းစာတွေ ပြန်လည်ဖော်ထုတ်ရန် ပါမောက္ခချုပ် ဆရာတော်ကြီး၏ဆန္ဒကို ပါဝင်အားဖြည့်ကူညီကြရန် စာချ ဆရာတော်များမှ ပါဝင်ကြိုးပမ်းဆောင်ရွက်လျှက်ရာ
ဆရာတော်ကြီး ကိုယ်တိုင်ရေးသား ပြုစုထားရှိသည့် “အဘိဓမ္မသင်္ခေပပကရဏာနိ ” ကျမ်းစာအုပ်၊ ဘုန်းဘုန်းလှူဒါန်းစေလိုသော ပညာဘူမိတက္ကသိုလ်၏ပွဲဦးထွက် “အဘိဓမ္မသင်္ခေပပကရဏာနိ ” ကျမ်းစာအုပ် (၃)အုပ်ကိုလည်း ဆရာတော်ကြီးများနှင့်အတူ ပေးအပ် ရင်း
ဆရာတော် သံဃာတော်ကြီးများ ၏ ကျမ်းဟောင်းပေဟောင်း များရှာဖွေစုစောင်းကြရသည့် လှုပ်ရှားမှုများကို ဓမ္မသဘင်အဖွဲ့ ကိုရဲလွင်စိုး ရေးသားထားသည့် “စံကျောင်းအဝင် တစ်ထစ်ချင်းနင်း၍တက်ရသော လှေကားထစ်လေးများ” စာအားဖေါ်ပြအပ်ပါသည်။
ယနေ့ဖြစ်သည် ပညာဘူမိတက္ကသိုလ် အတွက် ဘုန်းဘုန်း အားထားရသော ကျမ်းပြုဆရာတော်ကြီးများက မိန့်ခေါ်ထား၍ သွားခဲ့ရသည်။ စာဟောင်း ၊ ပေမွန်များ ရှာဖွေရာခရီး ဖြစ်တော့သည် ။ နိူင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)ရှိ ပါမောက္ခ ၊ မော်ကွန်းထိန်း ၊ စသည့်ဆရာတော်ကြီးများနှင့် ကျမ်းပြုဆရာတော်များ ၊ စာကြောင်း ၊ ပေကြောင်း ၊ ဆွေးနွေးနေကြသည်ကို မိမိဖူးမျှော်ခွင့်ရခဲ့ပါသည် ။ ဘုန်းဘုန်း လှူဒါန်းစေလိုသော ပညာဘူမိတက္ကသိုလ်၏ ပွဲဦးထွက် “အဘိဓမ္မသင်္ခေပပကရဏာနိ ” ကျမ်းစာအုပ် (၃)အုပ်ကိုလည်း ဆရာတော်ကြီးများနှင့်အတူ ပေးအပ်သာဓု ခေါ်ခဲ့ကြ၏ ။ စာအုပ်များကို ဖတ်ရှုကြည့်ကြရင်း ဤကဲ့သို့ ကျမ်းဟောင်းများ ဆက်လက် စုဆောင်း ဖော်ထုတ်ကြရန် အားမွေးစကားများ အပြန်အလှန် ပြောဆိုနေ ကြလေသည် ။ ဆရာတော်ကြီးများ၏ စာပေစကားဝိုင်းကား အချိန်နာရီကြည့်ဖို့ပင် မေ့လျော့စေပါတော့သည်။ အနီးဝန်းကျင် ကျောင်းတိုက်ကြီးများမှ ဘုရားဝတ်တက်တုံးခေါက်သံ ၊ ထိုးစည်တီးသံများ ကြားနေရချေပြီ..။ မန်းရွှေမြို့၏ ကျက်သရေ ဓမ္မဂီတ ၊ သံစဉ်မြတို့ပါပေ၏ ။ ဤသို့နှင့် တက္ကသိုလ်ဆရာတော်ကြီးများအား နှုတ်ဆက်စကား ဆိုကာ မန်းတောင်ခြေမှသည် အနောက်ဖက်ကမ်းက စစ်ကိုင်းတောင်ရိုးဆီသို့ ပြန်ခဲ့ကြသည် ။ လမ်းတွင် မဟာမင်းထင်ဆရာတော်မှ စကားစလေတော့၏ ။ “ဒကာရဲ … ကျုပ်တို့ ခုလိုကျမ်းဟောင်း ပေဟောင်းတွေ ရှာဖွေရတာ ဘယ်လောက်ခက်တယ်ဆိုတာ ခင်ဗျားသိပြီမလား..?..ဒါတွေကို ကျုပ်တို့ တွန့်ဆုတ်နေလို့ မဖြစ်ဘူး ။ ကျုပ်တို့ခု အခက်တွေ တွေ့သလောက် နောင်အနာဂါတ်သာသနာ လူငယ်တွေအလှည့်ကျ လွယ်သွားပြီပေါ့ဗျာ….ဟုတ်ကဲ့လား…?…ဒကာရဲ ” ဟုမိန့်လေသည် ။ ဆရာတော်၏ မိန်မြွက်စကားမှာ အဓိပ္ပါယ် ကျယ်ပြန့်၏ ။ မိမိအားအတွေး များစွာကိုပေးခဲ့ပါပြီ…။ (….စံကျောင်းအဝင် တစ်ထစ်ချင်းနင်း၍ တက်ရသော လှေကားထစ်လေးများကို…ရေတွက်ကာ လှမ်းတက်ရင်းဖြင့်ပေါ့…….)
သာသနာတော်ကြီးကို လည်းကောင်း…..လောကကြီးကို လည်းကောင်း…နတ်မြတ် ၊နတ်ကောင်းတို့ အမြဲတမ်း စောင့်ရှောက်ကြပါစေကုန်သတည်း…….။
ကိုရဲ
၁၃၈၄ ခု ၊ သီတင်းကျွတ်လဆန်း (၁၃)ရက်
(7.10.2022)