ဆောင်းပါးများ
မဟာသုဗောဓာရုံကျောင်းတိုက်တည်ထောင် ညီနောင် ၆ ပါး
သာသနာတော်နှစ် ၂၅၀၂-ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၂၀-ပြည့်နှစ်၊ နယုန်လပြည့်နေ့ (၁၉၅၈-ခုနှစ်၊ ဇွန်လ ၁-ရက်) တွင် နောင်တော်နာယကကြီး အရှင်နာရဒ ဦးဆောင်မှုအောက်တွင် (၆) ပါး နောင်ညီ စုံစုံညီဖြင့် မဟာသုဗောဓာရုံကျောင်းတိုက်ကြီးကို တည်ထောင်ခဲ့ကြ၏။
ကျောင်းတိုက်ကြီးတည်ထောင်သည့်နှစ်တွင် နောင်တော် နာယကကြီးအောက် ပဉ္စမမြောက်သား အရှင်ဝိမလာဘိဝံသသည် ရဟန်း (၉) ဝါရခဲ့ပြီဖြစ်၏။ ညီတော် (၅) ပါးတွင် အကြီးဆုံးဖြစ်၏။ ထို့ကြောင့် ကျောင်းတိုက်၏ တိုက်အုပ်ဆရာတော်အဖြစ် တာဝန်ယူခဲ့ရ၏။
ဆရာတော် ဘဒ္ဒန္တဉာဏဗလသည် ဦးစံလှ+ဒေါ်ခင်တို့၏ ဆဌမမြောက်သား ရတနာဖြစ်၏။ အစ်မဖြစ်သူ ဒေါ်ကဉ္စနာကို ချန်လှပ်၍ သားရတနာချည်းပဲဟု ဆိုပါက ပဉ္စမမြောက်သားဖြစ်၏။ ငယ်အမည် မောင်ဉာဏ်ဖေဖြစ်၏။ နောင်တောင် နာယကကြီးထက် (၈) နှစ် ငယ်သော ညီတော်အရင်းဖြစ်၏။ နောင်တော်ကြီးများနည်းတူ ညောင်ပင်ရွာပေါ်တော်မူကျောင်းတိုက်၌ အခြေခံဗုဒ္ဓစာပေများ သင်ယူခဲ့ပြီး စစ်ကိုင်းဝိပဿနာချောင်၌ပင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေဖြစ်ခဲ့၏။
သားယောကျာ်းချည်းပဲရေတွက်ပါက ဆဌမမြောက်သားဖြစ်၏။ မိသားစုအနေဖြင့်မူ သတ္တမမြောက် မွေးချင်းဖြစ်၏။ နောင်တော်နယကကြီး၏ အောက် (၉) နှစ် ငယ်၏။
ရွှေကြက်ယက်ဆရာတော် အရှင်ဉာဏဗလနှင့် တစ်နှစ်ကြီး၊ တစ်နှစ်ငယ်ဖြစ်၍ တွဲဖက်ဖြစ်ခဲ့သည်။
ထို့ကြောင့် ညောင်ပင်ရွာ ပေါ်တော်မူ ကျောင်းတက်တော့လည်း အတူတူ၊ ရှင်သာမဏေဝတ်တော့လည်း အတူတူ လွတ်လပ်ရေးရပြီး ရဲဘော်ဖြူတွေ ခေတ်မှာ သေနတ်တွေကိုင်ပြီး ရွာလုံခြုံရေး လုပ်ကြတော့လည်း အတူတူဖြစ်ခဲ့၏။
ငယ်နာမည် မောင်ချစ်အေး၊ ပါမောက္ခချုပ်ဆရာတော်နှင့် (၂) နှစ်ကြီး၊ (၂) နှစ်ဝယ် နောင်တော်၊ ညီတော် ဖြစ်၏။ နောင်တော်နာယကကြီးအောက် (၁၃) နှစ် ငယ်၏။
နောင်တော် အရှင်ဉာဏဗလနှင့် အရှင်ဥတ္တရတို့က တစ်တွဲဖြစ်၍ အရှင်ဂန္ဒသာရနှင့် ပါမောက္ခချုပ်ဆရာတော်လောင်းလျာ အရှင်နန္ဒမာလာဘိဝံသတို့က တစ်တွဲဖြစ်၏။ ဆော့ဖော်ဆော့ဖက်၊ စာသင်ဖော် စာသင်ဖက်တွေဖြစ်၏။ ရှင်သာမဏေဝတ်တော့လည်း တူတူဖြစ်၏။ ရဟန်းဘဝကမူ သက်တော် (၂၀) ပြည့်မှ ဝတ်ရသည်မို့ တစ်နှစ်ခြား၍ ရဟန်းဖြစ်ခဲ့ခြင်းသာ ကွာခြားခဲ့၏။
နောင်တော်ရဟန်းများ လူ့ဘဝသို့ ကူးပြောင်းသူ ကူးပြောင်း၊ ပျံလွန်တော်မူသူ ပျံလွန်တော်မူနှင့် နောင်တော် (၄) ပါး လျော့သွားသောအခါ ပါမောက္ခချုပ်ဆရာလောင်းလျာ အရှင်နန္ဒမာလာဘိဝံသသည် နောင်တော်များ တာဝန်ထမ်းဆောင်ခဲ့သည့် တိုက်ကြပ် တိုက်အုပ်တာဝန်များကို တိုးမြှင့်ဆောင်ရွက်လာခဲ့၏။ နောင်တော်နာယကကြီးကတော့ မဟာသုဗောဓာရုံကျောင်းတိုက်ကြီး၏ တာဝန်ကို ဦးလည်မသုန် ထမ်းရွက်မြဲပင်။
အစ်ကိုတွေ မောင်တွေကြားက ရှားရှားပါးပါး သမီးရတနာ။ မွေးဖွားပုံကလည်း ထူးထူးခြားခြား။ ညောင်ပင်ရွာဘုရားပွဲ ကျင်းပနေချိန် မဲကျသံဃာကို အိမ်ရှေ့မှာ ဆွမ်းကပ်နေစဉ် အိမ်နောက်ခန်းမှာ ဖွားမြင်ခဲ့သူ။ (၁၄) နှစ်သမီး အရွယ်မှာ ပါရမီဓာတ်ခံက နှိုးဆော်၊ သဒ္ဓါတရားတွေနိုးကြား သီလရှင်ဘဝကို ကူးပြောင်းခဲ့သည်မှာ ယနေ့ထက်တိုင် ခိုင်ခိုင်မြဲမြဲ။ သီလရှင်ဝတ်ချိန်တွင် ပါမောက္ခချုပ် ဆရာတော် ဖြစ်လာမည့် မောင်ငယ်လေး မောင်ထွန်းတင်က (၂) နှစ်အရွယ်သာ ရှိသေး။ မောင်ငယ်လေးကို ပွေ့ချီချော့မြှူထိန်းကျောင်းနေရင်းက ပါရမီဓာတ်ခံ၏ တွန်းပို့မှုကြောင့် မောင်ငယ်လေးနှင့်တကွ မိဘနှစ်ပါးကို ကျောခိုင်းကာ မွေးရပ်ဇာတိ ညောင်ပင်ရွာမှ ထွက်ခွာ၍ စစ်ကိုင်းဝိပဿနာချောင်သို့ ရောက်ခဲ့ရ။ ကျေးဇူးတော်ရှင် စံကင်းဆရာတော်ကြီးနှင့်တကွ ဝိပဿနာချောင်ကျောင်းတိုက်ရှိ သံဃာ့ဝေယျာဝစ္စများကို လုံ့လစိုက်ထုတ် ဆောင်ရွက်နိုင်သူဖြစ်ခဲ့၏။
နာယကဆရာတော် ဦးနာရဒ
တိုက်အုပ်ဆရာတော်ဦးဝိမလ
ပထမတိုက်ကြပ်ဆရာတော်ဦးဉာဏဗလ
ဒုတိယတိုက်ကြပ်ဆရာတော်ဦးသီရိဥတ္တရ
စာချဆရာတော် ဦးဂန္ဓသာရ
စာချဆရာတော် ဦးနန္ဒမာလာ