ဆောင်းပါးများ
ပါမောက္ခချုပ်ဆရာတော်ကြီး၏ မြန်မာနိုင်ငံ ပရိယတ္တိ ပညာရေး သုံးသပ်ချက်စာတမ်း
🔹🔹⭐️⭐️🔹🔹
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ စေတနာသည် သာသနာ့ ဝန်ထမ်း ရှင်ရဟန်း တို့အား ဗုဒ္ဓဓမ္မ၌ ကွမ်းကျင်လိမ္မာစေချင်၏။ ပြီးမှသာ နိုင်ငံတကာ ဘာသာစကားများကို ကျွမ်းကျင်အောင် လေ့လာသင်ယူစေချင်၏။ ဗုဒ္ဓဓမ္မစာပေ နှင့် နိုင်ငံတကာ ဘာသာစကားတွေ ကျွမ်းကျင်ပြီးလျှင် မိမိနှင့် ဘာသာစကားမတူသော အခြားနိုင်ငံသားများအား မြတ်ဗုဒ္ဓ၏ မိန့်မှာချက်များအား ရှင်းလင်းအောင်ဟောပြောစေချင်သည်။
ပါမောက္ခချုပ်ဆရာတော်ကြီးပင်လျှင် ဤ လမ်းအတိုင်း လျှောက်ခဲ့ပါ၏။ ပိဋကတ်စာပေကို အဘိဝံသဘွဲ့၊ ပါဠိပါရဂူဘွဲ့ များရသည်အထိ လေ့လာသင်ယူခဲ့ပြီး သက်တော် (၂၇) နှစ်ကျော်မှ ချမ်းမြေ့ ဆရာတော်ဘုရားကြီးထံ မှ အင်္ဂလိပ်ဘာသာစကားစတင်သင်ယူခဲ့ခြင်းဖြစ်ပါသည်။
စနစ်တစ်ခုဆိုသည်မှာ ဟောင်းတိုင်းလည်း မကောင်းဟုမဆိုသာ၊ သစ်တိုင်းလည်းကောင်းလာမည်ဟုမဆိုနိုင်၊ မြန်မာနိုင်ငံ၏ ပရိယတ္တိ ပညာရေးစနစ်သည် ဆဋ္ဌသင်္ဂါယနာတင်နိုင်သည်အထိ စာတတ်ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့သည်ကို ပါမောက္ခချုပ် ဆရာတော်ကြီးထောက်ပြထားသည်မှာ ငြင်းပယ်၍ မရနိုင်သော အချက်ဖြစ်ပါ၏။
နောက်ဆုံးစနစ်ဟောင်း စနစ်သစ်ထက် ပုဂ္ဂိုလ်၏ လေ့လာအားထုတ်မှု အပေါ်တွင် မူတည်သည်ကို ရှင်းပြထားသည်မှာ ကောင်းမွန်လှပါ၏။ ဤသည်မှာ ပါမောက္ခချုပ်ဆရာတော်ကြီးသည် ကိုယ်တော်တိုင် ထမ်းဆောင်နေရသည့် သာသနာရေးဆိုင်ရာ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းဖြစ်သည်ဟု ဆိုထိုက်လှပါ၏ ဟု စာရေး ပူဇော်သူ ဆရာမြသန်းစံ ရေးသားပူဇော်သည့် “ပါမောက္ခချုပ်ဆရာတော် ၏ ဘဝခရီးနှင့်ဓမ္မဆီမီး” စာအုပ်တွင်ဖေါ်ပြထားရှိသည်။
🔹🔹⭐️⭐️🔹🔹
မြန်မာနိုင်ငံ၏ ပရိယတ္တိ ပညာရေးသုံးသပ်ချက်
ဗုဒ္ဓသာသနာသည် ဗုဒ္ဓမြတ်စွာလက်ထက်အခါကပင် မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့ဟန်ရှိသည်။ ပုဂံခေတ်သို့ ရောက်သောအခါမူ ဗုဒ္ဓသာသနာ၏ အရှိန်အဝါသည် လွန်စွာတောက်ထွန်းလာခဲ့၏။ ပုဂံဘုရင် အနော်ရထာသည် ပိဋကတ်စာပေများကို သီဟိုဠ်ကျွန်းမှလည်းကောင်း၊ သထုံပြည်မှလည်းကောင်း ရယူစုဆောင်းခဲ့သည်။ ပုဂံခေတ် မြန်မာသံဃာသည် ပိဋကတ်ကို အရေးတယူ သင်ယူလေ့လာခဲ့ကြ၏။ ပုဂံခေတ် မြန်မာသံဃာများ၏ ပရိယတ္တိပညာ အရည်အချင်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ ခဲ့သည်ဟု ဆိုနိုင်၏။
ပုဂံခေတ်၌ ပေါ်ထွက်ခဲ့သော သဒ္ဒနီတိ၊ သဒ္ဒတ္ထဘေဒစိန္တာ၊ သင်္ခေပဝဏ္ဏနာ စသော ပါဠိဘာသာဖြင့် ပြုစုရေးသားထားသော ကျမ်းစာများက ထိုခေတ်မြန်မာသံဃာ များ၏ ပရိယတ္တိ ပညာအရည်အချင်းကို ထုတ်ဖော်ပြသလျက် ရှိပေသည်။
မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာသည် ခေတ်အမျိုးမျိုးကို ဖြတ်ကျော်ရှင်သန်ခဲ့၏။ လင်းချီတစ်ချိန် မှိန်ချီတစ်လှည့် ရှိခဲ့ရ၏။ မြန်မာသံဃာများ၏ ပရိယတ္တိပညာအရည်အသွေးသည်လည်း ခေတ်အခြေအနေအလိုက် မြင့်တုံနိမ့်တုံ ရှိခဲ့သည်။ မြန်မာသက္ကရာဇ် တစ်ထောင်ပြည့်နှစ် သာလွန်မင်းလက်ထက်တွင် ပရိယတ္တိပညာရေးကို အားသစ်လောင်း သည့်အနေဖြင့် ပထမပြန် စာမေးပွဲကို စတင်ကျင်းပပေးခဲ့၏။ စာမေးပွဲအနေဖြင့် ပရိယတ္တိပညာကို ထိန်းပေးခဲ့သည်။ ပထမပြန်စာမေးပွဲသည် ကုန်းဘောင်ခေတ်၊ အထူးအားဖြင့် မန္တလေးရတနာပုံခေတ်တွင် အထွတ်အထိပ်သို့ရောက်သည်ဟု ဆိုနိုင်၏။ အချိန်အခါသည် ရပ်တည်၍ မနေ၊ အစဉ်ပြောင်းလဲနေ၏၊ ပြောင်းလဲသော်လည်း အဆင်တူ အသွင်တူသည့် ကာလအပိုင်းအခြား၊ အချိန်အပိုင်းအခြားတစ်ခုကို “ခေတ်” ဟု ခေါ်၏၊ ခေတ်ပြောင်းလျှင် ဆောင်ရွက်လုပ်ကိုင်ပုံ နည်းစနစ်ပါ ပြောင်းသွားတတ်၏။ မြန်မာနိုင်ငံ ပရိယတ္တိပညာရေးသည်လည်း ခေတ်ပြောင်း၊ စနစ်ပြောင်းနှင့် များစွာ ကြုံတွေ့ခဲ့ရ၏။ ကြုံတွေ့ရဆဲလည်းဖြစ်၏၊ ကြုံတွေ့ရလိမ့်မည်လည်း ဖြစ်သည်။
ကိုလိုနီခေတ်၌ စာသင်နည်း စနစ်နှစ်မျိုးက ပရိယတ္တိပညာအရည်အသွေးကို ဆက်လက် ရှင်သန်စေခဲ့၏၊ စာသင်နည်းစနစ် နှစ်မျိုးမှာ မန္တလေးစာသင်နည်းနှင့် ပခုက္ကူစာသင်နည်းတို့ ဖြစ်၏။
မန္တလေးစာသင်နည်းမှာ ပုဒ်တစ်ပုဒ်၊ ဝါကျတစ်ဝါကျကို ရှုထောင့်စုံမှ လေ့လာ သင်ပြသောနည်း ဖြစ်သည်။ သမ္ဗန္ဓ၊ ပဒ၊ ပဒတ္တ၊ ပဒဝိဂ္ဂဟ၊ စောဒနာ၊ ပရိဟာရ ဟူ သည့် သံဝဏ္ဏနာ (၆)ပါး နည်းစနစ်ကို အခြေခံထားသည်၊ ပင်းယခေတ် စစ်ကိုင်း တောင်ရိုး ရေငုံချောင်ဆရာတော်က ပင်းယရဟန်းတော် အရှင်အရိယဝံသအား အဘိဓမ္မတ္ထဝိဘာဝိနီဋီကာကျမ်းကို ပို့ချပေးရာ၌ အသုံးပြုသော နည်းစနစ် ဖြစ်သည်။ ဝိသုဒ္ဓါရုံဆရာတော်၏ ‘သံဝဏ္ဏနာဆက္ကကျမ်း’ နှင့် ရှေးဆရာတော်ကြီးများ၏ ‘သဗ္ဗာသဝသုတ် စုဒ်စောဒနာ’စသော ကျမ်းတို့သည် မန္တလေးစာသင်နည်း ကို မှတ်တမ်း တင်ထားသောကျမ်းများ ဖြစ်သည်၊ မန္တလေး စာသင်နည်း၌ သဒ္ဒါကျမ်းရှုထောင့်မှ သာမက အဘိဓမ္မာရှုထောင့်မှလည်း လေ့လာသင်ယူရ၏။ ပုဒ်တစ်ပုဒ်ကို အဘိဓမ္မာရှုထောင့်မှ သုံးသပ်နည်းကို ‘ဉာသ်ကောက်’ ဟု ခေါ်တွင်၏၊ နျာသခေါ် ဉာသ်ကျမ်းက ပဏာမ ဂါထာကို အဘိဓမ္မာရှုထောင့်မှ တရားကိုယ် ကောက်ယူသုံးသပ်ပြသည်ကို အစွဲပြု၍ ‘ဉာသ်ကောက်’ ဟု ခေါ်ကြခြင်းဖြစ်သည်။ အချုပ်အားဖြင့် မန္တလေးမြို့၊ ပရိယတ္တိ သာသနဟိတအသင်းက ကျင်းပသော သကျသီဟစာသင်တန်း၊ စာချတန်း ပြဋ္ဌာန်းချက်များသည် မန္တလေးစာသင်နည်းကို အခြေခံထားခြင်း ဖြစ်သည်။
မြန်မာလွတ်လပ်ရေးခေတ် အစိုးရဓမ္မာစရိယတန်း ပြဋ္ဌာန်းချက်များသည် မန္တလေး သကျသီဟ စာချတန်းကို စံနမူ ယူထားသော ပြဋ္ဌာန်းချက်များ ဖြစ်သည်။ မန္တလေး စာသင်နည်း စနစ်အတိုင်း လေ့လာသင်ယူ တတ်မြောက်ကြသော ရဟန်းတော်များ၏ ပရိယတ္တိပညာသည် မြင့်မား၏၊ ပါဌ်မှား ပါဌ်မှန် ခွဲခြားဝေဖန်နိုင်၏၊ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများကို သုတ်သင်ပြင်ဆင်နိုင်၏။ ကျမ်းတစ်ကျမ်းနှင့် တစ်ကျမ်း အဆိုအမိန့် မတူရာ၌ ကျမ်းချင်းညှိကာ ဝိနိစ္ဆယချနိုင်၏။ သာသနာ (၂၅ဝဝ) ပြည့် ဆဋ္ဌသင်္ဂါယနာပွဲ ကြီးကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ကြ၏။
ပခုက္ကူစာသင်နည်းမှာ ကျမ်းကြီးဖောက်စာသင်နည်း ဖြစ်၏၊ ပါဠိတော်ကို အဋ္ဌကထာဖွင့်ကြည့်၍ လည်းကောင်း၊ အဋ္ဌကထာကို ဋီကာဖွင့်ကြည့်၍ လည်းကောင်း အနက်ဆိုရသည့်အပြင် “ပါဌ်ရ နက်ထင် အချက်မြင်” အောင် လေ့လာသင်ယူရသော နည်းစနစ် ဖြစ်သည်။ သံဝဏ္ဏနာ ၆-ပါးအတွင်း သွင်းထားရုံမျှမက ကျမ်းစုံသိသဖြင့် ကျမ်းညှိရာ၌ များစွာအထောက်အကူပြုသော နည်းစနစ်ဟု ဆိုနိုင်၏။ မန္တလေး စာသင်နည်းအတိုင်း သင်ယူထားသော ရဟန်းတော်များသည် ပခုက္ကူသွားမှ ပညာစုံ သည်ဟု ယုံကြည်ခဲ့ကြ၏။
မန္တလေးစာသင်နည်း၊ ပခုက္ကူစာသင်နည်း နှစ်မျိုးလုံး ပေါင်းစပ်ထားခြင်းက မြန်မာနိုင်ငံ၏ ပရိယတ္တိပညာအရည်အချင်းကို အမြင့်ဆုံးအဆင့်သို့ ပို့ပေးလျက်ရှိ၏။ ယနေ့ခေတ် ပထမပြန်, ဓမ္မာစရိယ စာမေးပွဲများသည် မန္တလေး စာသင်နည်းစနစ်ကို ကျင့်သုံးလျက်ရှိပြီး နိကာယ်စာမေးပွဲ, တိပိဋကရွေးချယ်စာမေးပွဲများသည် ပခုက္ကူစာသင် နည်းစနစ်ကို ရှင်သန်စေခြင်း ဖြစ်၏။ မန္တလေးသကျသီဟသာမဏေ စာလျှောက်မေးခန်း စာမေးပွဲ၊ အလားတူ သာမဏေကျော်စာမေးပွဲများ သည် မန္တလေးစာသင်နည်း၊ ပခုက္ကူ၊ စာသင်နည်း (၂)မျိုးလုံးကို ပေါင်းစပ်ထားသော စာမေးပွဲများ ဖြစ်သည်။
မြန်မာနိုင်ငံ၌ စာသင်နည်း (၂ )မျိုးကို အခြေပြုထားသော စာမေးပွဲများ ရှိနေခြင်းကြောင့် ပရိယတ္တိစာသင်တိုက်များ၊ စာချပုဂ္ဂိုလ်များ၊ စာသင်သားများ ယနေ့အထိ တိုးပွား ရှင်သန်နေဆဲ ဖြစ်သည်။ အခြားထေရဝါဒနိုင်ငံများ၏ ပရိယတ္တိ ပညာအရည်အချင်းထက် မြန်မာနိုင်ငံ၏ ပရိယတ္တိအရည်အချင်းက များစွာ မြင့်မား၏။
ပညာရေးသုံးသပ်ချက်
“မြန်မာနိုင်ငံ၏ ပရိယတ္တိပညာရေးစနစ်ကို လက်ရှိအတိုင်း ဆက်လက် ကျင့်သုံး သင့်/မသင့်” ဤမေးခွန်းမှာ အဖြေအမျိုးမျိုး ထွက်စရာရှိသည်။ မြန်မာနိုင်ငံ၏ ပရိယတ္တိ ပညာရေးစနစ်ဟူရာ၌ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲ နည်းစနစ်ကိုသာ အဓိက ရည်ညွှန်းပြောဆိုကြခြင်း ဖြစ်သည်။
ခေတ်အမြင်ရှိသူတို့က ပထမပြန်စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာများနှင့် သင်ရိုး ညွှန်းတမ်းများကို ခေတ်မီအောင် ပြင်ဆင်ခဲ့ကြ၏။ ယခင်က သီးသန့်မပါသော မြန်မာစာ ဘာသာရပ်ကို ထည့်သွင်းခဲ့ကြ၏။ သို့ရာတွင် ထိုစနစ်သစ်သည် အကြောင်းအမျိုးမျိုး ကြောင့် ကြာရှည်စွာ မတည်ဘဲ စနစ်ဟောင်းဆီသို့ ပြန်လည်ဦးတည်သွား၏။ လမ်းဖုံ နေပြီဖြစ်သော စနစ်ဟောင်းလမ်းကြောင်း အတိုင်းသာ စာသင်သားတို့ ပြန်လည် လျှောက်လှမ်းကြ၏။
အချို့က လက်ရှိကျင့်သုံးနေသည့် ပရိယတ္တိပညာရေးစနစ်ကို ပြင်သင့်သည်ဟု အဆိုပြုကြ၏။ လက်ရှိစနစ်ဖြင့် သွားလျှင် စာမတတ်ဟု အကြောင်းပြကြ၏။ လက်ရှိ ပညာရေးစနစ်ကို ပြင်သင့်သည်ဟု ဆိုခြင်းမှာ မှန်ပါ၏။ သို့ရာတွင် လက်ရှိစနစ်ကြောင့် စာမတတ်ဟု ဆိုခြင်းကား မမှန်ပါ။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်တွင် ကျင့်သုံးခဲ့သော ပရိယတ္တိပညာရေး စနစ်ဖြင့် စာတတ်ပုဂ္ဂိုလ် အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ဆဋ္ဌသင်္ဂါယနာကို ထိုပုဂ္ဂိုလ်များက ကြီးကြပ်ဦးဆောင်နိုင်ခဲ့ကြ၏။ စာသင်တိုက်ကြီး များစွာကို တည်ထောင်ကာ စာပေပို့ချကာ ပရိယတ္တိပညာကို ယနေ့တိုင် ထွန်းပြောင် စေခဲ့ကြ၏။ အိန္ဒိယ၊ သီဟိုဠ် ထိုထိုတက္ကသိုလ်ကြီးများမှ ပါမောက္ခဆရာကြီးများက စနစ်ကောင်းဖြင့် ဓမ္မာစရိယအောင်ပြီး ရဟန်းတော်များကို လေးစားကြ သည်ကို ကိုယ်တိုင်ပင် ကြုံတွေ့ရဖူး၏။ မြန်မာရဟန်းတော်များကို ပါဠိတတ်သည်၊ အဘိဓမ္မာ ကျွမ်းကျင်သည်၊ ကမ္မဋ္ဌာန်းတရား ဟောကြားတတ်သည်ဟု ယုံကြည်လေးစားကြ၏။ ၂၀၀၄-ခုနှစ်၊ ဒီဇင်ဘာလက ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးသို့ တက်ရောက်ခဲ့သူ အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ် ဗုဒ္ဓဘာသာ လေ့လာရေးဌာန ပါမောက္ခဌာနမှူးက ဓမ္မာစရိယအရည် အချင်းဟာ သူ့အရည်အချင်းထက် သာကြောင်း ဖွင့်ဟပြောဆိုခဲ့ဖူး၏။
လက်ရှိစနစ်ဟောင်းဖြင့် စာမတတ်သူ အရည်အချင်းမရှိသူများ ရှိ၏။ ထိုသို့ ဖြစ်ခြင်းမှာ စနစ်၏ အပြစ်မဟုတ်၊ ပုဂ္ဂိုလ်၏ အပြစ်သာ ဖြစ်၏။ ပုဂ္ဂိုလ်က မကြိုးစား လျှင် စနစ်မည်မျှ ကောင်းကောင်း စာတတ်မည် မဟုတ်၊ စနစ်မကောင်းသဖြင့် စာမတတ် ဟု ဆိုလျှင် ထိုတစ်ခေတ်လုံး ထိုစနစ်သုံး ပုဂ္ဂိုလ်မှန်သမျှ အရည်အချင်း ရှိကြမည် မဟုတ်။
ပထမပြန် စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာ
ပထမပြန်စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာများမှာ ပိဋကတ် အခြေခံအတွက် သင့်လျော်ပါသည်။ သင်ရိုးညွှန်းတမ်းကိုမူ ပြင်သင့်သည်။ အထူးသဖြင့် ကစ္စည်းသဒ္ဒါဘာသာရပ် အတွက် ပြောရလျှင် သုတ်ပြီး ရုပ်ပြီးကိုသာ ဦးစားပေးသင့်၏။ ပါဠိဘာသာ ကျွမ်းကျင်ရေးကိုသာ ရှေးရှုသင့်၏။ အဘယ့်ကြောင့် ကွစိသဒ္ဒါ, ဝါသဒ္ဒါ ဆိုရသနည်း။ သုတ်၌ ပါသည့် အဘယ်ပုဒ်သည် အဘယ်အကျိုး ရှိသနည်း စသည်ဖြင့် သဒ္ဒါကျမ်းရင်းကို စေ့ငုသေချာ လေ့လာနေခြင်းမှာ ပါဠိဘာသာ တတ်မြောက်ရေးအတွက် အထောက်အကူ မဖြစ်ရုံမျှမက အဖိုးတန်အချိန်များကို အလဟဿ ကုန်ဆုံးစေ၏။ ရုပ်တွက်ရာ၌ မူလပုဒ်မှ မည်သည့်သုတ် (ဥပဒေ)အရ ပြောင်းလဲလာပုံ သိသာရုံမျှ တွက်သင့်၏။ မလိုအပ်သည့်သုတ် (ဥပဒေ)အချို့ကို ထောက်ပြစရာ မလိုပါ၊ ကစ္စည်းသဒ္ဒါကြီး သုတ်စဉ်နှင့် သုတ်နက်ကိုသာ အာဂုံကျက်စေသင့်၏။ သုတ်၏ အဓိပ္ပာယ်ကို ကျေညက်အောင် နားလည်အောင် လေ့လာသင့်၏။ ဝုတ္တိနှင့် ပြယုဂ်များကိုမူ ကြည့်စာအဖြစ် ထားသင့်၏။ သုတ်နှင့်ဆိုင်ရာ ပြယုဂ်များကို ကစ္စည်း ဝုတ္တိ၊ ရူပသိဒ္ဓိနှင့် ပါဠိ အဋ္ဌကထာ ဋီကာတို့မှ ထုတ်နုတ် သင်ကြားပေးသင့်၏။ နာမ်ဂိုဏ်း အာချာတ်ဂိုဏ်း ကျေညက်အောင် ကျက်စေ သင့်၏။ ပါဠိ အဋ္ဌကထာ ဋီကာတို့ ပုဒ်အချို့က ဂိုဏ်းစဉ်တတ်အောင်၊ လိင်၊ ဂိုဏ်း၊ ကာရန်ကွဲအောင်၊ ဓာတ်ပစ္စည်း ခွဲတတ်အောင် သင်ယူစေသင့်၏၊ သန္ဓိရုပ်နှင့် နာမ်ရုပ် ကိတ်ရုပ်တို့ကို အဓိကထား ရုပ်တွက်စေရမည်။ ကာရက ရုပ်တွက်ရန် မလို၊ ပါဠိ စီကုံးနည်းကို ကာရကပိုင်းဖြင့် လေ့ကျင့်ပေးသင့်၏။ ပုဒ် (၂ )ပုဒ် တွဲစပ်ပုံကို သမာသ် ပိုင်းဖြင့် ရှင်းပြသင့်သည်၊ ပုဒ်နှင့်ပစ္စည်း တွဲစပ်၍ ပါဠိစကားလုံးသစ် ဖြစ်ပေါ်လာပုံကို တဒ္ဓိတ်ပိုင်းဖြင့် ရှင်းပြသင့်သည်။
ပါဠိဝေါဟာရအတွက် အသုံးမဝင်သော သဒ္ဒါကျမ်းက အဓိပ္ပာယ်အချို့ကို လုံးဝ မေးခွန်း မထုတ်သင့်ပါ။ ဥပမာ-အဘယ်ကြောင့် အဘယ်သုတ်ကို ထပ်ဆိုရပါသနည်း စသော မေးခွန်းမျိုးတည်း။ ဤသည်မှာ နမူနာမျှသာ တင်ပြခြင်း ဖြစ်ပါသည်။ အချုပ်အားဖြင့် သဒ္ဒါကျမ်းကို သင်ယူခြင်းမှာ သဒ္ဒါကျမ်းကို နားရည်လည်ရန်အတွက်မဟုတ်၊ ပါဠိ အဋ္ဌကထာ ဋီကာတို့ကို နားရည်လည်ရန်သာ ဖြစ်ရပါမည်။
ဝိနည်းဘာသာရပ်။ ။ပါဠိအာဂုံ၊အနက်၊အဓိပ္ပာယ် လက်ရှိအတိုင်း သင်ယူ၍ ကင်္ခါအဋ္ဌကထာက အဓိပ္ပာယ်များလည်း လေ့လာစေသင့်၏။ အထူးအားဖြင့် လက်တွေ့ကျင့်သုံးမှု အပေါ် ဦးစားပေး မေးခွန်းထုတ်သင့်၏။
အဘိဓမ္မာဘာသာရပ်။ ။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ပါဠိအာဂုံနှင့် အနက်အဓိပ္ပာယ် လက်ရှိအတိုင်း သင်ယူ၍ ဋီကာကျော် အဖွင့်များကို လေ့လာစေသင့်၏။ အထူးအားဖြင့် သရုပ်ထက် သဘာဝ အဓိပ္ပာယ်ကို ဦးစားပေး မေးခွန်းထုတ်သင့်၏။
ညဝါဘာသာရပ်။ ။ အရကောက် သဘောအဓိပ္ပာယ်ကို လက်ရှိအတိုင်း လေ့လာသင်ယူ၍ အဘိဓမ္မာကျမ်းကြီးများနှင့် ဆက်စပ်မိအောင် ရှင်းပြသင်ယူစေသင့်၏။
အဘိဓာန်။ ။အပိုင်းလိုက် သတ်မှတ်ပြဋ္ဌာန်းသင့်၏၊ ပါဠိဝေါဟာရ ကြွယ်ဝမှု အထွေထွေဗဟုသုတ ဥပမာ-ဝီရိယ အင်္ဂါ၄-ခု၊ မင်းမြှောက်တန်ဆာငါးပါးစသည့် အချက်များကို ဦးစားပေး သင်ယူစေသင့်၏။
အလင်္ကာ။ ။ကျက်သင့်သော ပါဠိအာဂုံကို ကျက်စေ၍ ကျမ်းရင်း ဆိုလိုချက်များကို သိရှိနားလည်စေပြီး လက်တွေ့ အသုံးချတတ်အောင် ဦးတည်သင်ကြား စေသင့်၏။
ဆန်း။ ။ကျမ်းရင်းကို နားလည်အောင် သင်ယူစေပြီး လက်တွေ့ဂါထာ စီကုံးနိုင်အောင် ဦးတည် သင်ယူစေသင့်၏။
ဘာသာပြန်။ ။ ပါဠိကို မြန်မာဘာသာ ပြန်ဆိုရာ၌ တိုက်ရိုက်ပြန်နည်း၊အကျဉ်းချုံးပြန်နည်း နှစ်မျိုးလုံး သင်ကြားပေးသင့်၏။ မြန်မာကို ပါဠိပြန်ဆိုရာ၌ ကျမ်း ရင်းမှ မထုတ်ယူဘဲ မြန်မာစာအုပ်များမှ ဝါကျတိုများကိုသာ ပါဠိလို ပြန်ဆိုစေသင့်၏။
အင်္ဂလိပ်ဘာသာ ။ ။ အင်္ဂလိပ်စာ ဘာသာရပ်ကို ပထမပြန် စာမေးပွဲများ၌ဘာသာရပ်တစ်ခုအဖြစ် မပြဋ္ဌာန်းသင့်ပါ။ နွေရာသီ စာဝါမရှိသည့် အချိန်များ၌ ရက်တိုသင်တန်းများ ဖွင့်၍ သင်ယူလေ့လာ စေသင့်၏။
ပထမပြန် စာမေးပွဲများ၌ ပိဋကတ်အခြေခံကျမ်းစာများကိုသာ ပြဋ္ဌာန်းသတ်မှတ်ကာ လေ့လာ သင်ယူစေသင့်၏။ ပိဋကတ်ပညာ ရရှိရေးသာ အဓိကဖြစ်၏။ ပိဋကတ်ပညာ မတတ်လျှင် အင်္ဂလိပ်စာတတ်သော်လည်း သာသနာပြုကိစ္စများ၌ အသုံးဝင်လှမည် မဟုတ်။ အင်္ဂလိပ်စာကို အပိုဘာသာအဖြစ်သာ သင်ယူစေသင့်၏။ ပိဋကတ်ကို သာသနာ့ဝန်ထမ်း ရှင်ရဟန်းတိုင်း တတ်သိနားလည်အောင် လေ့လာသင့်သော်လည်း အင်္ဂလိပ်စာကိုမူ နိုင်ငံခြားသာသနာပြုလိုသူ ပုဂ္ဂိုလ်များအတွက်သာ လိုအပ်သည်။ အမှန်မှာ အင်္ဂလိပ်စာသာမဟုတ်၊ ဘာသာမျိုးစုံတတ်လျှင် နိုင်ငံခြားတိုင်းပြည်များ၌ သာသနာပြုရန် အလွန်ထိရောက်ပါသည်။ ဗုဒ္ဓဓမ္မကို ဘာသာမျိုးစုံဖြင့် ဟောကြား ဖြန့်ဖြူးနိုင်ပါမည်။
အချုပ်အားဖြင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများအနေဖြင့် ဗုဒ္ဓဓမ္မ၌ ကျွမ်းကျင်လိမ္မာအောင် အချိန်ယူ၍ သင်သင့်၏။ မိမိတတ်သိပြီး ဗုဒ္ဓဓမ္မကို မိမိနှင့်ဘာသာစကား မတူသူများအား ရှင်းလင်း ဟောကြားနိုင်ရန် အင်္ဂလိပ်ဘာသာဖြစ်စေ၊ အခြားဘာသာ စကားဖြစ်စေ သင်ယူသင့်၏။
ကမ္ဘာအနှံ့ သာသနာပြန့်အောင် ဆောင်ရွက်နိုင်ကြပါစေ။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ